ရာသီဥတုအကူးအပြောင်းကာလမှာ အပူရှပ်တာတွေ ဖြစ်တတ်ကြတယ်။ အများအားဖြင့်နေပူထဲသွားလိုက် Air-con ခန်းထဲဝင်လိုက်တွေမှာ ဖြစ်တတ်ကြတယ်။ Air-con ခန်းမဝင်ရင်တောင် နေပူပူ နေပြင်းပြင်းမှာ ထီးမပါ၊ ဦးထုပ်မပါဆို အပူရှပ်နိုင်တယ်၊ နေပူထဲကပြန်လာပြီးပြီးချင်း ခြေဆေးတယ်ဆိုလည်း ဖြစ်နိူင်တယ်။
အပူရှပ်တယ်ဆိုတာဘာလဲ၊ အဓိက ကတော့ဖျားမယ်၊ နှာစေးမယ်၊ မျက်စိနာမယ်၊ ခေါင်းကိုက်ပြီး ကိုယ်လက်တွေကိုက်မယ်၊ တကိုယ်လုံးနုံးပြီးတော့ လှုပ်ချင်စိတ်တောင် မရှိတတ်ဘူး၊ တချို့တွေလည်း မျက်စိမနာဘဲ ပူပူကြီး ဖြစ်နေတတ်ကြတယ်။ အသက်ရှုရတာလည်း မဝသလို၊ မောသလိုလိုဖြစ်မယ်။
အပူရှပ်တာက အသက်အရွယ်မရွေး ဖြစ်နိူင်တယ်၊ ကလေးငယ်နဲ့သက်ကြီးရွယ်အိုတွေမှာ ဖြစ်ရင် ပိုဂရုစိုက်ရတယ်၊ ခံနိူင်ရည်အားနည်းနိူင်လို့ပါ၊ အပူရှပ်တဲ့အခါ နှစ်ရက်သုံးရက်လောက်တော့ ခံရတတ်တယ်။
အပူရှပ်တဲ့အခါ ပုံမှန်အားဖြင့်တော့ ပိုးသတ်ဆေးမလိုပါဘူး၊ အဖျားတော့ကြီးနိုင်တယ်၊ ၁၀၀-၁၀၁ အဖျားလောက်ကတော့အသာလေးဘဲ ချမ်းနေတတ်တယ်၊ ပူပူရှိန်းရှိန်းနဲ့ နေလို့မကောင်းဘဲ ဖြစ်တတ်တယ်၊ အဖျားကျဆေးသောက်ပြီး အိမ်မှာဘဲ သေချာနားမယ်ဆိုရပါတယ်။
အပူကြီးတော့ ရေပတ်တော့ တိုက်ရမှာပေါ့၊ နဖူး၊ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတွေ သေချာတိုက်ပါ၊ ရေပတ်တိုက်ပြီးတာနဲ့ အဝတ် ခြောက်နဲ့ပြန်သုတ်ပါ၊ မဟုတ်ရင် တိုက်တာနဲ့ ပြန်အေးနေတာနဲ့ ပိုဖြစ်နိူင်တယ်၊ အရည်များများသောက်ဖို့လိုတယ်၊ ရိုးရိုးလူတစ်ယောက်တောင် အပူကြီးတာနဲ့ ရေဓါတ်ဆုံးရှုံးနိုင်ပါသည်။ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ပိုဆိုးနိူင်တယ်။ အရည်ဆိုတာမှာ ပူပူနွေးနွေး စားသောက်ရတာတွေ ကိုပြောတာပါ၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ ခေါက်ဆွဲပြုတ်၊ ကြာဇံပြုတ် စတာတွေပါ။ ဓါတ်ဆားရည်လည်း ဝင်သလောက် သောက်ပေးဖို့ လိုပါတယ်။ ဖြစ်တဲ့အခါတော့သုံးရက်လောက် သေသေချာချာနားဖို့လိုတယ်။ မဟုတ်ရင်အဖျားတာရှည်မယ်၊ နုံးမယ်၊ စိတ်ထဲလည်းမလန်းဘူး။ ပုံမှန်အားဖြင့်၁ရက်၊ ၂ရက်နဲ့တင် ပြန်ကောင်းနိူင်ပါတယ်။ ဘာပိုးသတ်ဆေးမှမလိုပါဘူး။
ဒါပေမယ့် အဖျားကပြန်တတ်လိုက် ကျလိုက်နဲ့ ရက်ကြာနေရင်၊ အပူအရမ်းကြီးရင်၊ ဆေးရုံ၊ ဆေးခန်းပြဖို့ လိုပါတယ်။ အပူရှပ်တာ မဖြစ်ရလေအောင် ကြိုတင်ကာကွယ်ကြရအာင်ပါ။ နေပူထဲသွားမယ်ဆို သေချာပြင်ဆင်ပြီးမှသွားပါ၊ ထီး၊ ဦးထုပ် ပါပါစေ၊ ရေဘူးဆောင်ထားပါ၊ နေကာမျက်မှန်ဆောင်ပါ၊ အရိပ်ရှိတဲ့နေရာတွေမှာနားနားပေးပါ၊ အပူထဲကနေ အရမ်းအေးတဲ့ နေရာကို ချက်ချင်းမဝင်နဲ့၊ အပူချိန်ရုတ်တရက်အတတ်အကျ ပြောင်းတာက အပူရှပ်တာကို ပိုဖြစ်စေတယ်၊ နေပူထဲကပြန်လာလာချင်းလည်း ရေအဝသောက်ပါ၊ ရေကိုင်တာ၊ ခြေဆေးတာတွေ တန်းမလုပ်ပါနဲ့၊ အဓိကကတော့ နေအရမ်းပူတဲ့အခါ မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေပိုပြီး အပြင်မထွက်ပါနဲ့။ ။
Author: Dr. CST