သွေးဆိပ်တက်တယ် သွေးဆိပ်သင့်တယ် ဆိုတဲ့စကားလုံးကို အတော်များများအနေနဲ့ ကြားဖူးကြပေမယ့် ဘာမှန်းသေသေချာချာ မသိကြတာများပါတယ်။
သွေးဆိပ်တက်တယ် ဆိုတာကို သွေးထဲမှာအဆိပ်ရှိနေခြင်း သို့မဟုတ် မတည့်တဲ့အစားသောက်တွေစားမိလို့ အဆိပ်ဖြစ်ခြင်းလို့ လူတချို့က ထင်ကြပါတယ်။
အဲ့ဒါမှားပါတယ်။
သွေးဆိပ်တက်တယ်ဆိုတာဟာ သွေးထဲကို ဘက်တီးရီးယားပိုးတွေ ဝင်ရောက်ကူးစက်ခံရတဲ့အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။
ဆေးပညာအရတော့ Septicemia (Blood poisoning) လို့ခေါ်ပါတယ်။
အရေပြား၊ အဆုတ်၊ ဆီးလမ်းကြောင်းစတဲ့ နေရာတွေမှာ ဘက်တီးရီးယားပိုးတွေ ဝင်ရောက်ကူးစက်ရာမှတဆင့် အကြောင်းကြောင်းကြောင့် ထိုပိုးတွေဟာ သွေးထဲကိုရောက်လာပြီးပွားများတဲ့အခါမှာ သွေးဆိပ်တက်ခြင်း ဖြစ်လာပါတယ်။
သွေးဆိပ်သင့်ခြင်းဟာ
– အရေပြားပေါ်မှာ ပြည်တည်နာရှိတဲ့သူတွေ
– ပြင်းထန်တဲ့ဒဏ်ရာ သို့မဟုတ် မီးလောင်အနာကြီးကြီးမားမားဖြစ်တဲ့ သူတွေ
– ဆီးပိုက်ထည့်ထားရတဲ့သူတွေ
– လတ်တလော ခွဲစိတ်ကုသမှုခံယူထားရတဲ့သူတွေ
– အိတ်အိုင်ဗီ၊ သွေးကင်ဆာစတဲ့ ကိုယ်ခံအားကျဆင်းတဲ့ ရောဂါအခံတခုခုရှိတဲ့ သူတွေ
– အဆုတ်ရောင်ရောဂါ (နမိုးနီးယား) ရှိတဲ့သူတွေ
– ဦးနှောက်အမြှေးရောင်ရောဂါ ရှိတဲ့သူတွေ
– မူးယစ်ဆေး အကြောထဲထိုးသူတွေ
– သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း၊ လစဉ်သုံးပစ္စည်းတွေသုံးတဲ့ အမျိုးသမီးတွေ
– ကိုယ်ဝန်ဖျက်ချတဲ့ အမျိုးသမီးတွေမှာဆိုရင် ဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။
သွေးဆိပ်သင့်ခြင်းဟာ အန္တရာယ်ရှိတဲ့အခြေအနေဖြစ်ပြီး အမြန်ဆုံး ဆေးရုံတင်ကုသဖို့လိုပါတယ်။
အချိန်မှီမကုသဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ ခန္ဓာကိုယ်နေရာအနှံ့ရောင်ရမ်းမှုတွေဖြစ်ကာ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးတာတွေဖြစ်ပြီး အသက်ဆုံးရှုံးရတတ်ပါတယ်။
သွေးဆိပ်သင့်ခြင်းဖြစ်တဲ့အခါ စစချင်းမှာ ရုတ်တရက်အဖျားကြီးပြီး ချမ်းတုန်တာ၊ အသက်ရှုတွေမြန်လာတာ၊ ရင်တွေတုန်လာတာတွေ ခံစားရနိုင်ပါတယ်။
မကုသဘဲထားရင် သိပ်မကြာခင်အချိန်မှာ စိတ်ရှုပ်ထွေးလာပြီး သတိမကောင်းတာ၊ ပျို့အန်တာ၊ ခန္ဓာကိုယ် (အထူးသဖြင့် လက်ဖဝါး၊ ခြေဖဝါးတွေ) မှာ အနီကွက်တွေပေါ်လာတာ၊ ဆီးနည်းသွားတာ၊ သွေးပေါင်အလွန်အမင်းကျတာ တွေဖြစ်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။
ဒါကြောင့် သင့်မှာ အထက်မှာဖော်ပြထားခဲ့တဲ့ သွေးဆိပ်သင့်ခြင်းဖြစ်စေနိုင်တဲ့ အခြေအနေတွေထဲက တခုခုရှိခဲ့ပြီး အဖျားကြီးတာ၊ ချမ်းတုန်တာ၊ အသက်ရှုတွေမြန်လာတာ၊ ရင်တွေတုန်လာတာတွေ ခံစားလာရရင် အချိန်ဆွဲမနေဘဲ စောစီးစွာ နီးစပ်ရာဆေးရုံကို ပြသစစ်ဆေးကြည့်ပါလို့ အကြံပေးချင်ပါတယ်။
စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ သွေး၊ ဆီး၊ ချွဲသလိပ်စစ်တာ၊ အနာရှိပါက အနာကနေထွက်တဲ့အရည် သို့မဟုတ် အသားစယူစစ်တာ၊ ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊ အာထရာဆောင်းရိုက်တာ၊ ကွန်ပျူတာဓါတ်မှန်ရိုက်တာ၊ သံလိုက်ဓါတ်မှန်ရိုက်တာ၊ ခါးရိုးချဉ်ဆီဖောက်စစ်တာ စသဖြင့် ဆေးရုံဆရာဝန်ညွန်တဲ့အတိုင်း လိုအပ်သလို လုပ်ရနိုင်ပါတယ်။
စမ်းသပ်မှုတွေလုပ်ကြည့်လို့ သွေးဆိပ်သင့်တယ်ဆိုပါက ရောဂါပြင်းထန်မှု အခြေအနေပေါ်မှုတည်ပြီး ပဋိဇီဝပိုးသတ်ဆေးတွေ သွင်းရတာ၊ ဆလိုင်းချိတ်ရတာ၊ အောက်စီဂျင်ပိုက်တပ်ရတာ စသဖြင့် ကုသမှုတွေလုပ်ရနိုင်ပါတယ်။
သွေးဆိပ်သင့်ခြင်းဖြစ်နိုင်ခြေနဲအောင် ဆေးလိပ်ဖြတ်ပါ။ မူးယစ်ဆေးမသုံးပါနဲ့။ လက်ကိုမကြာခဏဆေးပါ။ အသားငါးဟင်းရွက် စုံလင်မျှတအောင်စားပါ။ ဖျားတဲ့သူတွေနဲ့ဝေးဝေးနေပါလို့ အကြံပေးချင်ပါတယ်။
Dr 528