အသည်းရောင် အေ ရောဂါဟာ အသည်းရောင်ဗိုင်းရပ်စ် အေ (Hepatitis A virus)အမျိုးအစားကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ တစ်ချို့တွေကျ အသည်းရောင် အေ ရောဂါ ကို အေအိုင်ဒီအက်စ်ကြောင့်ဖြစ်တဲ့အသည်းရောင်ရောဂါ လို့ထင်တတ်ကြပါတယ်။အဲ့ဒါမှားပါတယ်။
အသည်းရောင်ခြင်းကို ဖြစ်စေနိုင်သော ဗိုင်းရပ်စ်ပိုးတွေကို
- အသည်းရောင်အေပိုး(Hepatitis A virus)၊
- အသည်းရောင်ဘီပိုး(Hepatitis B virus)၊
- အသည်းရောင်စီပိုး(Hepatitis C Virus) ၊
- အသည်းရောင်ဒီပိုး(Hepatitis D Virus)၊
- အသည်းရောင်အီးပိုး(Hepatitis E virus)၊
- အသည်းရောင်ဂျီပိုး(Hepatitis G Virus) ဆိုပြီး ခြောက်မျိုးခွဲခြားနိုင်ပါတယ်။
အသည်းရောင် အေ ပိုးကြောင့် ဖြစ်ရင် အသည်းရောင် အေ ရောဂါလို့ခေါ်ပြီး အသည်းရောင် ဘီ ပိုးကြောင့်ဖြစ်ရင် အသည်းရောင် ဘီ ရောဂါလို့ ခေါ်ကာ အသည်းရောင် စီ ပိုးကြောင့် ဖြစ်ရင် အသည်းရောင် စီ ရောဂါ စသဖြင့် အသီးသီးခေါ်ဝေါ်ကြပါတယ်။
အသည်းရောင် ဗိုင်းရပ်စ်ပိုး A,B,C,D,E,G ခြောက်မျိုးအနက် A,B,C ပိုးသုံးမျိုးဟာ ကူးစက်ပျံ့နှံ့မှုများပြီး အသည်းရောင်ခြင်းကို အများဆုံးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေဖြစ်ပါတယ်။ လူအများစုအနေနဲ့က အသည်းရောင် ဘီ ရောဂါ နဲ့ အသည်းရောင် စီ ရောဂါအကြောင်းသိကြပေမယ့် အသည်းရောင် အေ ရောဂါအကြောင်းကျ သိပ်မသိကြပါဘူး။ ဒါကြောင့်ဒီတစ်ပတ်မှာ အသည်းရောင် အေ ရောဂါ အကြောင်းကို ရေးသားတင်ပြချင်ပါတယ်။
အသည်းရောင် အေ ရောဂါဟာ ကူးစက်မြန်တဲ့ ကူးစက်လွယ်တဲ့ အသည်းရောင်ရောဂါဖြစ်ပါတယ်။
မစင်တွေပါတဲ့ စားစရာ သောက်စရာတွေကို စားမိ သောက်မိရာမှတစ်ဆင့် အဓိက ကူးစက်ပါတယ်။
အိမ်သာတက်ပြီး လက်မဆေးတဲ့သူ ချက်ထားတဲ့၊ပြင်ထားတဲ့ အစားအသောက်တွေကို စားသောက်မိတာ
မိမိကိုယ်တိုင်က အိမ်သာတက်ပြီး လက်စင်အောင်မဆေးဘဲ အစားအသောက်စားတာ
ယင်နားစာတွေစားသောက်မိတာ(ယင်ဆိုတာက အမှိုက်ပုံ၊မစင်ပုံတွေပေါ်နားလိုက် အစားအသောက်တွေပေါ်နားလိုက် လုပ်တတ်ပါတယ်။)
ရေဆိုးရေညစ်တွေထဲကရတဲ့ ငါး စားမိတာ
အသား ငါး နဲ့ ပင်လယ်စာတွေကို သေချာကျက်အောင်မချက်ဘဲစားတာ
မသန့်ရှင်းတဲ့ရေကိုသောက်မိတာ
အသည်းရောင်အေပိုးရှိတဲ့သူနဲ့ နီးကပ်စွာအတူနေတာ၊အတူနေလိင်ဆက်ဆံတာ မျိုးတွေကနေ တစ်ဆင့်ကူးစက်ပါတယ်။
ချောင်းဆိုး၊နှာချေတာမျိုးကနေ မကူးစက်တတ်ပါ။ ရောဂါပိုးဝင်ရောက်ကူးစက်ခံရပြီး ရက်သတ္တပတ်အနည်းငယ်ကြာမှ ရောဂါလက္ခဏာစပြပါတယ်။ တစ်ချို့တွေမှာ ဘာလက္ခဏာမှ မပြတာမျိုးလည်းရှိပါတယ်။ အသည်းရောင် အေ ရောဂါလက္ခဏာတွေကတော့
– အဖျားငွေ့ငွေ့နဲ့ဖျားတာ
– နုံးပြီး အားမရှိသလိုဖြစ်တာ
– ပျို့အန်တာ
– အစားအသောက်ပျက်တာ
– ဗိုက်ညာဘက်အခြမ်းမှာ မအီမသာဖြစ်တာ
– ဝမ်းကရွှံ့ရောင်တွေသွားတာ
– ဆီးမည်းတွေသွားတာ
– အဆစ်တွေကိုက်ခဲနာကျင်တာ
– အရေပြားနဲ့မျက်လုံးတွေဝါတာ
– ယားတာ စသဖြင့်ပါ။
အများအားဖြင့်တော့ ကိုယ်ခံအားစနစ်က တိုက်ထုတ်လို့နိုင်သွားရင် ဒီရောဂါလက္ခဏာတွေဟာ သိပ်မပြင်းထန်ဘဲ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အခါမှာပျောက်နိုင်ပါတယ်။ တစ်ချို့တွေမှာကျ ကိုယ်ခံအားစနစ်က မတိုက်ထုတ်နိုင်ဘဲ လပေါင်းအတော်ကြာတဲ့အထိ ပြင်းပြင်းထန်ထန်ဖျားတာမျိုးဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖော်ပြပါလက္ခဏာတွေဖြစ်လာရင် အချိန်ဆွဲမနေဘဲ နီးစပ်ရာဆေးရုံဆေးခန်းပြထားဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ အသည်းရောင် အေ ရောဂါ ဟာ နောက်ဆက်တွဲအနေနဲ့ အသည်းရောင် ဘီရောဂါ အသည်းရောင်စီရောဂါ တွေလို နာတာရှည် အသည်းရောင်ခြင်းဖြစ်ပြီး အသည်းခြောက်တာ အသည်းကင်ဆာ တွေ မဖြစ်စေနိုင်ပေမယ့် ရုတ်တရက် အသည်းလုပ်ငန်းဆောင်တာတွေရပ်ဆိုင်းသွားတာ(Acute Liver Failure)မျိုးကို ဖြစ်စေနိုင်ပါတယ်။
အဲ့အခါကျ ဆေးရုံတက်ပြီး အသည်းအစားထိုးဖို့လိုတာမျိုးထိဖြစ်သွားနိုင်ပါတယ်။ အသည်းရောင် အေ ရောဂါ မဖြစ်အောင်ကာကွယ်နည်းတွေကတော့..
-ယင်လုံအိမ်သာသုံးပါ။
-တကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ပါ။
-အိမ်သာတက်ပြီးတိုင်းနဲ့အစာမစားမီတိုင်း သို့မဟုတ် အစားအသောက်ပြင်ဆင်ချက်ပြုတ်မှုမလုပ်မီတိုင်း မှာ လက်ကိုဆပ်ပြာနဲ့သေချာဆေးပါ။
-အပြင်စာတွေ၊လမ်းဘေးအစားစာတွေကို တတ်နိုင်သလောက်ရှောင်ပါ။
-ယင်နားစာတွေမစားမိပါစေနဲ့။အစားစာတွေကိုသေချာကျက်အောင်ချက်ပြုတ်ပါ။ပူပူနွေးနွေးစားပါ။
-ရေကိုကျိုချက်သောက်ပါ။ရေသန့်သောက်ပါ။
-အသည်းရောင် အေ ရောဂါ ကာကွယ်ဆေးထိုးထားပါ။
-အသည်းရောင် အေ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ပြည့်အောင် ထိုးခြင်းဖြင့် အသည်းရောင် အေ ရောဂါ မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။
Author : Dr 528