အကုန်ကျသက်သာတဲ့ ကိုယ်ပိုင် mask လေးလုပ်ကြမယ်
အခုခေတ်မှာ အားလုံးလိုလို အပြင်ထွက်အလုပ်လုပ် လုပ်ငန်းခွင်ဝင်နေကြရတာဆိုတော့ အလှအပကို ဂရုစိုက်လာကြပါပြီ။ အလှအပအပြင် ခုဆို အသားရည် ထိန်းသိမ်းမှုဆိုတာကပါ အရေးပါတဲ့ကဏ္ဍ တစ်ရပ်ဖြစ်လာပါတယ်။
နောက်ကိုးရီးယားရုပ်ရှင်တွေ မြန်မာပြည်ကို ရောက်လာပြီးတဲ့နောက်ပိုင်း ကိုးရီးယားယဉ်ကျေးမှု သူတို့ဓလေ့တွေက အရမ်းလွှမ်းမိုးလာပါတယ်။
သူတို့အစားအစာ၊ မိတ်ကပ်လိမ်းခြယ်မှုပုံစံ၊ နောက်အသားရည်ထိန်းသိမ်းနည်းတွေ အားလုံးက ခုခေတ်ဘူငယ်လေးတွေကြားမှာ တော်တော်လွှမ်းမိုးမှုရှိပါတယ်။
ဒါကြောင့်လဲ ဈေးကွက်ထဲမှာ အသားရည်ထိန်းသိမ်းတဲ့ ပစ္စည်းမျိုးစုံ၊ အရောင်သွေးစုံလင်လှတဲ့ မိတ်ကပ်ပစ္စည်းမျိုးစုံက ပုံစံမျိုးစုံ တံဆိပ်မျိုးစုံနဲ့ နေရာယူနေကြပါတယ်။
ဒါပေမဲ့ ခက်တာက အဲ့ပစ္စည်းတွေက ဈေးမသေးတာပါ။ mask sheet တစ်ခုကိုပဲ ဈေးအနည်းဆုံး ၁၅၀၀ ကနေ ၆၀၀၀ လောက်ထိ ပေးနေရတာဆိုတော့ တစ်ခါလေသုံးဖို့ဆို ဘက်ဂျက် သိပ်မထိခိုက်ပေမဲ့ အမြဲစွဲသုံးဖို့ဆိုရင် ဘက်ဂျက်ချိန်သုံးနေရတဲ့ ကျောင်းသူလေးတွေ၊ ရုံးသမားတွေအတွက် အဆင်မပြေပါဘူး။ တစ်ခါတစ်လေ သုံးတော့လဲ ထိရောက်မှုက သိပ်မရှိလှဘူးရယ်။
အဲ့တော့အဲ့လို mask sheet တွေနဲ့ အာနိသင်တူတဲ့ DIY mask လုပ်နည်းလေး ပြောပြပေးမယ်နော်။
လိုတာတွေကတော့ ………..
– ကိုယ်လိမ်းနေကျ moisturizer (cream type, gel type) အကုန်ရပါတယ်။
– အုန်းရည် (သို့) rose water နှင်းဆီရည် {အသားအရမ်းခြောက်တတ်တဲ့သူက အုန်းရည်ကို သုံးပါ၊ ပုံမှန်အသားရည်ပိုင်ရှင်နဲ့ ဝက်ခြံရှိတဲ့သူတွေကတော့ နှင်းဆီရည်ကို သုံးပါနော်)
လုပ်နည်းလေးကတော့ moisturizer ကို လက်တစ်ကော်စာယူပြီး ခွက်သန့်သန့်လေးထဲ ထည့်ထားပါ။ နောက်ပြီး အုန်းရည်သို့ နှင်းဆီရည်ကို ထမင်းစားဇွန်း ၁ ဇွန်းထည့်ပါ။ အနှစ်ပြစ်ပြစ်လေးဖြစ်တဲ့ထိ ရောမွှေပါ။
အနှစ်ပြစ်ပြစ်လေးရပြီဆိုရင် သန့်စင်တဲ့ မျက်နှာပေါ်မှာ ထူထူလေးလိမ်းပြီး မိနစ် ၂၀ လောက်ထိ ထားပေးပါ။ ပြီးရင်တော့ wet tissue လေးနဲ့ သုတ်ချပေးပြီး ပုံမှန်လိမ်းနေကျ skincare steps တွေအတိုင်း လိမ်းပေးရုံပါပဲနော်။
ဒါဆိုရင်တော့ လွယ်လဲလွယ်ကူတယ် ဘက်ဂျက်ချွေတာရာလဲ ရောက်တယ်။ ကိုယ့်နဲ့မတည့်တဲ့ mask sheet တွေသုံးမိမှာလဲ မစိုးရိမ်ရတော့ဘူးပေါ့။
ကဲ.. ဒါဆိုရင်တော့ ကိုယ်နဲ့ကိုက်ညီတာ ဘယ်ဟာရွေးရမလဲမသိတဲ့သူတွေရယ်၊ ဘက်ဂျက်ချိန်နေရတဲ့သူတွေအဖို့ ဘာကိုဘယ်လိုချိန်ဝယ်ရမလဲ မသိတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်နော်။
Scarlette (ဆေး၁)