ကျွန်တော်တို့ ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ သွေးကြောတွေအားလုံးဟာ သွေးလွှတ်ကြောမကြီးကနေ တဆင့်တဆင့်ခွဲဖြာထွက်လာတာ ဖြစ်ပါတယ်။ သွေးလွှတ်ကြောမကြီးကို ဆေးပညာအရ Aorta လို့ခေါ်ပါတယ်။
သူက နှလုံးဘယ်ဘက်ခြမ်းမှာရှိတဲ့ သွေးလွှတ်ခန်း (left Ventricle) ကနေ ထွက်လာပြီး ရင်ဘတ်ပိုင်းကနေ အောက်ဝမ်းဗိုက်ပိုင်းနေရာထိ ဆင်းလာပါတယ်။
သွေးလွှတ်ကြောမကြီးဖောင်းပွခြင်းဟာ သွေးလွှတ်ကြောမကြီးရှိရာတလျှောက် ရင်ဘတ်ပိုင်း မှာလည်း ဖြစ်နိုင်သလို ဝမ်းဗိုက်ပိုင်းမှာလည်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ရင်ဘတ်ပိုင်းနဲ့ဝမ်းဗိုက်ပိုင်းကြားနေရာမှာလည်း ဖြစ်နိုင်ပါတယ်။
ရင်ဘတ်ပိုင်းမှာဖြစ်တာကို thoracic aortic aneurysm လို့ခေါ်ပြီး ဝမ်းဗိုက်ပိုင်းမှာဖြစ်တာကိုတော့ abdominal aortic aneurysm လို့ခေါ်ပါတယ်။ ရင်ဘတ်ပိုင်းနဲ့ ဝမ်းဗိုက်ပိုင်းကြားနေရာမှာဖြစ်တာကိုတော့ thoracoabdominal aneurysm လို့ခေါ်ပါတယ်။
တချို့သူတွေမှာဆိုရင် ရင်ဘတ်ပိုင်းမှာရော ဝမ်းဗိုက်ပိုင်းမှာရော နှစ်နေရာလုံးဖြစ်တာမျိုးလည်းရှိပါတယ်။ သွေးလွှတ်ကြောမကြီးဖောင်းပွခြင်းဟာ အသက်အန္တရာယ်ရှိတဲ့အခြေအနေတခုဖြစ်ပါတယ်။ ဘာလို့ိလဲဆိုတော့ ဖောင်းပွလာတဲ့အရွယ်ပမာဏတိုးလာတဲ့အခါ သွေးလွှတ်ကြောမကြီးနံရံမှာပြဲတာ၊ သွေးလွှတ်ကြောမကြီးပေါက်ထွက်တာတွေ ရုတ်တရက်ဖြစ်နိုင်ပြီး အသက်သေလောက်သည်အထိ ကိုယ်ခန္ဓာအထဲမှာသွေးယိုတာတွေဖြစ်နိုင်လို့ပါ။
သွေးလွှတ်ကြောမကြီးဖောင်းပွခြင်းကို ဆေးပညာအရ Aortic Aneurysm လို့ခေါ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းတွေအနေနဲ့ကတော့ သွေးတွင်းအဆီဓါတ်များလာပြီး သွေးကြောနံရံတွေမှာအဆီတွေကပ်ကာ သွေးကြောတွေမာလာတာ သွေးပေါင်ချိန်များတာ (သွေးတိုးတာ) သွေးကြောရောင်ရမ်းတဲ့ ရောဂါတွေဖြစ်တာ ထိခိုက်ဒဏ်ရာရတာပိုးဝင်တာ စသဖြင့်ကြောင့်ပါ။
အသက် ၆၅ နှစ်နဲ့အထက်ရှိသူတွေ ဆေးလိပ်စွဲသောက်သူတွေ မိသားစုမျိုးရိုးထဲကတယောက်ယောက်မှာ ဒီလိုမျိုးဖြစ်တာရှိခဲ့ဖူးသူတွေ အမျိုးသားတွေ၊ အသားဖြူတဲ့သူတွေမှာဆိုရင် သွေးလွှတ်ကြောမကြီးဖောင်းပွခြင်းဖြစ်နိုင်ခြေဟာ ပိုများပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ကတော့ ရင်ဘတ်ပိုင်းမှာဖြစ်တဲ့ thoracic aortic aneurysm မှာဆိုရင် ရင်ဘတ်အောင့်တာ၊ နာတာ၊ ခါးနာတာ၊ အသံအောတာ၊ ချောင်းဆိုးတာ၊ မောတာတွေဖြစ်နိုင်ပြီး ဝမ်းဗိုက်ပိုင်းမှာဖြစ်တဲ့ abdominal aortic aneurysm မှာဆိုရင် ဝမ်းဗိုက်နာတာအောင့်တာ၊ ဝမ်းဗိုက်ဘေးတဖက်တချပ်အောင့်တာ၊ ခါးနာတာ၊ ဝမ်းဗိုက်ချက်နားတဝိုက်မှာ အလုံးတလုံစမ်းမိပြီး ထိုအလုံးက လက်ကောက်ဝတ်မှာသွေးခုန်နှုန်းစမ်းတဲ့အခါမှာခံစားရသလို ခုန်စွခုန်စွဖြစ်နေတာ စသဖြင့်ပါ။
တချို့တွေမှာ သွေးလွှတ်ကြောမကြီးဖောင်းပွခြင်းဖြစ်ပေမယ့် ဘာလက္ခဏာမှ မခံစားရတာမျိုးလည်းရှိနိုင်ပါတယ်။ ဖြစ်တဲ့အရွယ်ပမာဏ၊ အရွယ်အစားကြီးနှုန်းမြန်တာ၊ နှေးတာ စတဲ့အချက်တွေပေါ် မူတည်နိုင်ပါတယ်။ ဖော်ပြပါလက္ခဏာတွေ မိမိမှာရှိလာရင်တော့ သွေးလွှတ်ကြောမကြီးဖောင်းပွခြင်းဖြစ်တာ ဟုတ်မဟုတ်သေချာအောင် ဆရာဝန်နဲ့ပြသစစ်ဆေးကြည့်သင့်ပါတယ်။
ဟုတ်တယ်ဆိုရင် ကုသမှုမြန်မြန်ခံယူဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ မိမိမှာ သွေးလွှတ်ကြောမကြီးဖောင်းပွခြင်း ဖြစ်နေတာဟာ ဘယ်ချိန်ထပေါက်မယ်မှန်းမသိတဲ့ ဗုံးတလုံးကို လက်မှာကိုင်ထားရတာမျိုးနဲ့ ဆင်တူပါတယ်။
ဖောင်းပွနေတဲ့ သွေးလွှတ်ကြောမကြီးဟာ အချိန်မရွေးကွဲထွက်နိုင်ပြီး အဲ့လိုကွဲထွက်တဲ့အခါမှာ ချက်ချင်းအရေးပေါ်ကုသမှုရဖို့ ကြာနေတာမျိုးဆိုရင် အသက်သေဆုံးနိုင်လို့ပါ။သွေးလွှတ်ကြောမကြီးဖောင်းပွနေရာကနေ ကွဲထွက်တဲ့အခါ ရုတ်တရက် ရင်ဘတ် သို့မဟုတ် ဝမ်းဗိုက်နေရာမှာ ဆွဲဖြဲလိုက်သလိုမျိုး ပြင်းထန်တဲ့ နာကျင်မှုကို တောက်လျှောက်ခံစားရတာ၊ ခါးနဲ့ နောက်ကျောနေရာတွေမှာပါနာတာ၊ အသက်ရှုရခက်တာ၊ သွေးပေါင်ကျတာ၊ သွေးခုန်နှုန်းမမှန်တာ၊ ခန္ဓာကိုယ်တခြမ်းအားနည်းသွားတာ စသဖြင့်ဖြစ်နိုင်ပါတယ်။
ဒီလိုဖြစ်တဲ့အခါကျ နီးစပ်ရာဆေးရုံကိုအမြန်ဆုံးပို့ပြီး အရေးပေါ်ကုသမှုချက်ချင်းခံယူဖို့လိုပါတယ်။ သွေးလွှတ်ကြောမကြီးဖောင်းပွခြင်း ဖြစ်နိုင်ခြေနဲအောင်အသား ငါး ဟင်းရွက် စုံလင်မျှတအောင်စားပါ။ အဆီအဆိမ့်အငန်တွေလျှော့စားပါ။ သင့်သွေးပေါင်ချိန်နဲ့ သွေးတွင်းအဆီဓါတ်ကို မများအောင်ထိန်းထားပါ။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းတွေ သုံးစွဲခြင်းကို ရှောင်ပါ လို့အကြံပေးချင်ပါတယ်။
Dr 528