ဦးရေပြားနာကျင်ခြင်းကို အဓိကဖြစ်စေသည့် အကြောင်းရင်းများမှာ ဆံသားများနှင့် ပတ်သက်ဆက်နွယ်နေသည့် ပြဿနာများကြောင့် ဖြစ်လေ့ရှိပါသည်။
ပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများအား စားသုံးခြင်းနှင့် ဓာတုဗေဒပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းစသည့် အလေ့အထများကြောင့် ဗောက်ထခြင်း၊ ဆံပင်ကျွတ်ခြင်းနှင့် ဦးရေပြားနာကျင်ခြင်း သို့မဟုတ် ဦးရေပြား ယားယံခြင်း စသည့် ဆံသားဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာလေ့ရှိပါသည်။
ထိုပြဿနာများကို သက်သာပျောက်ကင်းစေရန်အတွက် ဆံသားနှင့် ဦးရေပြား ကျန်းမာရေးအတွက် လိုအပ်သော အာဟာရဓာတ်များကို ကောင်းစွာပေးပို့နိုင်အောင် ကူညီပေးသည့်အပြင် ဦးရေပြားပေါ်တွင် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေသည့် နေအိမ်တွင်းနည်းလမ်းများကို လုပ်ဆောင်နိုင်ပါသည်။
၁။ ရှားစောင်းလက်ပပ်
ဦးရေပြားခြောက်သွေ့ခြင်းကို လျော့ကျစေသည့် ရေဓာတ်ဖြည့်တင်းပေးနိုင်သည့် ရှားစောင်းလက်ပပ်သည် ဦးရေပြားယားယံခြင်း နာကျင်ခြင်းကဲ့သို့သော ပြဿနာများကို သက်သာစေပါသည်။
ဦးရေပြားအား ရှားစောင်းလက်ပပ်ဖြင့်လိမ်း၍ စက်ဝိုင်းပုံသဏ္ဍာန်အတိုင်း နှိပ်နယ်ပြီး ၁၅ မိနစ် မိနစ် ၂၀ ခန့်ထားပါ။ ထို့နောက် ရေဖြင့် ဆေးချနိုင်ပါသည်။
၂။ အုန်းရည်
အုန်းရည်သည်လည်း ဦးရေပြားနာကျင်ခြင်းနှင့် ယားယံခြင်းတို့ကို လျော့နည်းသက်သာစေရန်အတွက် ဦးရေပြားကို ရေဓာတ်ဖြည့်တင်းပေးနိုင်ပါသည်။
ဦးရေပြားကို အုန်းရည်ဖြင့် နှိပ်နယ်ပြီးနောက် ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်နိုင်ပါသည်။ ၁ ပတ်လျှင် ၃ ကြိမ်ခန့်ပြုလုပ်နိုင်ပါသည်။
၃။ Almond ဆီ
Almond ဆီသည်လည်း ဦးရေပြားခြောက်သွေ့ခြင်းကို ကာကွယ်ပေးနိုင်၍ ဦးရေပြားအား အားဖြည့်ပေးပါသည်။ Almond ဆီတွင် ဗီတာမင် E၊ ပရိုတင်းနှင့် Fatty Acid များပါဝင်ပါသည်။
Almond ဆီဖြင့် ဦးရေပြားအား နှိပ်နယ်ပေး၍ မိနစ် ၃၀ ခန့်ထားပြီး ခေါင်းလျှော်ရည်ဖြင့် လျှော်နိုင်ပါသည်။
၄။ သံပုရာရည်
သံပုရာရည်သည် ဦးရေပြားယားယံခြင်းကို သက်သာပျောက်ကင်းစေသည့်အပြင် ပိုးမွှားများကိုပါ သေစေနိုင်သည့် အစွမ်းသတ္တိရှိသည့် အတွက်ကြောင့် ဦးရေပြားနာကျင်ခြင်းကိုလည်း လျော့နည်းစေပါသည်။
သံပုရာရည်ကို ဦးရေပြားပေါ်တွင် လိမ်းပြီး ၁၅ မိနစ်ခန့် ထားကာ ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်နိုင်ပါသည်။
၅။ မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါတွင် ဦးရေပြားယားယံခြင်းနှင့် နာကျင်ခြင်းကို သက်သာစေသည့် ဆိုဒီယမ်ဒိုင်ကာဗွန်နိတ် ပါဝင်ပါသည်။
မုန့်ဖုတ်ဆိုဒါကို သံလွင်ဆီနှင့်ရော၍ ဦးရေပြားကို လိမ်းကျံပြီး မိနစ် ၃၀ ခန့် ထားပါ။ ထို့နောက် ရေအေးဖြင့် ဆေးချနိုင်ပါသည်။
ထိုသို့ ဦးရေပြား နာကျင်ခြင်းနှင့် ယားယံခြင်းများကို သက်သာပျောက်ကင်းစေသည့် အိမ်တွင်းကုထုံး နည်းလမ်းများသည် ဦးရေပြားအား အာဟာရဓာတ်များ ထောက်ပံ့ပေးသည့်အပြင် အခြား ဆံသားဆိုင်ရာ ပြဿနာများကိုလည်း လျော့နည်းစေနိုင်ပါသည်။
Author : Dr. မွန်