ရာသီတုပ်ကွေးဗိုင်းရပ်စ်ဟာ တစ်နှစ်ပတ်လုံး အချိန်မရွေး နေရာ မရွေး ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးပဲ ဖြစ်ပါတယ်၊၊ လူတစ်ဦးကနေ အခြားတစ်ဦးကို လေထဲကနေ တဆင့် ကူးစက်လွယ်လွန်းတဲ့ ဗိုင်းရပ်စ် ဖြစ်တဲ့အတွက် ရာသီတုပ်ကွေးကို ပေါ့ပေါ့တန်တန် သဘောမထားဘဲ အထူးဂရုစိုက် သင့်ပါတယ်၊၊ တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင်တော့ ဖျားနာတဲ့ ဝေဒနာကို စတင်ခံစားရပါမယ်၊၊ ဒါဟာ အချိန်တန် ပျောက်သွားမယ့် ဖျားနာမှု အသေးစားလေးပဲလို့ ခပ်ပေါ့ပေါ့လေး မနေသင့်ပါဘူး၊၊
မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစား၀န်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ ဆိုရင် ၂၀၁၉ ခုနှစ် ဇန်န၀ါရီ ၁ရက်နေ့ကနေ ဩဂုတ် လ ၁၀ ရက်နေ့ အထိ တုပ်ကွေးကူးစက်သူ ဦးရေဟာ ၁၃,၀၄၈ ဦး ရှိနေပါတယ်၊၊ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံကြည့်ရရင် ဧရာ၀တီတိုင်းဒေသကြီးအတွင်းမှာ ကူးစက်မှုနှုန်း အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်၊၊ ဒုတိယ အများဆုံး တုပ်ကွေးဗိုင်းရပ်စ် ကူးစက်တဲ့ ဒေသတွေကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ပဲ ဖြစ်ပါတယ်၊၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းရဲ့ ထုတ်ပြန်ကြေညာချက်အရ ဗိုင်းပ်စ်ပိုးဟာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဘယ်အသက်အရွယ် အပိုင်းအခြားမှာမဆို ကူးစက်နိုင်ပြီး နာမကျန်းဖြစ်နိုင်တဲ့အပြင် သေဆုံးတဲ့ အခြေအနေအထိ ကူးစက်နိုင်လို့ စိုးရိမ်ရပါတယ်၊၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ပါတဲ့ အထူးဂရုစိုက်ကာကွယ်ထားသင့်တဲ့သူတွေကတော့ အသက် ၆လမှ ၅နှစ်အရွယ် ကလေးငယ်တွေ၊ ကိုယ်၀န်ဆောင် အမျိုးသမီးတွေ၊ အသက် ၆၅နှစ်နဲ့ အထက် ဘိုးဘိုးဘွားဘွားတွေ၊ ဒါမှမဟုတ် နာတာရှည် ဆေးကုသမှု ခံယူထားတဲ့သူတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့၀န်ထမ်းတွေပါပဲ၊၊ ဒါဆိုရင်တော့ သင့်အနေနဲ့ ရာသီတုပ်ကွေးကို ပိုပြီး ဂရုစိုက်ဖို့ နေပါပြီ၊၊
ဒါဆို ကျန်းမာရေးအတွက် စိုးရိမ်စရာကောင်းပြီး အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်တဲ့ ရာသီတုပ်ကွေးမဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲဆိုတာ သေသေချာချာ ဂရုစိုက် ဆင်ခြင်ဖို့ လိုလာပြီ ဖြစ်ပါတယ်၊၊ လူတိုင်းအနေနဲ့ နေရာအနှံ့အပြားမှာ ပုန်းကွယ်နေတတ်တဲ့ ဗိုင်းရပ်စ်ပိုးတွေရန်ကနေ ဘယ်လိုမှ မလွတ်မြောက်နိုင်ပါဘူး၊၊ ဒီကြားထဲ နှလုံးရောဂါနဲ့ ဆီးချိုရောဂါရှိနေပြီဆိုရင်တော့ ကျန်းမာရေးကောင်းတဲ့ လူတွေထက် နှစ်ဆပိုပြီး ဂရုစိုက်ဖို့ လိုနေပါပြီ။ ဆီးချို သွေးချို ရောဂါရှင်တွေဟာ တုပ်ကွေးရောဂါဖြစ်ပွားနိုင်ခြေ ၆ဆ ပိုနိုင်ပါတယ်၊၊
ရာသီတုပ်ကွေးရောဂါအတွက် အကောင်းဆုံးနည်းလမ်းကတော့ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးတာပါပဲ၊၊ အခုဆိုရင် တုပ်ကွေးရောဂါ ကာကွယ်ဆေးတွေကို နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေမှာ လွယ်လွယ်ကူကူရနိုင်ပြီဖြစ်ပါတယ်၊၊ ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ပိုးနဲ့ ကာကွယ်ဆေးမှာ ပါ၀င်တဲ့ ဗိုင်းရပ်စ်ပိုး ကိုက်ညီမှု ရှိမယ်ဆိုရင် တုပ်ကွေးရောဂါကာကွယ်ဆေးဟာ ပိုမို ထိရောက်ပါတယ်၊၊ တုပ်ကွေးရောဂါ ကာကွယ်ဆေးကို အသက် ၆လကနေ စပြီး ထိုးနိုင်ပါတယ်၊၊ အသက် ၉ နှစ်အောက် ကလေးတွေအတွက်ကတော့ စပြီးထိုးတဲ့ နှစ်မှာ တစ်လခြားပြီး နှစ်ကြိမ်ထိုးရပါတယ်၊၊ နောက်နှစ်တွေမှာတော့ တစ်ကြိမ်ပဲ ထိုးဖို့ လိုအပ်ပါတယ်၊၊ တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးခြင်းအပြင် ရိုးရှင်းလွယ်ကူတဲ့ တစ်ကိုယ်ရည် ကာကွယ် စောင့်ရှောက်မှုတွေနဲ့လည်း ကာကွယ်နိုင်ပါတယ်၊၊ လက်တွေကို သန့်ရှင်းအောင် ပုံမှန်ဆေးကြောပြီးခြောက်သွေ့အောင် ထားပါ၊၊ အသက်ရှူ လမ်းကြောင်းမှတဆင့် ကူးစက်ခြင်းမရှိစေဖို့အတွက် သန့်ရှင်းစွာ နေထိုင်ပါ၊၊ ချောင်းဆိုး၊ နှာချေရာတွင် ပါးစပ်နဲ့ နှာခေါင်းကို တစ်ရှူးနဲ့ ဖုံးထားပါ၊၊
ပြီးရင် အသုံးပြုပြီးသား တစ်ရှူးတွေကို စနစ်တကျ မှန်ကန်စွာ စွန့်ပစ်ပေးပါ၊၊ ဆရာ၀န်တွေ အနေနဲ့လည်း ရိုးရိုးဖျားနာသူတွေနဲ့ အခြား တုပ်ကွေးလက္ခဏာ ခံစားနေရသူတွေကို ခွဲခြားကုသပေးဖို့ လိုအပ်ပါတယ်၊၊ နောက်တစ်ချက် သတိပြုရမှာက ဖျားနာသူတွေနဲ့ အနီးကပ် ထိတွေ့ခြင်းကို ရှောင်ကြဥ်ဖို့ပါပဲ၊၊ အထူးသဖြင့် ဖျားနာသူတွေရဲ့ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ထိတွေ့တာမျိုးတွေကို ဂရုပြု ရှောင်ကြဥ်ရပါမယ်၊၊
အချိန်မရွေး နေရာမရွေးဖြစ်ပွားနိုင်ပြီး အန္တရာယ်များတဲ့ ရာသီတုပ်ကွေးရောဂါပိုးရန်မှ ကာကွယ်ဖို့ နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေမှာ ယနေ့ပဲ တုပ်ကွေး ကာကွယ်ဆေးကို အမြန်ဆုံး ထိုးကြဖို့ တိုက်တွန်းလိုက်ရပါတယ်၊၊
(SPTH.VAXI.19.11.0379)