ချောင်းအစို နဲ့ ချောင်းအခြောက် ဘယ်ဟာပိုကြောက်ရလဲ
ကမ္ဘာပေါ်မှာ ချောင်းမဆိုးဘူးတဲ့ လူရယ်လို့ ရှိမယ် မထင်ပါဘူး။ တစ်ချိန်မဟုတ်တစ်ချိန်တော့ ချောင်းဆိုးတဲ့ပြဿနာကို ကြုံဖူးခဲ့ရတာပါပဲ။ ဒါပေမဲ့ ချောင်းဆိုးတာက ပြဿနာမဟုတ်ပါဘူး။ ချောင်းဆိုးတယ်ဆိုတာပြဿနာကိုဖြေရှင်းဖို့အတွက် ခန္ဓာကိုယ်ရဲ့တုံ့ပြန်ဆောင်ရွက်ချက်တစ်ခုပါပဲ။ ဒီလိုပါ။ လည်ပင်း (သို့မဟုတ်) အသက်ရှုလမ်းကြောင်းထဲမှာ ရှိမနေရမဲ့ အရာတစ်ခုခု ရှိနေပြီဆိုပါစို့။ ဒီကိစ္စကို ဦးနှောက်ကို လှမ်းသတင်းပို့ပါတယ်။ ဒီအခါမှာ ဦးနှောက်ကနေပြီးတော့ ရင်ဘတ်နဲ့ဝမ်းဗိုက်မှာရှိတဲ့ ကြွက်သားတွေဆီကို အဆိုပါ အရာဝတ္ထုကို ညှစ်ထုတ်ဖယ်ရှားပစ်ဖို့ သတင်းလှမ်းပို့ပါတယ်။ အဲဒီမှာ ချောင်းဆိုးတာပါပဲ။ တစ်ကယ်တော့ ချောင်းဆိုးတယ်ဆိုတာဟာ ခန္ဓာကိုယ်ထဲဝင်လာတဲ့ မသက်ဆိုင်တဲ့အရာတွေကို မောင်းထုတ်ပစ်ပေးတဲ့ ကာကွယ်ရေးတုံ့ပြန်ချက်တခုပါပဲ။ ဒီတော့ ချောင်းဆိုးပြီဆိုရင် ဒါဟာ ရောဂါတစ်ခုခုများ ဝင်ဖို့ကြိုးစားနေတာလား။ ဒါမှမဟုတ် ဝင်များ ဝင်နေပြီလား သတိပြုစရာပါ။
တစ်ခါတစ်လေမှာ ဆိုးနေတဲ့ချောင်းရဲ့ သဘောသဘာဝကို ကြည့်ပြီး ဆိုးရတဲ့အကြောင်းအရင်းကို ခြေရာခံနိုင်ပါတယ်။
ချောင်းနဲ့ ပတ်သက်ပြီး ဘာတွေ သတိထားကြည့်ရမလဲ
ချောင်းက အစိုလား အခြောက်လား။ ဘယ်လောက်ကြာပြီလဲ စတဲ့အချက်တွေကို သတိထားပြီး ဘာကြောင့်ဖြစ်တာလဲ ခန့်မှန်းလို့ ရပါသတဲ့။
ချောင်းအစို
ချောင်းအစိုနဲ့ စလိုက်ကြရအောင်။ ချောင်းအစိုကို wet cough (or) productivecough လို့ခေါ်ပါတယ်။ ချောင်းစိုဆိုတဲ့အတိုင်းဆိုးလိုက်တဲ့အခါတွေမှာ ချွဲကလေးတွေ စိုစိုစိစိနဲ့ထွက်တာပေါ့။ များသောအားဖြင့် ချောင်းအစိုဆိုးတာကိုအအေးမိတာတုပ်ကွေးမိတာတွေမှာ တွေ့ရတတ်ပါတယ်။ ဖြည်းဖြည်းချင်းဆိုးတတ်သလို ရုတ်တရက် ဝုန်းခနဲ ဒိုင်းခနဲလည်း ဆိုးလာတတ်ပါတယ်။ ချောင်းဆိုးတာအပြင်နှာရည်ယိုတာ၊ နှာစေးတာ၊ မောပမ်းနွမ်းနယ်တာလေးတွေလည်းရှိနိုင်ပါတယ်။ ဘာလို့ချောင်းက စိုရသလဲဆိုရင် အသက်ရှုလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ လည်ချောင်း၊ နှာခေါင်း၊ လေပြွန်နဲ့ အဆုတ်တို့ကနေ ချွဲတွေ ထုတ်လုပ်ပေးတာကြောင့်ပါပဲ။ ချောင်းအစို ဆိုးနေတဲ့အခါလည်ချောင်းအနောက်မှာ (သို့မဟုတ်) ရင်ဘတ်ထဲမှာတစ်ခုခုကပ်နေသလို ပျော်ကျနေသလိုလိုမျိုးခံစားရတတ်ပါတယ်။ တစ်ခါတစ်လေချောင်းဆိုးလိုက်ရင်း ပါးစပ်ထဲကို ချွဲတွေရောက်လာတတ်တာလည်း ရှိပါတယ်။
ချောင်းအစိုဆိုးတာဟာ ခဏတာလည်းဖြစ်နိုင်သလို ကာလရှည်လည်း ဆိုးနိုင်ပါတယ်။ ၃ ပတ်အောက်ကို ခဏတာဆိုးတယ်လို့ဆိုလိုပြီး လူကြီးတွေမှာ ၈ ပတ်နဲ့အထက် ကလေးတွေမှာ ၄ ပတ်နဲ့အထက် ဆိုးတာမျိုးဆိုရင်တော့ ကာလရှည် ဆိုးတယ်လို့ သတ်မှတ်နိုင်ပါတယ်။
ချောင်းအစို ဆိုးနိုင်တဲ့ အခြေအနေတွေကတော့
အအေးမိ၊ တုပ်ကွေး
နမိုးနီးယား
လေပြွန်ရောင်ရောဂါ
နာတာရှည်အဆုတ်ရောဂါ နဲ့ ပန်းနာရင်ကြပ်ရောဂါ တို့ပဲ ဖြစ်ပါတယ်။
ကလေးငယ်တွေမှာ ကြာချိန် ၃ ပတ်အောက်လောက်ပဲ ဆိုးတဲ့ချောင်းမျိုးဆိုရင်တော့ အအေးမိတာ ဒါမှမဟုတ် တုပ်ကွေးမိတာမျိုးပဲ အဖြစ်များပါတယ်။
ချောင်းအစို ဆိုးနေတာကို သက်သာအောင် ဘာတွေ လုပ်ရမလဲ
ကလေးပေါက်စနဲ့ လေးဘက်သွားကာစတွေမှာဆိုရင်
saline လို့ ခေါ်တဲ့အရည်ကို ဆေးထိုးပြွန် syringe လေး သုံးပြီး နှာခေါင်းထဲ ချပေးနိုင်ပါတယ်။ အသက် ၂ နှစ်အောက်အရွယ်ကလေးတွေကို ချောင်းဆိုးပျောက်ဆေးတွေ မတိုက်ကျွေးသင့်ဘူးလို့ ဆိုပါတယ်။
ကလေးကြီးတွေမှာဆိုရင်
ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ ချောင်းဆိုးပျောက်ဆေးရည်တွေ တိုက်ပေးပါ။ Humidifier လေး သုံးပြီးအိပ်ပါ။ မအိပ်ခင် နာရီဝက်လောက်အလိုမှာ ပျားရည်လေး ၁ ဇွန်းလောက် တိုက်ပေးတာကလည်း ချောင်းဆိုးသက်သာစေနိုင်ပါတယ်။
လူကြီးတွေမှာဆိုရင်
ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ချောင်းဆိုးပျောက်ဆေးတွေ သောက်နိုင်ပြီး အခြားလက္ခဏာတွေအတွက်လည်း နှာစေးပျောက်ဆေး အစရှိတာတွေ သောက်နိုင်ပါတယ်။ ၃ ပတ်ထက် ကြာအောင် ချောင်းဆိုးနေရင်တော့ လိုအပ်တဲ့ ပိုးသတ်ဆေးတွေ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ရနိုင်ပါတယ်။
ချောင်းအခြောက်
ချောင်းခြောက်ဆိုတာက ချွဲမပါတဲ့ချောင်းကိုဆိုလိုပါတယ်။ လည်ချောင်းနောက်ထဲမှာယားနေပြီးတော့ အမြဲချောင်းဆိုးချင်စိတ်ပေါက်နေတတ်ပါတယ်။ အတော်လေး ကသိကအောက်ဖြစ်ရမဲ့ချောင်းမျိုးပေါ့။ မဆိုးဘူးဆိုပြီးထိန်းချုပ်ရလည်း မလွယ်တဲ့ချောင်းမျိုးဖြစ်ပြီး အချိန်အကြာကြီးနေအောင်ဆိုးနေတတ်ပါတယ်။ ချောင်းခြောက်ဆိုးနေတယ်ဆိုတာ ကိုယ့်ရဲ့အသက်ရှုလမ်းကြောင်းထဲမှာ တစ်ခုခုရောင်ရမ်းနေတာဒါမှမဟုတ် တစ်ခုခုကအနှောက်အယှက်ပေးနေတာမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ချွဲတွေတော့ ထုတ်လုပ်ခြင်းမရှိပါဘူး။ ချောင်းခြောက်ဆိုးတာဟာ များသောအားဖြင့် အသက်ရှုလမ်းကြောင်းအစပိုင်းမှာ ပိုးဝင်နေတာကြောင့် အဖြစ်များပါတယ်။
အထူးသဖြင့် အအေးမိ တုပ်ကွေးလို ရောဂါမျိုးတွေမှာပေါ့။ ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် အအေးမိတုပ်ကွေးပျောက်သွားပြီး ရက်သတ္တပတ်ပေါင်းများစွာထိ ကျန်နေတတ်ပါတယ်။
အခြားသော ချောင်းခြောက်ဆိုးနိုင်တဲ့ အခြေအနေတွေကတော့
လေပြွန်ရောင်တာ
လည်ချောင်းနာတာ
အာသီးရောင်တာ
ထိပ်ခတ်နာ
ပန်းနာရင်ကြပ်
ဓာတ်မတည့်တာ ( Allergy)
GERD လို့ ခေါ်တဲ့ အစာအိမ်ပိုင်းရောဂါ
ACEI လို သွေးကျဆေးတွေ ကာလရှည်သောက်နေတာ
ဖုန်ရှုမိတာ၊ မီးခိုးငွေ့တွေ ရှုမိတာ စတာတို့ပဲ ဖြစ်ပါတယ်။
ဘယ်လို ကုမလဲ
ကလေးငယ်
ကလေးငယ်တွေမှာဖြစ်တဲ့ ချောင်းခြောက်ဆိုးတာက ကုသစရာ မလိုပါဘူး။ Humidifier လေး သုံးပေးရင်ကို သက်သာပါတယ်။
ကလေးကြီး
Humidifier သုံးပါ။ ချောင်းဆိုးပျောက်ဆေးရည်တွေ တိုက်ပါ။ ၃ ပတ်ကျော်တဲ့အထိ မသက်သာရင် ဆရာဝန်ပြဖို့ လိုပါမယ်။
လူကြီး
လူကြီးတွေမှာ ချောင်းခြောက် အကြာကြီးဆိုးနိုင်တဲ့ အကြောင်းရင်းတွေအများကြီး ရှိတယ်။ ဒါကြောင့် ဆရာဝန်ပြဖို့လိုပြီး ကိုယ်ခံစားနေရတာတွေ အကုန်ပြောပြဖို့ လိုပါမယ်။ ပိုးသတ်ဆေးသောက်ဖို့ လိုအပ်နေတာမျိုးလည်း ဖြစ်နိုင်သလို ပန်းနာရင်ကြပ်နဲ့ သက်ဆိုင်တဲ့ကုသမှုမျိုး ခံယူဖို့လိုနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဆရာဝန်ပြရမဲ့ ချောင်း
များသောအားဖြင့်တော့ ချောင်းဆိုးယုံလောက်နဲ့ ဆေးခန်းသွားစရာ မလိုပါဘူး။ ချောင်းဆိုးရင် ဆေးခန်းသွားသင့် မသွားသင့်က ဆိုးတဲ့ချောင်းအမျိုးအစားနဲ့ ဘယ်လောက်ကြာကြာဆိုးသလဲပေါ်မှာ မူတည်ပါတယ်။ နောက်ပြီးတော့ အသက်အရွယ် နဲ့ ကျန်းမာရေးအခြေအနေကိုလည်း တစ်ချက်ကြည့်သင့်ပါတယ်။
အဆုတ်ရောဂါအခံရှိသူတွေမှာဆိုရင် ကုသမှုမြန်မြန်ခံယူဖို့လိုနိုင်ပြီး သူများထက်စာရင်လည်း မကြာခဏ ချောင်းဆိုးနိုင်ချေရှိပါတယ်။
ကလေးတွေ ချောင်းဆိုးတဲ့အခါ အောက်ပါအခြေအနေတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ပြသဖို့ လိုပါမယ်။
– ၃ ပတ် ကျော်အောင် ချောင်းဆိုးရင်
– အဖျား ၁၀၂ ကျော်ရင် (၂ လအောက် ကလေးတွေမှာတော့ ဖျားတာနဲ့ကို ဆေးခန်းပြဖို့ လိုပါသတဲ့)
– အသက်ရှုရခက်လာပြီး စကားမပြောနိုင် လမ်းမလျှောက်နိုင်တဲ့အထိ ဖြစ်လာခဲ့ရင်
– ဖြူဖျော့သွားတာမျိုး (ဒါမှမဟုတ်) ပြာနှမ်းသွားတာမျိုး ဖြစ်ခဲ့ရင်
– ရေဓာတ်ခမ်းခြောက်ခဲ့ရင် (ဒါမှမဟုတ်) အစားမစားနိုင်ဖြစ်လာရင်
– အလွန်အမင်း ပင်ပန်းနွမ်းနယ်နေရင်
– ချောင်းဆိုးတာအပြင် တဝီဝီ အသံတွေပါထွက်လာရင်
တကယ်လို့ ကလေးက သတိလစ်သွားတာ၊ ခေါ်လို့မရတော့တာနဲ့ မတ်တပ်မရပ်နိုင်လောက်အောင် ဖြစ်နေခဲ့ရင်တော့ အရေးပေါ်အခြေအနေသတ်မှတ်ရမှာဖြစ်ပြီး အမြန်ဆုံး ဆေးရုံသွားသင့်ပါတယ်။
လူကြီးတွေ ချောင်းဆိုးတဲ့အခါ ဆေးခန်းသွားသင့် မသွားသင့်ကိုတော့ အောက်ပါအချက်တွေကို ဖတ်ကြည့်ပြီး စဉ်းစားချင့်ချိန်နိုင်ပါတယ်။
– ၈ ပတ်ကျော်တဲ့အထိ ချောင်းဆိုးနေတုန်းပဲဆိုရင်
– ချောင်းဆိုးရာမှာ သွေးပါလာရင်
– အဖျား ၁၀၀ ကျော်နေရင်
– လမ်းမလျှောက်နိုင် စကားမပြောနိုင်လောက်အောင် အားနည်းနေခဲ့ရင်
– အလွန်အမင်း ရေဓာတ်ခမ်းခြောက်နေရင်
– ချောင်းဆိုးတာအပြင် တဝီဝီ အသံတွေပါထွက်လာရင်
– ချောင်းဆိုးတာဟာ အိပ်လို့မရလောက်တဲ့အထိ ဖြစ်လာခဲ့ရင်
သတိလစ်သွားတာ၊ ခေါ်လို့မရတော့တာနဲ့ မတ်တပ်တောင်မရပ်နိုင်လောက်အောင် ဖြစ်နေရင်တော့ ဆေးရုံကိုသာ တစ်ခါထဲ တန်းသွားဖို့ အကြံပေးချင်ပါတယ်။
Dr. KG