SLE ဆိုတာ ရောဂါတစ်မျိုးပါ၊ အရှည်ကတော့ Systemic Lupus Erythematosus ပါ၊ SLE ဖြစ်တဲ့လူနာတွေကတော့ SLE လို့ပဲခေါ်တက်တယ်၊ တချို့တွေကျတော့ အရေပြားလေးဘက်နာလို့ ခေါ်တယ်။SLE မှာ Systemic လို့ရေးထားတဲ့အတိုင်း တကိုယ်လုံးထိပါတယ်။ ဒီရောဂါက ကိုယ်ခံအားစနစ်တွေမှာ အလိုလိုဖောက်ပြန်ပြီး ကိုယ်ခံအားစနစ်ကိုတိုက်တဲ့ antibody တွေရှိနေတာပါ။
ဒီရောဂါက အပြီးမပျောက်ဘူး။ တောက်လျှောက်ဆေးနဲ့ ထိန်းရပါတယ်။ အဖြစ်များတာက အမျိုးသမီးတွေပါ။ အသက် 20-30 အရွယ်တွေမှာ စဖြစ်တက်တယ်။ မျိုးရိုးနဲ့မဆိုင်ပါဘူး။ ဒီရောဂါလို့ ဘယ်အချိန်မှာပြောနိုင်လဲပေါ့။ သတ်မှတ်ထားတဲ့ ရောဂါလက္ခဏာတွေမှာ ရှိပါတယ်။ ရောဂါလက္ခဏာအရ ပြောလို့ရလည်း သွေးစစ်လို့ရတာတွေ ရှိပါသေးတယ်။
ရောဂါလက္ခဏာတွေအရတော့ အရေပြားမှာ အနီကွက်တွေ ဖြစ်နိုင်တယ်။ အထူးသဖြင့် မျက်နှာမှာပါ နေရောင်ထိရင် ပိုဆိုးနိုင်တယ်။ ပါးစပ်ထဲမှာ အနာတွေ ဖြစ်တက်တယ်။ အဆစ်တွေနာနိုင်တယ်။ မောတာ ရင်ဘတ်အောင့်တာလည်း ဖြစ်နိုင်တယ်။ ရောဂါဖြစ်တဲ့သူတွေမှာ တခြားရောဂါတွေလို့ပဲ ဖျားနာတာ နုန်းတာ ကိုယ်လက်ကိုက်ခဲတာ မစားချင်မသောက်ချင် ဖြစ်တာတွေလည်း ရှိပါတယ်။
SLE ရောဂါက ဆိုးလို့ရှိရင် ကျောက်ကပ်ထိခိုက်ပါတယ်။ သွေအားနည်းတာတွေ ဖြစ်နိုင်ပါတယ်။ တက်တာတွေ စိတ်မငြိမ်တာတွေလည်း ဖြစ်နိုင်ပါတယ်။
ဒီလိုရောဂါလက္ခဏာတွေ ရှိခဲ့ရင် နီးစပ်ရာဆေးခန်း ပြပြီး လိုအပ်တဲ့ စစ်ဆေးတာတွေလုပ်ပြီး ရောဂါသေချာလား စစ်လို့ရတယ်။ ရောဂါသေချာပြီဆိုရင်တော့ ဆေးကုဖို့လိုပါတယ်။ SLE ရောဂါကုမယ်ဆိုရင်တော့ လေးဘက်နာသမားတော်တွေက ပိုပြီးသင့်တော်ပါတယ်။
SLE ရောဂါရဲ့ နောက်ဆက်တွဲတွေ ဖြစ်လာရင်တော့ ဥပမာ ကျောက်ကပ်ရောဂါ ပါ ပါလာခဲ့ရင်တော့ ကျောက်ကပ်နဲ့ဆိုင်တဲ့ သမားတော်တွေပါ တွဲပြသင့်ပြရပါတယ်။SLE ရောဂါခံစားနေရတဲ့သူ ကိုယ်ဝန်ဆောင်လို့ရလားပေါ့။ အိမ်ထောင်သည်တွေ ဖြစ်လာပြီဆိုရင် အိမ်ထောင်မပြုခင်တည်းက ကုသနေတဲ့သမားတော်တွေကို တိုင်ပင်ထားရတယ်။ SLE အတွက် တချို့သောက်ဆေးတွေက ပြင်းပါတယ်။ ကလေးယူမိတဲ့အခါ ကလေးကို ထိခိုက်စေနိုင်လားဆိုတာလည်း သေချာပြန်တိုင်ပင်ပါ။ လိုအပ်ရင် OG တွေပါ ပြထားရပါတယ်။
SLE ရောဂါလတ်တလော ဆိုးနေတဲ့သူတွေရယ် ကျောက်ကပ်ထိထားတဲ့သူတွေရယ်ကတော့ ပိုဂရုစိုက်ရတယ်။ ရောဂါမထိန်းနိုင်သေးရင် ကလေးမယူသင့်သေးဘူး။ ကိုယ်ဝန်ကြောင့် ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။
တချို့အမျိုးသမီးတွေမှာ ဘာအကြောင်းမှမရှိဘဲ ကလေးခဏခဏပျက်ကျတတ်ကြတယ်။ အဲ့လိုအမျိုးသမီးတွေမှာ တခြားရောဂါတွေခံစားရတာရှိလဲ အရေပြားအကွက်တွေ အရောင်မတူတာတွေ ဖြစ်တာတွေရှိလား သွေးနဲ့ပတ်သက်ပြီး ဘာပြဿနာရှိလဲ ဆိုတာတွေပေါ်မူတည်ပြီး ဘာရောဂါလဲသိဖို့ လိုက်ရှာရပါတယ်။ ဒီလိုရောဂါမျိုးတွေကလည်း တခါတလေမှာ SLE နဲ့တွဲတွေ့တတ်ပါတယ်။
နောက်တခုကတော့ ရောဂါကသူတစ်မျိုးတည်း ဖြစ်တက်တာ ရှိသလို တခြားသော ကိုယ်ခံအားစနစ်ကြောင့် ဖြစ်တက်တဲ့ရောဂါတွေနဲ့လည်း တွဲတွေ့ရတတ်ပါတယ်။
Author: Dr.CST