လည်ပင်းပေါ်မှာ ဖြစ်လေ့ရှိတဲ့ အမဲကွက်တွေ အမဲစက်တွေဆိုတာ မိန်းကလေးတိုင်းလိုလို မလိုချင်တဲ့ အရာတွေပါ။ ဒါပေမဲ့လည်း တခုသိထားဖို့လိုတာက ဒီအစက်အကွက်တွေအတော်များများဟာ ပိုးဝင်တာလည်းမဟုတ် အရေပြားရောဂါလည်း မဟုတ်သလို သူများကိုလည်း မကူးစက်စေပါဘူး။
အဓိကဖြစ်ရတာကတော့ အများစုဟာ မျက်နှာအရေပြားကိုပဲ ဂရုစိုက်ပြီး မှန်မှန်ကန်ကန် ထိန်းသိမ်းတတ်ကြတာကြောင့်ပါ။ ဂရုတစိုက် မထိန်းသိမ်းရင် လည်ပင်းတွေဟာ ရှေ့မှာပြောခဲ့သလိုပဲ မည်းလာနိုင်ပါတယ်။
ဘာကြောင့်မည်းရသလဲ တိတိကျကျ ပြောပါဆိုလည်း အကြောင်းရင်းတချိ ု့ ရှိပါတယ်။ အဓိကကတော့ တကိုယ်ရည်သန့်ရှင်းရေး အားနည်းတာပါပဲ။တခြားအကြောင်းအရင်းတွေကတော့
နှင်းခူလိုအရေပြားပြသနာမျိုး ၊ Acanthosis Nigrican လို ဟော်မုန်းကြောင့်ဖြစ်တဲ့ရောဂါမျိုး ၊အဝလွန်တာ ၊ ဆီးချိုရှိတာ ၊နေလောင်တာစသဖြင့် ရှိကြပါတယ်။
ဒီဆောင်းပါးမှာ တကိုယ်ရည်သန့်ရှင်းရေး အားနည်းလို့ဖြစ်လာတဲ့ လည်ပင်းပေါ်က အမည်းကွက်တွေ အမည်းစက်တွေကို အမြန်ဆုံးပျောက်အောင်လုပ်ပေးနိုင်တဲ့ အလွယ်ဆုံးနည်းလမ်းတွေကို တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
၁။ သံလွင်ဆီနဲ့ သံပုရာရည်
သံလွင်ဆီဟာ အသားအရေကိုဖြူ ဝင်းစေပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ သံပုရာရည်မှာပါတဲ့ ဗီတာမင်စီက အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး Citric Acid က အရေပြားပေါ်က အညစ်အကြေးအစွန်းအကွက်တွေကို ရှင်းလင်းပေးပါတယ်။
အသုံးပြု ပုံ
– လတ်လတ်ဆတ်ဆတ် အရည်ညှစ်ထားတဲ့သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း ကို သံလွင်ဆီ နဲ့ ဆတူရောပါ။ မအိပ်ခင် အရည်ကြည်ကို လည်ပင်းပေါ်မှာလိမ်းပေးပါ။ တစ်လလောက် ပုံမှန်လိမ်းကြည့်ပါ။ လည်တိုင်ကလေးဖြူ ဖွေးကျော့ရှင်းလာပါလိမ့်မယ်။
၂။ ခရမ်းချဉ်သီး နဲ့ ပျားရည်
ခရမ်းချဉ်သီးမှာပါတဲ့ antioxidant တွေက အရေပြားကို စိုပြည်လန်းဆန်းစေပါတယ်။ ဒါ့အပြင် အစက်အကွက် အစွန်းအထင်းတွေ ချွတ်ပေးနိုင်တဲ့သတ္တိလည်း ရှိပါတယ်။ ပျားရည်မှာက အသားအရေရဲ့ အစိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ အရေပြားကိုလည်း တင်းတင်းရင်းရင်း ရှိစေပါတယ်။
အသုံးပြု ပုံ
– ခရမ်းချဉ်သီးတလုံးကို အရည်ဖျော်စက်နဲ့ ဖျော်ပါ။ ရလာတဲ့အနှစ်တွေကို ပန်းကန်လုံးတလုံးထဲမှာ ထည့်ထားပါ။
– ပျားရည်စားပွဲတင်ဇွန်း ၁ ဇွန်း နဲ့ သံပုရာရည် လဘက်ရည်ဇွန်း ၁ ဇွန်း ထည့်ပါ။
– အားလုံးကို သမနေအောင် နယ်ပြီးရင် လည်ပင်းကို လိမ်းနိုင်ပါပြီ။
– ၁၅ မိနစ် မှ ၂၀ မိနစ်ခန့်ထားပြီး ရေအေးအေးဖြင့် ဆေးကြောပစ်ပါ။
– မြန်မြန်ဖြူ ချင်လျှင် ခဏခဏ လိမ်းပါ။
၃။ သခွားသီး
သခွားသီးဟာ ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်တွေထွက်ပေါ်လာအောင် လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် လည်ပင်းပေါ်က အမည်းကွက်တွေ ပျောက်စေပြီး အသားအရေ စိုပြည်တောက်ပစေနိုင်ပါလိမ့်မယ်။
အသုံးပြု ပုံ
– သခွားသီးတစ်လုံးမှ အရည်ထုတ်ယူပါ။
– လည်ပင်းပေါ်တွင် ၅ မိနစ်ခန့် သုတ်လိမ်းပေးပါ။
– ထို့နောက် ပြန်မဆေးခင် ၁၀ မိနစ်ခန့်ထားပါ။
– တနေ့ တခါ ပုံမှန်လိမ်းပေးပါ။
၄။ ရှားစောင်းလက်ပတ်ဂျယ်လ်
အစက်အပြောက်တွေကို သေးငယ်ပျောက်ကွယ်စေပြီး အသားအရေကို တောက်ပစိုပြေစေတဲ့
Aloesin ဆိုတဲ့ ဓာတ်တမျိုး ရှားစောင်းလက်ပတ်မှာ ပါဝင်ပါတယ်။ ဒါကြောင့် လည်ပင်းပေါ်က အမည်းကွက်တွေကို ဖျောက်ဖျက်နိုင်ဖို့ အသုံးတည့်ပါတယ်။
အသုံးပြုပုံ
– ရှားစောင်းလက်ပတ်အရွက်မှ ဂျယ်လ် ရအောင် ထုတ်ယူပြီး လည်ပင်းကို မိနစ်အတန်ငယ်ခန့် နှိပ်နယ်ပြီး လူးပါ။
– ပြန်မဆေးခင် မိနစ်၂၀ ခန့် ထားပါ။
– နေ့စဉ် ပြု လုပ်ပါ။
အခုပြောခဲ့တာတွေကတော့ အလွယ်ကူဆုံး အရိုးရှင်းဆုံးနဲ့ လည်ပင်းပေါ်က အမည်းကွက်တွေ ပျောက်အောင်လုပ်နိုင်မဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။
ဒါ့အပြင် လည်ပင်းမှာ အမည်းကွက်တွေ မဖြစ်ပေါ်စေအောင် ဆောင်ရရှောင်ရမဲ့ အချက်အချိ ု့ကိုလည်း မျှဝေလိုက်ပါတယ်။
(၁) မျက်နှာကိုပဲ moisturizer သုံးဖို့သတိမရပါနဲ့။ မျက်နှာကိုလိမ်းတိုင်း လည်ပင်းပါလိမ်းပါ။
(၂) တကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ။
(၃) မျက်နှာလိုပဲ လည်ပင်းကိုလည်း နေ့စဉ် စင်ကြယ်အောင် ဆေးကြောပါ။
(၄) လည်ပင်းကိုလည်း Sunscreen သုံးပါ။
(၅) အရေပြားရောဂါ ၊ ဟော်မုန်းရောဂါ စတာတွေရှိရင် ဆရာဝန်ပြပါ။
(၆) ရေများများသောက်ပါ။
တကယ့်အလှတရားဟာ သင့်ခန္ဓာကိုယ်အတွင်းကနေပဲ လာပါတယ်။ ဒါကြောင့် လှချင်ပချင်လွန်းလို့ ဟိုဆေးသုံးမယ် ဒီနည်းစမ်းမယ် ဆိုတာတွေထက် ကိုယ့်ရဲ့လူနေမှုပုံစံ စားသောက်မှုပုံစံတွေကိုသာ ကျန်းမာရေးနဲ့ညီညွတ်အောင် အရင်လုပ်ဖို့လိုပါလိမ့်မယ်။ အခုပြောခဲ့တဲ့နည်းတွေအားလုံးဟာလည်း အန္တရာယ်မရှိဘဲ စိတ်ချရတဲ့နည်းများဖြစ်တာကြောင့် ယုံယုံကြည်ကြည်စမ်းသပ်ကြည့်နိုင်ပြီး ဖြူစင်ကျော့ရှင်းတဲ့ လည်ပင်းပိုင်ရှင်လေးတွေဖြစ်နိုင်ကြပါစေ။
မယ်ညိမ်း(ဆေးတက္ကသိုလ်)