ကိုယ်ပူတိုင်း ဆေးခန်းသွားရမှာလား
ကိုယ်တွေပူပြီး ဖျားနာတိုင်းတော့လည်း ဆိုးဆိုးဝါးဝါးကြီး ဖြစ်ချင်မှဖြစ်မှာပါ။ ပုံမှန်အားဖြင့် ကိုယ်ပူတယ်ဆိုတာ ဖျားနာမှုတခုကို ခန္ဓာကိုယ်ကနေပြန်လည်တိုက်ခိုက်နေတယ်ဆိုတဲ့သဘောပါပဲ။ ဒါကြောင့် ဖျားပြီနာပြီဆိုရင် ဘယ်လောက်ဖျားမှ အရေးကြီးတယ် ဘယ်လိုဖျားမှ သတိထားရမယ် စသဖြင့် သိထားဖို့ လိုပါလိမ့်မယ်။
ဘယ်အချိန် ဆေးခန်းသွားသင့်လဲ
ကိုယ်ပူပြီး ဖျားတာအပြင် အခုဖော်ပြထားတဲ့လက္ခဏာတွေ တွေ့ခဲ့ရင် ဆေးခန်းပြတာဟာ ကောင်းမွန်သင့်တော်တဲ့ ရွေးချယ်မှုတခုဖြစ်ပါလိမ့်မယ်။
– အဖျားက ၄၈ နာရီကျော် ကြာတဲ့အထိ မကျသေးရင်
– သုံးလအောက်ကလေးငယ်တွေမှာ အဖျား ၁၀၀.၃ ဒီဂရီဖာရင်ဟိုက် ကျော်ခဲ့ရင်
– အဖျားအပြင် အော့အန်တာ ဝမ်းသွားတာ စတာတွေ ၁၂ နာရီကျော် ကြာခဲ့ရင် (ဒါမှမဟုတ်) သွေးပါခဲ့ရင်
– ချောင်းဆိုးပြီးထွက်တဲ့ချွဲဟာ အစိမ်း အဝါ အညို သို့မဟုတ် အနီရောင် ဖြစ်ခဲ့ရင်
– ဖျားလိုက်ပျောက်လိုက်ဖြစ်ပြီး ညဘက်ချွေးတွေလည်းထွက် အကျိတ်တွေလည်းရောင်လာတယ်ဆိုရင်
– ဖျားလိုက်ပျောက်လိုက်ကို တပတ်နှင့်အထက် ကြာနေရင်
– အဖျားမကြီးပေမဲ့ လည်ချောင်းနာပြီး ပင်ပန်းတာပါတွဲနေရင်
– လည်ချောင်းနာတာနဲ့ခေါင်းကိုက်တာ ၄၈ နာရီထက်ကြာနေရင်
– နားကိုက်ရင်
– မသောက်ဖူးတဲ့ဆေးအသစ်တခုခုသောက်အပြီးဖျားတာဆိုရင်
– ရေပတ်တိုက် ဆေးသောက်စတဲ့နည်းမျိုးစုံသုံးပေမဲ့ အဖျားက ၁၀၃ အောက် မကျခဲ့ရင်
ဘယ်အချိန်မှာ မဖြစ်မနေ ဆေးခန်းသွားပြဖို့ လိုမလဲ
ဖျားတာအပြင်
– ပြင်းပြင်းထန်ထန် ခေါင်းကိုက်ရင်
– နေပူထဲသွားမပြီး ကိုယ်ပူမကျတော့ရင် (အပူရှပ်ရင်)
– စိတ်ကယောက်ကယက်ဖြစ်နေရင်
– အသားပေါ်မှာ အနီကွက်တွေထွက်လာပြီး ပိုဆိုးပိုပျံ့လာခဲ့ရင်
– အသက်ရှုမဝတာ ရင်ဘတ်အောင့်တာတွေဖြစ်ခဲ့ရင်
– အဆက်မပြတ်အော့အန်နေခဲ့ရင်
– ခေါင်းငုံ့လို့ မရလောက်အောင် နာကျင်ကိုက်ခဲနေရင်
– တက်ပါတက်ရင်
– ဗိုက်အရမ်းအောင့်ပြီးပျို့အန်ချင်သလိုဖြစ်ရင်
– ဆီးသွားရတာ နာကျင်ကိုက်ခဲနေပြီး ဗိုက်အောင့်တာ ကျောအောင့်တာတွေ ရှိခဲ့ရင်
– အလင်းရောင်ကို မခံနိုင်ရင်
တကယ်တမ်းတော့ ဖျားနာတယ်ဆိုတာဟာ ရောဂါတခုရဲ့လက္ခဏာမျှသာဖြစ်ပြီး ရောဂါတခုမဟုတ်ပါဘူး။အခုဖော်ပြပေးခဲ့တာတွေကတော့ ကိုယ်ပူပြီးဖျားနာခဲ့ရင် ဆေးခန်းသွားသင့် မသွားသင့် ဆုံးဖြတ်တဲ့အခါ ထည့်သွင်းစဉ်းစားရမဲ့ အချက်များပဲဖြစ်ပါတယ်။
အားလုံးကျန်းမာရေးအသိ ကြွယ်ဝနိုင်ပါစေ။
Dr. Kool