အမျိုးသမီးတွေကိုထိတ်လန့်စေတဲ့ ခန္ဓာကိုယ်တွင်းက ပျက်စီးမှုတွေမှာအရိုးပွရောဂါဟာလည်း တစ်ခုအ ပါအဝင်ပါပဲ။ အမျိုးသမီးတွေ အရွယ်ရောက်တဲ့အချိန်ကစလို့ သွေးဆုံးချိန်တိုင်အောင် လစဉ်ကြုံတွေ့ရတဲ့ဓမ္မတာ ကိစ္စကြောင့်အရိုးဖွ့ဲစည်းပုံတွေ ပြောင်းလဲရာကနေ ချို့ယွင်းလာတဲ့အချက်အနေနဲ့ ပါဝင်ပါတယ်။ တစ်စတစ်ယို ယွင်းလာမယ့်အရိုးကို ကြိုတင်စောင့်ရှောက်မှုတွေ၊ မှန်ကန်တဲ့နေထိုင်စားသောက်မှုတွေနဲ့ ထိန်းသိမ်းကာကွယ်ရ ပါတော့မယ်။ အရိုးပွရောဂါကြောင့် တော်တော်များများဟာ ထိခိုက်မှုမပြင်းထန်တဲ့သာမန်အချိန်မျိုးမှာတောင် အရိုးကျိုးလွယ်ပြီး သေဆုံးရသူတွေ၊ နာတာရှည်လူမမာဖြစ်ရတာတွေဟာ ကြောက်စရာကောင်းလှပါတယ်။ ဘာ ကြောင့်ဖြစ်ရတယ်။ ဘာတွေလိုက်နာသင့်တယ်ဆိုတာ လေ့လာမှတ်သားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
အရိုးပွတယ်ဆိုတာ ဘာကိုပြောတာလဲ
အရိုးထုရဲ့ ၉၉ ရာခိုင်နှုန်းဟာ ကယ်စီယမ်ဓာတ်နဲ့ဖွဲ့စည်းထားတာပါ။ သွေးအတွက်လိုတဲ့ကယ်စီယမ်ပ မာဏကိုအစားအသောက်တွေကနေ ရရှိပါတယ်။ လုံလောက်တဲ့ပမာဏကို မရတဲ့အခါမှာတော့ အရိုးထုထဲက နေကယ်စီယမ်ဓာတ်တွေကို သွေးအတွက်ထုတ်လွှတ်ပေးပါတယ်။ အဲဒီလိုနဲ့အရိုးထုမှာရှိတဲ့ ကယ်စီယမ်ပမာဏ နည်းလာပြီးအရိုးထဲမှာ အပေါက်ကြီးတွေဖြစ်ကာ အရိုးကျွတ်ဆတ်လာပါတယ်။ သာမန်ထိခိုက်လဲကျရုံနဲ့ အရိုး ကျိုးလွယ်လာပါလိမ့်မယ်။ အသက် ၃၅ နှစ်ကျော်တာနဲ့ အရိုးပါးလာပြီးအားနည်းလာပါတယ်။ အမျိုးသမီးတွေ ပိုမိုအဖြစ်များပြီး သွေးဆုံးပြီး ၃ နှစ်ကနေ ၆ နှစ်ကျော်လာတဲ့အချိန်မှာ ပိုမိုမြန်ဆန်အရိုးပွလာပါတယ်။
ဘယ်သူတွေပိုအဖြစ်များလဲ
မိသားစုထဲမှာအရိုးပွရောဂါရှိရင် ပိုမိုဖြစ်နိုင်ချေများပါတယ်။ မျိုးရိုးလိုက်ပြီး အရိုးဖြစ်ပွားစေမယ့်အခြေအ နေကိုထိပါးနိုင်ပါတယ်။ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့သူတွေနဲ့ နေ့စဉ်စားသောက်တဲ့အစားအသောက်တွေ ထဲမှာကယ်စီယမ်ဓာတ်နဲ့ ဗီတာမင်ဓာတ်လုံလောက်စွာမပါဝင်ရင်လည်း အရိုးပွလာပါလိမ့်မယ်။ ၄၅ နှစ်မတိုင်ခင် စောစောသွေးဆုံးတဲ့ အမျိုးသမီးတွေ၊ သားအိမ်နဲ့ သားဥအိမ်ခွဲထုတ်ထားရတဲ့ အမျိုးသမီးတွေမှာအီစထရိုဂျင် ဟော်မုန်းချို့ယွင်းနေတဲ့အတွက် အရိုးပွရောဂါဖြစ်စေပါတယ်။
စတီးရွိုက်ဆေး (ပရီနီစလုံး) ရေရှည်သုံးစွဲသူတွေမှာလည်း အရိုးပွရောဂါအဖြစ်များပါတယ်။ ဆေးလိပ် သောက်တဲ့အမျိုးသမီးတွေမှာ အီစထရိုဂျင်ဓာတ်လျော့နည်းလာပြီး အရိုးပွခြင်းကိုဖြစ်ပေါ်စေပါတယ်။ အမျိုးသား များလည်းဆေးလိပ်အသောက်များရင် တက်စရိုစထီရုန်းကျားဟော်မုန်းဓာတ် နည်းလာကာအရိုးပွလာပါတယ်။ အရက်သမားအရိုးဖြစ်ထွန်းစေမယ့်ဆဲလ်တွေ ခန္ဓာကိုယ်ကထုတ်လွှတ်ပေးတာကို ဟန့်တားလျှော့နည်းစေလို့အ ရက်သောက်သုံးရင်လည်း အရိုးပွရောဂါဖြစ်ဖို့များပါတယ်။
တစ်နေ့ကိုကယ်စီယမ်ဘယ်လောက်လိုအပ်သလဲ
အရိုးပွခြင်းမဖြစ်ရအောင် အဓိကကာကွယ်နည်းက ကယ်စီယမ်ဓာတ်ကိုငယ်စဉ်ကပင် လုံလုံလောက် လောက်စားသင့်ပါတယ်။ မွေးစကနေခြောက်လ၊ တစ်နှစ်အတွင်းမိခင်နို့ရည်က တစ်ဆင့်ကယ်စီယမ်ဓာတ်ကို ရရှိပြီးနောက်ပိုင်းမှာစားတဲ့ အစာတွေကတစ်ဆင့်ရပါတယ်။ အသက် ၈ နှစ်က ၂၃ နှစ်ဝန်းကျင်အထိဟာအရိုး တည်ဆောက်မှုဖွံ့ဖြိုးတဲ့အချိန်ဖြစ်လို့ ကယ်စီယမ်ဓာတ်ပိုမိုလိုအပ်ပါတယ်။ ၁ နှစ်ကနေ ၁၀ နှစ်အတွင်းဆိုရင် တစ်နေ့ကိုကယ်စီယမ်ဓာတ် ၈၀၀ ကနေ ၁၂၀၀ မီလီဂရမ်၊ ၁၁ နှစ်ကနေ ၂၄ နှစ်အတွင်းကို ၁၂၀၀ ကနေ ၁၅၀၀ မီလီဂရမ်လောက်အထိ ပါဝင်အောင်စားသုံးပေးရမှာဖြစ်ပါတယ်။
အမျိုးသမီးတို့မှာတော့ အပျိုဖော်ဝင်ချိန်ကနေအသက် ၅၀ အထိ သန်မာတဲ့အရိုးတွေအတွက် လိုအပ် တဲ့ကယ်စီယမ်ပမာဏဟာ တစ်နေ့ကို ၁၀၀၀ မီလီဂရမ်အထိဖြစ်ပြီး အသက် ၅၀ ကျော်နောက်ပိုင်းမှာတော့ ၁၅၀၀ မီလီဂရမ်နေ့စဉ်လိုအပ်ပါတယ်။
ဘယ်လိုကြိုတင်ကာကွယ်မလဲ
ကယ်စီယမ်ဓာတ်အများဆုံးရနိုင်တာ နို့၊ နို့ခဲနဲ့ ဒိန်ချဉ်တို့ဖြစ်ပါတယ်။ နို့တစ်ဖန်ခွက်မှာ ၃၀၀ မီလီဂရမ်ပါ ဝင်ပါတယ်။ ဒိန်ချဉ်တစ်ဖန်ခွက်မှာတော့ ၄၀၀ မီလီဂရမ်ပါဝင်ပါတယ်။ သင့်တော်မယ့်နို့ကို နေ့စဉ်ပုံမှန်သောက် ပေးသင့်သလို၊ တစ်နေ့တာလိုအပ်တဲ့ ကယ်စီယမ်ကို ဒိန်ချဉ်တစ်နေ့တာသုံးခွက်လောက်သောက်ပေးခြင်းက ရရှိနိုင်ပါတယ်။ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကနေ ကယ်စီယမ်ဓာတ်ကိုရရှိနိုင်လို့ စားသုံးသင့်ပါ တယ်။ မုန်ညှင်းဖူး၊ ဂေါ်ဖီထုပ်တွေကိချက်ပြုတ်ပြီး ဟင်းရည်သောက်ပန်းကန်အသေးတစ်လုံးစာ ၂၀၀ မီလီဂရမ် ရှိတဲ့ ကယ်စီယမ်ကိုရယူပါ။
အရိုးပါစားနိုင်တဲ့ငါး၊ ငါးပဲဖြူ၊ ငါးသလဲထိုး၊ ငါးသံချိတ်စတဲ့ငါးတွေဟာ ကယ်စီယမ်ဓာတ်ကိုပေးစွမ်းနိုင်ပါ တယ်။ ပဲပိစပ်နဲ့တို့ဖူးကလည်း အရိုးကိုသန်မာသိပ်သည်း ကြံ့ခိုင်စေပြီးတို့ဖူးပန်းကန်လုံးတစ်လုံးဟာ ၂၅၈ မီလီ ဂရမ်နဲ့ညီမျှတဲ့ကယ်စီယမ်ဓာတ်ကိုရလို့ အမျိုးသမီးတွေမှာအဖြစ်များတဲ့ အရိုးပွရောဂါကိုကာကွယ်နိုင်ပါတယ်။ အရိုးထုထည် ဆုံးရှုံးမှုကိုကာကွယ်ပေးရုံသာမက အရိုးထုထည်ကိုပါခိုင်ခံ့စေပြီး ဘိုရွန်၊ ပိုတက်စီယမ်နဲ့ ဗီတာမင် ကေဓာတ်တွေအဓိက ပါဝင်တဲ့ဆီးဖြူသီးကလည်း အရိုးပွရောဂါအတွက်စားသုံးပေးသင့်ပါတယ်။
လမ်းအမြန်လျှောက်ခြင်း၊ တင်းနစ်၊ ယောဂနှင့်ကခုန်ခြင်းတွေဟာ အရိုးသန်မာမှုကိုအထောက်အကူဖြစ် စေလို့ငယ်ရွယ်သူတွေအတွက် များစွာအသုံးဝင်ပါတယ်။ ဆားအလွန်အကျွံစားခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းတို့ကို ရှောင်ပါ။ အားလုံးပဲမှန်ကန်တဲ့ စားသောက်နေထိုင်မှုနဲ့ အရိုးသန်စွမ်း ကျန်းမာကာဘဝတစ်သက်တာ ပျော်ရွှင်နိုင်ကြပါစေ။
Author: ညီညီကျော် (Vol-8 / No-12) Healthcare Journal