ပျိုမေတို့ရဲ့ အလှအပတွေထဲမှာ ပြုံလိုက်တိုင်းလှပဖို့ ပံ့ပိုးနေတဲ့သွားတွေကလည်း အချက်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိရှိနဲ့အားပါးတရ ရယ်မောဖို့ဆိုရင် သွားလေးတွေသန့်ရှင်းလှပခိုင်ခံ့ ကျန်း မာဖို့လိုပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်လုပ်လိုက်တဲ့အပြုအမူတွေ၊ အစားအသောက်တွေက သွားကိုထိခိုက် ပျက်စီးစေတတ်တာကို သတိမထားမိတတ်ပါဘူး။ ဒါကြောင့် သွားကျန်းမာရေးကိုထိခိုက်စေတဲ့ အချက်လေး တွေကိုဖော်ပြလိုက်ပါတယ်။
အပ်ချည်ကြိုးကို ဖြတ်တောက်တာ၊ ဘူးအဖုံးဖွင့်တာမျိုးတွေကို သတိလက်လွတ်နဲ့သွားကို အသုံးပြုမိတဲ့ အခါ သွားကြွေလွှာတွေကို ပျက်စီးစေတယ်ဆိုတာ မမေ့ပါနဲ့။ ဒါ့ပြင် လက်သည်းကိုက်တတ်တဲ့အကျင့်ကလည်း သွားတွေကိုပျက်စီးစေပြီး ရေခဲကိုကြိတ်ဝါးတာဟာလည်း သွားကြွေလွှာတွေကိုပျက်စီးစေပါတယ်။
သွားတွေကို အဝါရောင်သွားနှစ်လွှာနဲ့ ပြုလုပ်ထားတာဖြစ်ပြီး သွားအပေါ်ယံလွှာတွေအက်တာဟာ ပူ လွန်းချိန်ရုတ်တရက် အပြောင်းအလဲကြောင့် ဖြစ်ရတာပါ။ ဒါကြောင့်အေးနေတဲ့အချိန်မှာ ပူလွန်းတဲ့အရည်ကို သောက်မိတဲ့အခါ သွားကြွေလွှာမှာဖိအား သက်ရောက်ပြီးသွားမျက်နှာပြင် အက်ကွဲစေနိုင်ပါတယ်။ အေးမြလွန်း တဲ့ရာသီဥတုမှာ ပါးစပ်ပေါ်ကိုပဝါလေးအုပ်ပေးတဲ့နည်းနဲ့ သွားရဲ့အပူချိန်အပြောင်းအလဲမဖြစ်အောင် ဂရုစိုက် သင့်ပါတယ်။
ရေကူးကန်ထဲမှာ ခတ်ထားတဲ့ကလိုရင်းဟာ သွားတွေကိုအရောင်ပြောင်းလဲစေပြီး သွားကြွေလွှာတွေကို ထိခိုက်စေပါတယ်။ ကလိုရင်းဟာရေနဲ့ဓာတ်ပြုပြီး အားနည်းတဲ့ဟိုက်ဒရိုကလိုရင်း အက်စစ်တစ်မျိုးထွက်ရှိလာ ပြီးသွားတွေကို ထိခိုက်စေတဲ့အတွက် ရေကူးတဲ့အခါအတတ်နိုင်ဆုံး သွားနဲ့ကလိုရင်းခတ်ထားတဲ့ရေတွေ ထိ တွေ့မှုမရှိစေရန် ပါးစပ်ဟပြီးရေမကူးမိအောင်သတိထားပါ။
အစာစားပြီးတဲ့အခါ ပါးစပ်ဆေးတာ၊ ပလုတ်ကျင်းတာတွေက ခံတွင်းကျန်းမာရေးအတွက် အင်မတန် ကောင်းပေမယ့် တချို့တွေကျတော့ အစာစားပြီးပြီးချင်းသွားတိုက်တတ်ကြပါတယ်။ ဒါဟာ သွားတွေကိုပျက်စီး စေတဲ့ အကြောင်းတစ်ချက်ပါပဲ။ အစာစားတဲ့အခါ ထွက်လာတဲ့အက်စစ်တွေက သွားကြွေလွှာတွေကိုယာယီ အားနည်းသွားစေပါတယ်။ ဒီအချိန်မှာ သွားတွေကိုပွတ်တိုက်တဲ့အတွက် သွားတွေပျက်စီးစေနိုင်လို့ သွားတိုက် ချင်ရင်အစာစားပြီး တစ်နာရီခွဲလောက်နေမှ သွားတိုက်ပါ။
သွားတိုက်တာကို တစ်နေ့နှစ်ကြိမ်ကနေ အများဆုံးသုံးကြိမ်အထိပဲပြုလုပ်သင့်ပါတယ်။ တချို့တွေကအ သန့်လွန်ပြီး အားတိုက်သွားတိုက်နေတာဟာ ကြွေလွှာတွေကိုပျက်စီးပြီး သွားလှပမှုကို ထိခိုက်စေတာဟာမမေ့ ပါနဲ့။ တစ်နေ့သုံးကြိမ်ထက်ကျော်လွန်ပြီး အလွန်အကျွံတိုက်မယ်ဆိုရင် သွားကြွေလွှာတွေအပြင် သွားဖုံးတွေကို ပါနာကျင်ပျက်စီးစေနိုင်ပါတယ်။
သကြားများတဲ့ သွားရေစာစားတာနဲ့ ဖျော်ရည်များများသောက်တာတွေဟာ သွားပိုးစားနိုင်တဲ့အဓိက အန္တရာယ်တွေဖြစ်ပါတယ်။ တချို့အစားအသောက်တွေမှာ အရောင်ထည့်ထားတာတွေအများအပြား ပါဝင်တာ ကိုတွေ့ရပြီး အဲဒီအစားအစာတွေကို စားပြီးတဲ့အခါသွားတွေမှာပါ အရောင်တွေစွန်းထင်ပြီး ကျန်ခဲ့တာကိုသတိ ပြုပါ။ ဒါ့ပြင် ကော်ဖီလို၊ ဝိုင်နီလိုအရည်တွေရဲ့ စွန်းထင်းမှုကနက်ရှိုင်းပြီး သွားနှစ်လွှာထဲကိုရောက်သွားတာနဲ့ ပိုးဝင်တာနဲ့ပြည်တည်တာတို့ ဖြစ်တတ်တာကို သတိပြုစေချင်ပါတယ်။
ပြုံးလိုက်တိုင်း ယုံကြည်မှုရှိတဲ့ပြုံးအလှပိုင်ရှင်များ ဖြစ်ကြပါစေ။
Author: ရွှေနန်းစံ (Vol-8 /No-11) Healthcare Journal