အကြောပြတ်ရာတွေ မြန်မြန်ပျောက်အောင်
အကြောပြတ်တယ်ဆိုတာ အမာရွတ်တမျိုးပါပဲ
အရေပြားထဲမှာ ကျုံ့နိုင်ဆန့်နိုင်လို့ရတဲ့ အမျှင်လေးတွေ ရှိပါတယ်။ Elastic Fiber လို့ ခေါ်တယ်။(ကိုယ်ဝန်ဆောင်ချိန်၊ကြီးကောင်ဝင်ချိန်) ချိန်တွေမှာ ဒီအမျှင်လေးတွေရှိနေတဲ့ အရေပြားဟာ လိုအပ်တာထက်ပိုပြီး ဆန့်နေခဲ့ရင် elastic fiber လေးတွေ ပြတ်တောက်သွားနိုင်ပါတယ်။ ဒီအခါမှာ အရေပြားအောက်မှာ မျက်စိနဲ့မြင်နိုင်တဲ့ ပါးပါးရှည်ရှည် အမာရွတ်ကလေးတွေ ပေါ်လာပါတယ်။ ဒါကို အများက အကြောပြတ်တယ်လို့ သိကြပြီး Stretch Mark လို့ အင်္ဂလိပ်လို ခေါ်ပါတယ်။ အရောင်ကတော့ ပန်းရောင်၊ အနီ နဲ့ ခရမ်းရောင် မျိုးစုံ ဖြစ်နိုင်ပါတယ်။
ဘယ်နေရာတွေမှာ အကြောပြတ်ရာတွေ ပေါ်တတ်လဲ
မျက်နှာ၊လက်ဖဝါး နဲ့ ခြေဖဝါးတို့ကလွဲလို့ တစ်ခြား ခန္ဓာကိုယ်ပေါ်ကနေရာအနှံ့မှာ အကြောပြတ်ရာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ များသောအားဖြင့် ခန္ဓာကိုယ်ပေါ်က အဆီသိုလှောင်တဲ့နေရာတွေဖြစ်တဲ့ ဝမ်းဗိုက်၊ ပေါင်အတွင်းအပြင်၊ ရင်သား နှင့် တင်သားတွေမှာ အဖြစ်များပါတယ်။ ခါးအောက်ပိုင်းနဲ့ လက်မောင်းအနောက်ဘက်တွေမှာလည်း တွေ့နိုင်ပါတယ်။ ထူးဆန်းတာက အကြောပြတ်တာဟာ မျိုးရိုးလိုက်တတ်တာပါပဲ။ ဥပမာ- ကိုယ်ဝန်ဆောင်ထားစဉ် ပေါင်မှာအကြောပြတ်ရာတွေ ဖြစ်ခဲ့တဲ့ အမေက မွေးတဲ့ကလေးဟာလည်း အဆိုပါနေရာမှာ အကြောပြတ်ရာဖြစ်နိုင်ချေ များပါတယ်။
ယောကျ်ား၊ မိန်းမ မရွေး ဖြစ်နိုင်တယ်
ခန့်မှန်းချေ အမျိုးသမီးတွေမှာ (၅၀% – ၉၀ %) အထိ ဖြစ်တတ်ပြီး ယောကျ်ားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကြီးထွားဖွံ့ဖြိုးတဲ့အချိန် ဆယ်ကျော်သက်အရွယ်တွေမှာဆိုရင် မိန်းကလေးတွေမှာ ရင်သား၊ ပေါင် နဲ့ တင်သားတွေမှာ တွေ့ရပြီး ယောကျ်ားလေးတွေမှာတော့ ခါးအောက်ပိုင်း နဲ့ ပေါင်တွေမှာ ဖြစ်တတ်ပါတယ်။
အရှင်းပျောက်ဖို့တော့ မဖြစ်နိုင်ပါဘူး
တစ်ခြားသော အမာရွတ်တွေလိုပဲ အကြောပြတ်ရာတွေဟာလည်း ဖြစ်ပြီဆိုရင် အရှင်းပြန်ပျောက်ဖို့ ခဲယဉ်းပါတယ်။ အချိန်ကြာလာရင်တော့ တစ်ဖြေးဖြေး မှေးမှိန်လာပြီး တစ်ခြားနေရာတွေထက် အရောင်ဖျော့လာပါတယ်။ အဖြူတန်းကလေးတွေလို ကျန်နေတတ်ပါတယ်။
ဘာကြောင့် ဖြစ်ရသလဲ
၁။ ကိုယ်အလေးချိန်တိုးလာလို့
ငယ်ရွယ်စဉ်အချိန်မှာ ရုတ်တရက် ခန္ဓာကိုယ်အပြောင်းအလဲတွေကြောင့် အကြောပြတ်ရာတွေ ပေါ်လာနိုင်တယ်။ ကိုယ်အလေးချိန်တိုးလာလေလေ အကြောပြတ်ရာတွေပေါ်လာတာ များလေလေပါပဲ။ တစ်ခါတစ်လေ ကာယဗလသမားတွေမှာ အချိန်တိုအတွင်း ကြွက်သားတွေအများကြီးတည်ဆောက်တဲ့ လေ့ကျင့်ခန်းပြုလုပ်မိရင်လည်း ဒီလို အကြောပြတ်ရာတွေ ဖြစ်တတ်ပါတယ်။
၂။ ကိုယ်ဝန်ဆောင်ချိန်မို့လို့
ကိုယ်ဝန်ဆောင်ကာလ ၆ လ အပြီးမှာ မိခင်တိုင်းလိုလို ကြုံတွေ့ရနိုင်ပါတယ်။ ဗိုက်ထဲက ကလေးလေးကြီးထွားလာလေလေ အမေ့ခန္ဓာကိုယ်ကြွက်သားကလည်း လိုက်ပြီး ကျယ်ပြန့်လာလေဖြစ်ရတဲ့အတွက် အကြောပြတ်ရာတွေ ဖြစ်လာပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာထွက်တဲ့ဟော်မုန်းတွေကလည်း အရေပြားကို သက်ရောက်မှုရှိပြီး အကြောပြတ်ရာတွေပိုဖြစ်အောင် တွန်းအားပေးပါတယ်။
၃။ ဆေးဝါးတချို့ကြောင့်
တချို့သောဆေးတွေက လူကို ဝစေတယ်။ ဖောရောင်စေတယ်။ အရေပြားကိုတင်းရင်းဆန့်ထွက်စေတယ်။ ဒီအခါမှာ အကြောပြတ်အရာတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ (ဥပမာ – တားဆေးအချို့ ၊ စတီးရွိုက်ပါတဲ့ဆေးအချို့)
၄။ အချို့ရောဂါများ
ကိုယ်အလေးချိန်တက်စေတဲ့၊ ရုတ်တရက်ကြီးထွားမှုဖြစ်လာစေနိုင်တဲ့၊ အရေပြားပြဿနာတွေဖြစ်လာနိုင်စေတဲ့ ရောဂါအခြေအနေတွေကြောင့် အကြောပြတ်ရာတွေ ဖြစ်လာစေနိုင်ပါတယ်။ (ဥပမာ – Cushing’s disease,Marfan Syndrome , Ehler-Danlos Syndrome)
ဘယ်လိုကာကွယ်နိုင်မလဲ
ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အကြောပြတ်ရာတွေဟာ မျိုးရိုးဗီဇနဲ့ သက်ဆိုင်မှုရှိတယ်ဆိုပေမယ့်လည်း အဖေအမေမှာ ရှိတာနဲ့ သားသမီးဆီမှာ မုချ လာဖြစ်မှာတော့ မဟုတ်သေးပါဘူး။ အကောင်းဆုံးသောကာကွယ်နည်းတခုကတော့ ကိုယ်အလေးချိန်ကို တစ်သမတ်တည်းဖြစ်နေအောင် ကြိုးစားပြီး ထိန်းသိမ်းဖို့ပါပဲ။ ရေများများသောက်တာကလည်း အရေပြားတွေဆန့်နေသည့်တိုင် ပြတ်မထွက်အောင် ကာကွယ်ပေးနိုင်ပါသတဲ့။ အစားအသောက်အနေနဲ့ဆိုရင် ဇင့်ဓာတ် (Zinc) ကြွယ်ဝတဲ့အစားအစာများဖြစ်တဲ့ အခွံမာသီး၊ ငါး စတာတွေ စားသင့်ပြီး ဗီတာမင်အေ၊ ဗီတာမင်စီ ၊ ဗီတာမင်ဒီ (Vit A,C နဲ့ D) ပါတဲ့ လိမ္မော်သီး သံပုရာသီ၊း နွားနို့ နဲ့ ကန်စွန်းဥ စတာတွေ စားသင့်ပါတယ်။
ဒါ့အပြင် အရေပြားအတွက် သင့်တော်တဲ့ လိမ်းဆေး အဆီ နဲ့ ခရင်မ်များကို ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး လိမ်းပေးခြင်းကလည်း အကူအညီဖြစ်ပါစေလိမ့်မယ်။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ဆို ကြိုတင်ကာကွယ်တဲ့အနေနဲ့ မိမိနဲ့လိုက်ဖက်တဲ့ အဆီ၊ ခရင်မ်တမျိုးမျိုး ပုံမှန်လိမ်းပေးသင့်ပါတယ်။
အားလုံး လှပချောမွေ့ ယုံကြည်မှုရှိကြပါစေ…….
မယ်ညိမ်း(ဆေးတက္ကသိုလ်)