ဆီးကျိတ်ကြီးတာဟာအသက် ၅၀အထက်တွေမှာ အဖြစ်များပါတယ်။
မေး။ ဘာကြောင့်အသက်ကြီးရင် ဆီးကျိတ်ကြီးတာလဲ။
ဖြေ။ ဆီးကျိတ်ဟာယောကျ်ားလေးဟော်မုန်းနဲ့ မိန်းမဟော်မုန်းထွက်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်တယ်။ အသက်ကြီးတဲ့ အခါယောကျ်းအင်္ဂါ ဟော်မုန်းထုတ်လုပ်မှု ကျသော်လည်းမိန်းမဟော်မုန်းထုတ်လုပ်မှုကတော့ ကျမသွားပါဘူး။ အဲ့ဒီအတွက်ကြောင့် လို့ဆိုထားပါတယ်။
မေး။ ဆီးကျိတ်ကြီးတဲ့အတွက် ဘာတွေဖြစ်တတ်သလဲ။
ဖြေ။ (၁)ဆီးလမ်းကြောင်းမှာပိတ်ဆို့ခြင်း၊ လမ်းကြောင်းကွေ့ကောက်သွားခြင်း။ (၂)ဆီးကျိတ်ဟာကျဉ်းမြောင်းနေတဲ့ဆီးပြွန်ကိုကျော်လွှားပြီးဆီးကိုထွက်အောင် အားစိုက်ညှစ်ရတဲ့အတွက် ဆီးအိမ်နံရံထူခြင်း၊ အစင်းကြောင်းများဖြစ်ခြင်း၊ အိတ်ငယ်တစ်ခုဖြစ်ခြင်း၊ ဆီးကျန်ခြင်းများကြောင့် ကျောက်တည်တတ်ခြင်းဆီးကျိတ်သွေးပြန်ကြောဖောင်းကားပြီးဆီးထဲသွေးပါခြင်း၊ ဆီးအိမ်နောက်ပိုင်းမှာညှစ်နိုင်တဲ့စွမ်းအားကျဆင်းပြီးအလုပ်မလုပ်နိုင်ခြင်း။
(၃)ဆီးအိမ်ကအတင်းညှစ်မယ်။ ဆီးလမ်းကြောင်းကလည်းပိတ်နေမယ်။ အဲဒီအခါ အထက်ကိုဖိအားတွေဆန်တက်ပြီးဆီးပြွန် (Ureter) ကဖောင်းကားမယ်။ ကျောက်ကပ်မှာရေအိတ်တည်မယ်။ နောက်တော့ ကြာလာရင် ကျောက်ကပ်ပြည်တည်နာဖြစ်တတ်ပါတယ်။ (၄)အစောပိုင်းဆီးကျိတ်ကြီးစဉ်မှာကာမဆန္ဒပိုပြီးနောက်ပိုင်းမှာပန်းသေပန်းညှိုးဖြစ်တတ်ပါတယ်။
မေး။ ဘယ်လိုလက္ခဏာပြသလဲ။
ဖြေ။ အစောပိုင်းမှာဆီးရွှင်တယ်။ ညဖက်တွေမှာခဏခဏသွားရာကနေနေ့ဖက်မှာဆီးခဏခဏသွားမယ်။ ဆီးအိမ်ပြွန်ဝက တင်းလာတဲ့အတွက် ဆီးအနည်းငယ်ကဆီးကျိတ်ကိုဖြတ်နေတဲ့ ဆီးလမ်းကြောင်းထဲ ဝင်ရောက်တဲ့အတွက် ဆီးပေါက်ချင်တဲ့စိတ်ကအလွန်ဖြစ်လာပြီးနောက်ပိုင်းမြန်မြန် သွားလိုက်ရတာမျိုးဖြစ်လာပါတယ်။ ဆီးခဏခဏသွားရာကနေဆီးသွားပြီးနောက်ပိုင်းကျမှ ဆီးထွက်ကျတာဖြစ်တတ်ပါတယ်။ ဆီးခဏခဏသွားတာ၊ ဆီးရွှင်တာတွေဖြစ်တတ်ပါတယ်။ ဆီးသွားဖို့အတော်လေးစောင့်ရတတ်သလိုညှစ်လေဆီးမထွက် လေဖြစ်တတ်ပါတယ်။ သွားတဲ့ဆီးလမ်းကြောင်းကလည်းအားပျော့မယ်၊ ရပ်မယ်၊ ပြန်သွားမယ်၊ ဆီးပြီးခါနီးမှာဆီးတွေထွက်ကျတာတွေ ဖြစ်တတ်ပါတယ်။ ဆီးအိမ်ရောင်တာဆီးအိမ်ရုတ်တရက် တင်းတာတွေကြောင့် နာကျင်တတ်ပါတယ်။ ကျောက်ကပ်ရေအိတ်တည်ရင်တော့ ဝမ်းဗိုက်အောက်မှာ နာနေတတ်ပါတယ်။ တစ်ခါ တစ်လေဆီးအိမ်ရုတ်တရက် တင်းတဲ့ဝေဒနာ ခံစားရသလိုတစ်ခါဆီးပေါက်ခါစ (သို့) ပြီးခါနီးမှာသွေးပါတတ်ပါ တယ်။
မေး။ ဘယ်လိုစမ်းသပ်သလဲ။
ဖြေ။ စအိုထဲလက်ထည့်ပြီးဆီးကျိတ်ရှိတဲ့ နေရာကိုစမ်းရင် ဆီးကျိတ်ကလှုပ်နေရပါတယ်။ ဆီးသွားရင်လည်းဆီးကရှေ့ကိုပန်းထွက်နေရမယ်။ ဆီးကိုအလယ်ထက်ဝက်ကနေခံပြီး ပိုမွေးတာလုပ်ရပါမယ်။ သွေးကိုစစ်ဆေးရမယ်။ သွေးထဲယူရီးယားပမာဏသွေးနီဥပမာဏစတာတွေကိုစစ်ရမယ်။ ကျောက်ကပ်ဓာတ်မှန်ရိုက်ခြင်းဖြင့် ဆီးပြွန်ကျယ်မကျယ် ဆီးအိတ်မှာ ပြဿနာရှိမရှိ၊ကျောက်ကပ်ရေအိတ် အရင်မတည်သိနိုင်ပါတယ်။ ဆီးပြွန်၀ ကနေဆီးအိမ်ထဲပြွန်နဲ့ကြည့် ဆီးစစ်ဆေးနိုင်ပါတယ်။
မေး။ ဘယ်လိုကုသမှုပေးပါသလဲ။
ဖြေ။ ရုတ်တရက် ဆီးအိမ်တင်းရင် ချက်ခြင်းဆီးထွက်အောင် လုပ်ပေမယ့် နာတာရှည်ဆိုရင် ဖြည်းဖြည်းခြင်းဆီးကိုထုတ်ရပါတယ်။ ဆီးလမ်းကြောင်းပိုက်တန်းလန်းထားပြီးထုတ်တာလုပ်ရင်းကပိုက်ဖြုတ်လိုက်လို့မှ ဆီးကပုံမှန်အတိုင်းမထွက်ရင် ဆီးကျိတ်ကိုခွဲထုတ်ရပါမယ်။ ဆီးကျိတ်ကနာတာရှည်နာနေတယ်။ နာကျင်မှုကိုသက်သာစေဖို့ ဆီးစပ်ကနေပိုက်နဲ့ပေါက်ပြီးဆီးထုတ်တာတွေ လုပ်နိုင်ပါတယ်။
မေး။ ဘယ်လိုအခြေအနေမှာခွဲစိပ်ရပါသလဲ။
ဖြေ။ ဆီးသွားရခက်ခက်လာမယ်။ နေ့နေ့ညညဆီးရွှင်နေမယ်။ ဆီးသွားရခက်ခဲမယ်။ ဆီးလမ်းကြောင်းနှေးကွေးမယ်။ ဆီးလမ်းကြောင်းရုတ်တရက်ပိတ်နေမယ်။ အဲဒါကိုဆီးပိုက်နဲ့ထည့်လို့မရတာ။ နာတာရှည် ဆီးလမ်းကြောင်းပိတ်မယ်။ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ ဆီးကျောက်တည်ပိုးဝင်၊ ဆီးအိတ်မှာဖောင်းကားနေမယ်။ သွေးထွက်မှု ရှိမယ်ဆိုရင် ဆီးကျိတ်ကိုခွဲထုတ်ရပါမယ်။
မေး။ ဘယ်လိုခွဲစိပ်သလဲ။
ဖြေ။ ဆီးအိတ်ကနေဆီးကျိတ်ကိုခွဲထုတ်ခြင်း၊ ဆီးစပ်မှနေ၍ ဝမ်းဗိုက်ကြွက်သားကို ဖြတ်လျှက်ခွဲစိပ်ခြင်း၊ စအို ဝနှင့် ကပ်ပယ်အိတ်ကြားနေရာမှ ခွဲစိပ်ခြင်း၊ ဆီးလမ်းကြောင်းမှ ခွဲစိပ်ခြင်းစသဖြင့်ရှိပါတယ်။
မေး။ ခွဲစိပ်ပြီးနောက်ဆက်တွဲဆိုးကျိုးကဘာလဲ။
ဖြေ။ သွေးထွက်ခြင်း၊ သွေးခဲပိတ်ဆို့ခြင်း၊ ပိုးဝင်ခြင်း၊ ပြွန်ယောင်ခြင်း၊ ကျောက်ကပ်ပြည်တည်ခြင်း၊ ကျောက်ကပ် အလုပ်မလုပ်ခြင်း၊ ဆီးအိတ်ပေါက်ခြင်း၊ ဆီးမထိန်းနိုင်ခြင်းစတာတွေဖြစ်တတ်သလိုနောက်ပိုင်းမှ ဖြစ်တာတွေကဆီးခုံရိုးယောင်ခြင်းနဲ့ ဆီးလမ်းကြောင်းပိတ်ဆို့ခြင်းတို့ဖြစ်နိုင်ပါတယ်။
AUTHOR – အေးကမ္ဘာဒေါက်တာချစ်
(Vol – 7/ No – 11) Healthcare