မျက်စိအသားတက်ခြင်းဆိုသည်မှာ နှာတံနှင့် အနီးကပ်ရှိသည့် မျက်စိထောင့်စွန်း အပိုင်းဘက်မှစပြီး မျက်ကြည်လွှာ ရှိရာဘက်သို့ အသားမျှင်ကလေးများ တဖြည်းဖြည်း ထိုးထွက်လာခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ မျက်စိအသားတက်ခြင်း ပြဿနာသည် မြန်မာနိုင်ငံကဲ့သို့ အီကွေတာနှင့် နီးသော သမပိုင်းနှင့် အပူပိုင်း နိုင်ငံများတွင် အများဆုံး ဖြစ်ပွားလေ့ရှိသည့် မျက်စိနှင့်ဆိုင်သော ရောဂါတမျိုးဖြစ်ပြီး အချိန်မီ ကုသမှုမခံယူလျှင် ကြည့်ရအလွန်ဆိုးကာ မျက်စိအတွင်း တခုခုဝင်နေသကဲ့သို့ ခံစားရခြင်းမှ မျက်စိအမြင် ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သော မပေါ့ဆသင့်သည့် ပြဿနာတရပ်လည်း ဖြစ်သည်။
သာမန်အားဖြင့် အသက်အရွယ် ငယ်ရွယ်သူများတွင် ဖြစ်ပွားလေ့ မရှိတတ်ပဲ သတ်လတ်ပိုင်းအရွယ် အထူးသဖြင့် အသက် ၄၀ ကျော်မှစ၍ အသက်ကြီးပိုင်းများအထိ ဖြစ်ပွားခံစားရနိုင်သည့် ကျန်းမာရေးပြဿနာတရပ်ဖြစ်ပြီး မြို့ပြများထက် ကျေးလက်နေ ပြည်သူများတွင် အများဆုံး တွေ့ရလေ့ရှိသည်။ အထူးသဖြင့် အမိုးအကာမရှိသည့် နေရာများတွင် အလုပ်လုပ်တတ်ကြသည့် သူများတွင် ပိုမိုဖြစ်ပွားနိုင်သည့် မျက်စိရောဂါ တမျိုးဖြစ်ပြီး ကြိုတင်ကာကွယ်ထားနိုင်သည့် မျက်စိရောဂါတမျိုးလည်း ဖြစ်သည်။
မျက်စိအသားတက်ခြင်း၏ လက္ခဏာများ
အစပိုင်းတွင် သာမန်မျက်စိနာခြင်း၏ လက္ခဏာဖြစ်သည့် မျက်လုံးထောင့်စွန်း သွေးကြောမျှင်ကလေးများ ရဲနေခြင်းမျိုးကိုသာ သတိထားမိနိုင်ပြီး နောက်ပိုင်းတွင် အဆိုပါရောင်နေသည့် နေရာများတွင် တဖြည်းဖြည်း ဖောင်းလာချိန်မှသာ မျက်သား တက်နေကြောင်း သိရှိတတ်ကြသည်။
မျက်သားတက်သူများတွင် အများဆုံး ခံစားရ လေ့ရှိသည့် လက္ခဏာများမှာ –
– မျက်လုံး ထောင့်စွန်းများတွင် ရဲနေတတ်ခြင်း
– ဖုန်သဲ ဝင်ခြင်းမရှိပဲ မျက်ရည်များ ကျနေတတ်ခြင်း၊
– မျက်စိပူခြင်း၊ ယားယံခြင်းနှင့် မျက်သားခြောက်သွေ့ခြင်း
– မျက်စိအတွင်း ပြင်ပအရာဝတ္ထု တခုခုဝင်နေသကဲ့သို့ ခံစားရတတ်ခြင်း
– အချို့သူများတွင် မျက်သားများ ရဲမနေသော်လည်း အသားနုကဲ့သို့ တက်နေသည်ကို မြင်ရတတ်ခြင်း
– အသားနုများ မျက်ကြည်လွှာပေါ် ဖုံးလွှမ်းလာက အမြင်အာရုံ မှုန်ဝါးလာခြင်း
– အချိန်ကြာလာသည်နှင့်အမျှ ဖြစ်သောဘက်မှ မျက်စိစောင်းလာခြင်းနှင့် မျက်ကြည် လွှာကို လုံးဝ ဖုံးသွားသဖြင့် အမြင်အာရုံ ဆုံးရှုံးခြင်း စသည်ဖြင့် ရောဂါအခြေအနေကို လိုက်၍ အနည်းငယ်မှ အမြင်အာရုံထိခိုက်သည် အထိ ခံစားရနိုင်သည်။
မျက်သားတက်ခြင်းကို ဖြစ်ပွားစေသည့် အကြောင်းအရင်းများ
အအေးပိုင်း ဒေသများတွင် နေထိုင်ကြသူများထက် ပူပြင်းခြောက်သွေ့သော ဒေသများဖြစ်သည့် အထက်အညာဒေသ မြေပြန့်လွင်ပြင်များတွင် နေထိုင်ကြသူများ အများဆုံး ဖြစ်ပွားခံစားရသည့် ကျန်းမာရေးပြဿနာတရပ်ဖြစ်သည်။
အထူးသဖြင့်
– ရာသီဥတု ပူပြင်းချိန်တွင် လေပူများ တိုက်ခတ်သောကြောင့် မျက်ကြည်လွှာ ခြောက်သွေ့ခြင်း၊
– မျက်စိအတွင်း ဖုန်/သဲများ မကြာခဏဝင်ခြင်း၊
– မျက်စိကို လက်ဖြင့် မကြာခဏ ပွတ်နေသဖြင့် မျက်ကြည်လွှာရောင်ရမ်းခြင်းနှင့်
– နေရောင်ခြည်တွင် အများဆုံး ပါဝင်သည့် ခရမ်းလွန်ရောင်ခြည်ဖြင့် အချိန်ကြာမြင့်စွာ ထိတွေ့ခြင်းများကြောင့် မျက်သားရောင်ရမ်းခြင်းနှင့် နောက်ဆက်တွဲဖြစ်သည့် မျက်စိ အသားတက်ခြင်းကို ဖြစ်ပွားစေနိုင်ရုံသာမက ရောဂါခံစား နေရသူများတွင်လည်း အထက်ဖော်ပြပါ အကြောင်းအရာများကြောင့် ခံစားနေရသည့် လက္ခဏာများပို၍ ဆိုးလာစေနိုင်သည်။
မျက်သားတက်ခြင်းပြဿနာ ခံစားနေရလျှင်
မျက်သားတက်ခြင်းဝေဒနာ ခံစားနေရသူများနှင့် ကြိုတင်ကာကွယ်လိုသူများ အနေနှင့် မျက်စိအတွင်းသို့ ဖုန်သဲများမဝင်စေရန် ခရမ်းလွန်ရောင်ခြည်ဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် အမိုးအကာ၏ အပြင်ဘက်သို့ထွက်သည့် အချိန်တိုင်း ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးနိုင်သည့် နေကာမျက်မှန်များတပ်ခြင်း၊ UV ကာကွယ် ပေးနိုင်သည့် ထီးများ၊ ဦးထုပ်များ ဆောင်းပေးခြင်းများ ပြုလုပ်ပေးသင့်သည်။
ထို့ပြင် မျက်သား ခြောက်သွေ့ခြင်းနှင့် မျက်စိယားယံခြင်းကြောင့် မျက်စိကို လက်ဖြင့် ပွတ်ခြင်းမျိုးကို ဂရုပြု၍ ရှောင်ကျဉ်ရန်လိုအပ်ပြီး ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူ၍ရသော မျက်သားကို စိုစွတ်စေသည့် မျက်စဉ်းများ အသုံးပြုပေးနိုင်သည်။ ဖုန်သဲများဝင်ပါကလည်း မျက်စိကိုရေသန့်သန့်ဖြင့် ဆေးပေးသည့်အကျင့် မွေးမြူ ထားရန်လိုသည်။
ရောဂါဖြစ်စ လူနာများနှင့် ပြင်းထန်ခြင်း မရှိသည့် ရောဂါလက္ခဏာများကိုသာ ခံစားနေရသူများအနေနှင့် အထက်ဖော်ပြပါ အကြံပြုချက်များ လိုက်နာပေးခြင်းဖြင့် ရောဂါလက္ခဏာများ သက်သာစေနိုင်ပြီး အချို့သော ရောဂါစဖြစ်စ အခြေအနေများတွင် လုံးဝပျောက်ကင်းသွားနိုင်သည်။
သို့ရာတွင်လည်း ခံစားနေရသည့် လက္ခဏာများ တနေ့ထက်တနေ့ ပို၍ဆိုးလာ သူများအနေနှင့် နီးစပ်ရာ မျက်စိဆရာဝန်နှင့် တိုင်ပင်ပြီး ရောဂါအခြေအနေအရ သိပ်မဆိုးသေးလျှင် ရောင်ရမ်းခြင်းကို သက်သာစေသည့် မျက်စဉ်းဆေးများ ခပ်ပေး ခြင်းနှင့် လိုအပ်သော သောက်ဆေးများ သုံးစွဲပေးရမည်ဖြစ်သည်။ မျက်သားတက် ခြင်းကြောင့် အလွန်ကြည့်ရဆိုးနေသူများ၊ သောက်ဆေး/မျက်စဉ်းဆေးများဖြင့် မသက်သာ သူများနှင့် အမြန်ဆုံး သက်သာပျောက်ကင်းလိုသူများ အနေနှင့် မျက်စိ ဆရာဝန်နှင့် တိုင်ပင်ပြသပြီး ခွဲစိတ်ဖယ်ရှားပစ်ခြင်းကို ပြုလုပ်ပေးနိုင်သည်။
သို့ရာတွင် မျက်စိခွဲစိတ်ပြီး လူနာများအနေနှင့် ရောဂါဖြစ်ပွားစေသည့် အဓိက အကြောင်းအရင်းများကို ဂရုပြုဆင်ခြင်ခြင်း မပြုကြလျှင် ခွဲပြီး နောက်ပိုင်းတွင်လည်း မကြာခဏ ပြန်၍ ဖြစ်တတ်သဖြင့် ဖြစ်ပွားစေသော အကြောင်းအရင်းများကို လူတိုင်း သိရှိထားကြသင့်ပြီး စတင်ဖြစ်ပွားလာခဲ့လျှင်လည်း အထက်ဖော်ပြပါ ကျန်းမာရေး အကြံပြုချက်များကို အထူးဂရုပြုလိုက်နာကြမှသာ အမြန်ဆုံး သက်သာပျောက်ကင်း နိုင်ကြမည်ဖြစ်ကြောင်း အကြံပြု ပြောကြားလိုပါသည်။
မျက်သားတက်ခြင်းနှင့် မျက်စိနှင့်ပတ်သတ်သည့် ဝေဒနာများ ကင်းဝေးကြပါစေ။
Dr. Tint Tal