မျက်နှာနှင့်ခံတွင်းတွင်ရှိသော တစ်သျှူးများလျှင်မြန်စွာ ပျံ့နှံ့ပြီးပုပ်ဆွေးသွားသောအနာဖြစ်ပါ သည်။ အသက် ၆ နှစ်မှ ၁၂ နှစ်ကြားအရွယ်ကလေးများတွင် တွေ့ရတတ်ပါသည်။ ပါးပေါက်နာရောဂါကိုနိုမာဟူ ၍လည်းခေါ်ကြပါသည်။
ရောဂါဖြစ်စေသောအကြောင်းအရင်း
ပါးပေါက်နာရောဂါသည်ကလေးများတွင် အာဟာရချို့တဲ့ခြင်း၊ ကိုယ်ခံအားနည်းခြင်းနှင့် ဝက်သက် ပေါက်ခြင်းတို့နဲ့ ဆစ်စပ်မှုရှိတတ်ပါသည်။ ရောဂါအခြေအနေကို ပိုမိုဆိုးရွားအောင်အားပေးသော အကြောင်းရင်း များမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အဆုတ်ရောင်ရောဂါ၊ တီဘီရောဂါ၊ သွေးအားနည်းရောဂါ၊ ကာလသားရောဂါ နှင့်ဆုံဆို့နာရောဂါတို့ဖြစ်ပါသည်။
ရောဂါလက္ခဏာများ
ပါးပေါက်နာရောဂါအစတွင် ကလေးများ၌သွားဖုံးပုပ်နာ ဖြစ်တတ်ပါသည်။ သွားဖုံးပေါ်တွင်အနာများ သည်အဖတ်ကဲ့သို့ ကွာကျလာပါသည်။ အနာပေါ်တွင်ဝါညိုညိုအဖတ်များ ဖုံးအုပ်နေခြင်းကိုတွေ့ရပါသည်။ ပါး စပ်မှဆိုးရွားသောအနံ့များ ထွက်လာတတ်ပါသည်။ သွားဖုံးသားတွေထိခိုက်နာကျင်တတ်ပါသည်။ အစားအ သောက်ပျက်ခြင်း၊ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် အကျိတ်များထွက်လာတတ်ပါသည်။
ရောဂါကူးစက်ခြင်း
သွားဖုံးအနာမှပါးစပ်ကို ကူးစက်တတ်ပါသည်။ ၎င်းမှတစ်ဆင့် မေးရိုး၊ နှုတ်ခမ်းစသောတစ်သျှူးများကို ကူးစက်နိုင်ပါသည်။
ရောဂါဖြစ်ကြောင်းသိနိုင်သော အချက်များ
ပါးပေါက်နာရောဂါဖြစ်ပါက ပါးအောက်တွင်ရှိသော အရေပြား၌ရောင်ရမ်းပုပ်ဆွေးပြီး တဖြည်းဖြည်းအ ရောင်ပြောင်းလာတတ်ပါသည်။ အနက်ရောင်ဆန်ဆန်ဖြစ်လာတတ်ပါသည်။ မကောင်းသောတစ်သျှူးသည်ပုပ် ဆွေးပြီးမေးရိုးထိပေါက်ထွက်လာကာ ပါးပေါက်နာဖြစ်လာတတ်ပါသည်။
နောက်ဆက်တွဲဆိုးကျိုးများ
ပါးပေါက်နာရောဂါသည် ကူးစက်ပျံနှံ့မှုနှုန်းမြန်ဆန်ပါသည်။ သွားဖုံးအနာမှ ပါးစပ်တစ်ခုလုံးအနာဖြစ် လာနိုင်ပါသည်။ ထိရောက်စွာစောစောစီးစီး မကုသဘဲထားပါက နာတာရှည်အနာဖြစ်လာနိုင်ပါသည်။ ၎င်းမှတစ် ဆင့်ပါးပေါက်နာဖြစ်သွားတတ်ပါသည်။ ပါးပေါက်နာရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် သွေးဆိပ်တက် ခြင်းနှင့်အဆုတ်ရောင်ခြင်းဖြစ်ကာ ခန္ဓာကိုယ်တစ်ခုလုံးပျံ့နှံ့ပြီး အသက်သေဆုံးနိုင်ပါသည်။
ရောဂါကိုကုသခြင်း
ပါးပေါက်နာရောဂါရှိသောသူများသည် အာဟာရပြည့်ဝသော အစားအစာများကိုစားပေးရပါသည်။ လူ နာ၏ပါးစပ်ထဲတွင်ရှိသော အစားအစာများ၊ အညစ်အကြေးများနှင့် တွယ်ကပ်နေသောအရာများကို ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်နှစ်ထားသော ဂွမ်းနှင့်သွားဖုံးမျက်နှာပြင်ကို ပွတ်ပေးရပါမည်။ ခံတွင်းသန့်ဆေးရည်များနှင့် ဆေး ပေးရပါမည်။ သွားမျက်နှာပြင်တွင် ကျောက်များရှိပါက ဖယ်ရှားပေးရပါမည်။ တံတွေးအထွက်များပါက ရေများ များသောက်ပေးရပါမည်။ လူနာတွင်ဝမ်းလျှောဝမ်းပျက်၊ အဆုတ်ရောင်ခြင်း၊ အဆုတ်တီဘီရောဂါ၊ ဝက်သက် ရောဂါနှင့်ဆုံဆို့နာရောဂါများရှိပါက ပျောက်ကင်းအောင်ကုသထားရပါမည်။
ပါးပေါက်နာရောဂါပြင်းထန်လာပါက သွားနှင့်ခံတွင်းဘက်ဆိုင်ရာ အထူးကုဆရာဝန်များအားပြသရပါ မည်။ လူနာအားပဋိဇီဝဆေး၊ အကိုက်အခဲပျောက်ဆေးနှင့် အခြားဆေးများဖြင့်ကုသပေးပါလိမ့်မည်။
ရောဂါကိုကာကွယ်ခြင်း
သွားနှင့်ခံတွင်း သန့်ရှင်းရေးကိုအထူးဂရုစိုက်ရပါမည်။ သွားများကိုနေ့စဉ်ပုံမှန် မနက်တစ်ကြိမ်၊ ညတစ် ကြိမ်တိုက်ပေးရပါမည်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ထိန်းသိမ်းရပါမည်။ အာဟာရရှိသောအစားအစာများကို စားသုံးပေးရပါမည်။ အိပ်ရေးဝအောင်အိပ်ရပါမည်။ သွားပိုးစားရောဂါရှိသော သွားများကိုဖာထေးရပါမည်။ ဆိုး ရွားကိုက်ခဲသောသွားများကို နှုတ်ပစ်ပေးရပါမည်။ အကြောထုတ်ခြင်းများ ဆောင်ရွက်ပေးရပါမည်။ သွားမျက်နှာ ပြင်တွင်ကျောက်များရှိပါက ဖယ်ရှားပြီးသန့်ရှင်းရေးပြုလုပ်ပေးရပါမည်။
ပါးပေါက်နာဖြစ်တတ်သော အသက် ၆ နှစ်မှ ၁၂ နှစ်ကြားကလေးများကို ပိုမိုဂရုစိုက်ရန်လိုအပ်ပါသည်။ ကလေးများ၏ သွားနှင့်ခံတွင်းသန့်ရှင်းရေးကို ပုံမှန်ဆောင်ရွက်ပေးရပါမည်။ လိုအပ်ပါကသွားနှင့်ခံတွင်း ဆရာ ဝန်များထံခြောက်လတစ်ကြိမ် စစ်ဆေးရပါမည်။ ပါးပေါက်နာကြောင့် ကလေးများ၏သွားပျက်စီးဆုံးရှုံးမှုနှင့် မညီ မညာသွားထပ်ခြင်းဖြစ်ကာ အရုပ်ဆိုးအကျည်းတန်တတ်ပါသည်။ ထို့ကြောင့် ပါးပေါက်နာရောဂါမဖြစ်စေရန် ကြို တင်ကာကွယ်ခြင်းများကို ဆောင်ရွက်သင့်ကြောင်းတင်ပြအကြံပြုအပ်ပါသည်။
Author: ဒေါက်တာကောင်းစံ (Vol-8 / No-11) Healthcare Journal