သွေးချိုဆီးချို ရောဂါကို မည်သို့ကာကွယ်ကြမည်နည်း
သွေးချိုဆီးချိုရောဂါ ဖြစ်ပွားရခြင်း၏ ဇာစ်မြစ်အတိအကျကို မသိနိုင်သဖြင့် ကာကွယ်နည်း အပြည့်အစုံကို ဖော်ပြပေးနိုင်မည် မဟုတ်ပေ။ သို့သော် သွေးချိုဆီးချိုရောဂါ၏ တချို့သော အန္တာရာယ်များကို ကာကွယ်ပေးနိုင်ပါက အရှုပ်အထွေးပြဿ နာကင်းစွာ သက်တမ်းစေ့နေထိုင်သွားနိုင်ကြမည် ဖြစ်သည်။
သွေးချိုဆီးချိုရောဂါအတွက် ဖြစ်မှကုသခြင်းထက် ကာကွယ်မှုက ပို၍ကုန်ကျစရိတ်သက်သာစေပြီး လူတစ်ဦးချင်းစီအတွက်ဖြစ်စေ၊ မိသားစုအတွက်ဖြစ်စေ၊ တိုင်းပြည်အတွက်ဖြစ်စေ ဝန်ထုတ်ဝန်ပိုး ပေါ့ပါးစေမည်ဖြစ်သည်။ မူလက မျိုးရိုးဗီဇ ဆက်နွယ်မှုရှိသူ တစ်ဦးသည် အစားအသောက်ကို အလွန်အကျွံ စားသုံးပြီး ကိုယ်လက်လှုပ်ရှားမှုလည်း နည်းမည်ဆိုလျှင် သွေးချိုဆီးချိုရောဂါ ဖြစ်ရန် အခွင့်အလမ်းမှာ အမြင့်မားဆုံး အခြေအနေသို့
ရောက်ရှိသွားပေလိမ့်မည်။
သွေးချိုဆီးချိုရောဂါ ကာကွယ်ရာတွင် ကျန်းမာရေးပညာပေးခြင်းသည် အရေးကြီးသော ကဏ္ဍမှ
ပါဝင်သည်။ မိမိ၌ သွေးချိုဆီးချိုရောဂါဖြစ်ရန် အန္တာရာယ် ရှိ၊ မရှိကိုလည်း သိရှိနားလည်ထားသင့်သည်။ မိမိ
ဆွေမျိုး မိသားစုတွင် သွေးချိုဆီးချိုရောဂါ လူနာရှိ၊ မရှိ သိထားဖို့လိုသည်။ မိမိ စားသုံးသော အစားအစာသည်
ကျန်းမာရေးနှင့် ညီညွတ်ခြင်း ရှိ၊မရှိကိုလည်း သိရှိနိုင်မည်ဖြစ်၏။ ဖွဲခွံစင်ကြယ်အောင် ဖွပ်ထားသော ကောက်ပဲသီးနှံများ စားသုံးခြင်း၊ ပြည့်ဝဆီများပါဝင်သော အစားအစာများ စားသုံးခြင်း၊ ကိုယ်အလေးချိန် လွန်ကဲခြင်း
(အဝလွန်ကဲခြင်း)၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း (ထိုင်လျက် လုပ်ငန်းလုပ်ကိုင်သူများ) ဖြစ်ပါက သွေးချိုဆီးချို
အန္တရာယ် အလွန်များပေလိမ့်မည်။
ထို့ကြောင့် သွေးချိုဆီးချိုရောဂါမှ ကာကွယ်ရန်-
မိမိသည် သွေးချိုဆီးချိုရောဂါဖြစ်ရန် အန္တရာယ်ရှိသူ ဟုတ်၊ မဟုတ် သိထားရမည်။
အစားအစာကို ကျန်းမာရေးနှင့် ညီညွတ်အောင် စားသုံးရမည်။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်သင့်သည်။ တက်တက်ကြွကြွ နေသင့်သည်။
ကိုယ်အလေးချိန် မှန်ကန်အောင် ထိန်းသိမ်းထားရမည်။
ကျန်းမာရေး စစ်ဆေးမှု ပုံမှန်ပြုလုပ်ပေးသင့်သည်။
တိုးတက်မှုအခြေအနေ သုံးသပ် ဆုံဖြတ်ခြင်း
ဆေးပညာတွင် သွေးချိုဆီးချိုရောဂါနှင့် ပတ်သတ်၍ ရောဂါအခြေအနေကို သုံးသပ်ရန် Glycated Haemoglobim (GHb) ဆိုသည်ရှိ၏။ ဟေမိုဂလိုဘင်မှာ အနီရောင်ရှိ သွေးနီဥများတွင်ပါဝင်သော ရောင်ခြည်ပစ္စည်းဖြစ်သည်။ ဟေမိုဂလိုဘင်နှင့် ဂလူးကို့စ် ဓာတ်ပြုပေါင်းစပ်မှုကို (Glycation) ဂလိုက်ကေးရှင်းဟု
သုံးနှုန်းခေါ်ဆိုပါသည်။
ဂလူးကို့စ် ပေါင်းစပ်ထားသော ဟေမိုဂလိုဘင် (GHb) တစ်ရာခိုင်နှုန်းတိုးမြှင့်မှုသည် သွေး၌ ဂလူးကို့စ်သကြားဓာတ် ၂ မီလီမိုး/ လီတာ တိုးလာခြင်းနှင့် အတူတူပင်ဖြစ်သော GHb ကိုတစ်နှစ်လျှင် တစ်ကြိမ်
သို့မဟုတ် နှစ်ကြိမ်တိုင်းတာ ကြည့်သင့်သည်။
သွေးချိုဆီးချိုလူနာများအား ရောဂါထိန်းချုပ် ကုသမှုပေးပြီး ရောဂါ၏အခြေအနေကို သိရှိရန် အထက်တွင် ဖော်ပြခဲ့သော GHb ကိုစစ်ဆေးသင့်သည်။ GHb နည်းလျှင် အခြေအနေကောင်းမွန်သည်ဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။
GHb တိုင်းတာခြင်းအပြင် လူနာ၏သွေး၌ ဂလူးကို့စ်ပါဝင်မှုကိုလည်း စမ်းသပ်စစ်ဆေးသင့်သည်။ ဂလူးကို့စ်ကို ဖြစ်နိုင်ပါက နေ့စဉ်နံနက် အိပ်ရာထတိုင်း စစ်ဆေးသင့်သည်။ အစားအစာ စားသုံးပြီးချိန်မျိုး၌လည်း
စစ်ဆေးကြည့်သင့်သည်။
သွေး၌ ကီတုန်းဘော်ဒီများ ( Ketone bodies) မည်မျှရှိသည်ကိုလည်း တိုင်းတာကြည့်သင့်ပါသည်။ အမြဲတမ်း မဟုတ်သည့်တိုင် လိုအပ်သည့်အခါတိုင်း တိုင်းတာသင့်သည်။ ကီတုန်းဘော်ဒီများကြောင့် ခန္ဓာကိုယ်မှ အက်စစ်ဓာတ် လွန်ကဲပြီး ဇီဝကမ္မဖြစ်စဉ်များ ယိုယွင်းပျက်စီးကာ သေဆုံးသွားနိုင်သည်။
သွေးချိုဆီးချိုဆေးဝါးများ၊ အထူးသဖြင့် အင်ဆူလင်ထိုးဆေး သုံးစွဲနေ့ရသူများအဖို့ သွေး၌သကြားဓာတ် ပါဝင်မှုကို အကြိမ်ကြိမ် တိုင်းသင့်သည်။ သွေး၌ သကြားဓာတ် ရုတ်တရက် ကျဆင်းမှု ( Hypoglycemia )
ဖြစ်နိုင်သည်ကို အမြဲသတိချပ်သင့်သည်။
သွေးချိုဆီးချိုလူနာများအား ထိန်းချုပ်ကုသစဉ် ဆီးစစ်ဆေးခြင်းလည်း ပြုလုပ်ရမည်ဖြစ်၏။ ဆီး၌ ဂလူးကို့စ်ပါဝင်မှုကို သိရှိဖို့အရေးကြီးသည်။ ရာခိုင်နှုန်း မည်မျှ ပါသည်ကို သိရှိသင့်သည်။ ထိုအပြင် ဆီး၌ ကီတုန်းဘော်ဒီများ ပါလာခြင်း ရှိ၊မရှိ ကိုလည်း စစ်ဆေးရမည် ဖြစ်၏။
သွေးချိုဆီးချို လူနာများအား ဆေးကုသစဉ် အခြားစမ်းသပ် စစ်ဆေးသင့်သော ကိစ္စတစ်ရပ်မှာ သွေး၌ အဆီဓာတ်ပါဝင်မှုဖြစ်သည်။ စုစုပေါင်း ကိုလက်စထရော ပမာဏ (Total Cholesterol) ၊ မကောင်းသော ကိုလက်စထရော [ Bad Cholesterol (LDL) ] ကောင်းသော ကိုလက်စထရော [Good Cholesterol (HDl)] ထရိုင်ဂဘလစ်စရိုင် စသည်တို့ အားလုံးကို စစ်ဆေးကြရမည်ဖြစ်သည်။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)