ဝမ်းပျက်ဝမ်းလျှောဖြစ်သောအခါ လေထခြင်း၊ လေပွခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းပျော့ပျော့ သို့မဟုတ် အရည်များမကြာခဏသွားခြင်း စသည့်ရောဂါလက္ခဏာများဖြစ်ပေါ်ခံစားရလေ့ရှိပါသည်။
အစာအိမ်နှင့်အူလမ်းကြောင်းစနစ်ကို အဆင်ပြေသက်သာစေသည့် အစားအစာများကို သိရှိစားသုံးခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောခြင်းကိုပိုမိုဆိုးရွားစေသည့် အစားအစာများကိုရှောင်ရှားခြင်းအားဖြင့် ဝမ်းပျက်ဝမ်းလျှောခြင်းဝေဒနာများကို အတိုင်းအတာတစ်စုံတစ်ရာအထိ သက်သာပျောက်ကင်းအောင် လုပ်ဆောင်နိုင်ပါသည်။
ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် စားသင့်သောအစားအစာများ
အရည်များ
ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် အကြီးမားဆုံးရင်ဆိုင်ရနိုင်သည့်အန္တရာယ်တစ်ခုမှာ ရေဓါတ်ခန်းခြောက်ခြင်းဖြစ်ပါသည်။
ထိုသို့ရေဓါတ်ခန်းခြောက်ခြင်းကိုကာကွယ်ရန်အတွက် ရေများများသောက်ခြင်းအပြင်၊ အုန်းရည်၊ စွပ်ပြုတ်ရည်၊ အရိုးပြုတ်ရည်ကဲ့သို့သော အရည်များသောက်ခြင်းသည်လည်း မဖြစ်မနေပြုလုပ်သင့်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။
ငှက်ပျောသီး
ငှက်ပျောသီးတွင် ဝမ်းလျှောခြင်းကြောင့် ခန္ဓာကိုယ်မှဆုံးရှုံးသွားသော သတ္တုဓါတ်တစ်မျိုးဖြစ်သည့် Potassium ဓါတ်များကြွယ်ဝပါသည်။
ထို့အပြင် ခန္ဓာကိုယ်အတွက် အရေးကြီးသည့်အရည်များကို အူလမ်းကြောင်းမှ ပြန်လည်စုပ်ယူရာတွင် ကူညီပေးနိုင်သည့် အမျှင်ဓါတ်တစ်မျိုးဖြစ်သည့် Pectin လည်းပါဝင်ပါသည်။
ကြေပျက်အောင် အလွယ်တကူ ခြေဖျက်နိုင်ခြင်းကြောင့် အစာခြေစနစ်အား ထိရောက်စွာအကူအညီပေးနိုင်သည့် ငှက်ပျောသီးကို ဝမ်းပျက်ဝမ်းလျှောရောဂါခံစားနေရသည့်အချိန်တွင် စားသုံးသင့်သော အကောင်းဆုံးအစားအစာတစ်ခုအဖြစ် သတ်မှတ်ထားကြပါသည်။
ထမင်း
ထမင်းတွင် ဝမ်းကိုမာစေသည့် ဂုဏ်သတ္တိရှိသည့်အပြင် Carbohydrate ဓါတ်လည်းကြွယ်ဝသောကြောင့် အလွယ်တကူခြေဖျက်နိုင်ပါသည်။
သို့ရာတွင် ထမင်းနှင့်အတူ နို့ထွက်ပစ္စည်းများ၊ အဆီများကို တွဲဖက်၍စားသုံးပါမူ ဝမ်းပျက်ဝမ်းလျှောခြင်း၏လက္ခဏာရပ်များကို ပိုမိုဆိုးရွားစေပါသည်။
၎င်းတို့အစား ထမင်းဖြူကို ကြက်စွပ်ပြုတ်ရည်ဖြင့် စားသုံးခြင်းသည် ဝမ်းပျက်ဝမ်းလျှောနေစဉ်ကာလအတွင်း အကောင်းမွန်ဆုံးသောနည်းလမ်းတွေထဲက တစ်ခု ဖြစ်ပါသည်။
ကြက်စွပ်ပြုတ်ရည်
ကြက်စွပ်ပြုတ်ရည်တွင် ဆုံးရှုံးသွားသောသတ္တုဓါတ်ဆားများကို ပြန်လည်ဖြည့်တင်းပေးနိုင်သည့် အာဟာရဓါတ်များပါဝင်ကြောင်းတွေ့ရှိရပါသည်။
ထို့အပြင် ကြက်စွပ်ပြုတ်ရည်ခပ်နွေးနွေး တစ်ပန်းကန်က အစာအိမ်တွင် ခံစားနေရသော ဝေဒနာများကို သက်သာစေ၍ နေသာထိုင်သာ ပိုမိုရှိလာစေရန် ကူညီပေးနိုင်ပါသည်။
ဒိန်ချဉ်
ဝမ်းပျက်ဝမ်းလျှောဖြစ်နေစဉ် နို့ထွက်ပစ္စည်းများကို ရှောင်ရှားသင့်သော်လည်း ထိုအထဲတွင် ဒိန်ချဉ်မပါဝင်ပါ။
ဒိန်ချဉ်တွင် အူလမ်းကြောင်းအတွင်းတွင်နေထိုင်သည့် အကျိုးပြု ဘက်တီးရီးယားပေါင်းများစွာ ပါဝင်ပါသည်။ ထို့ကြောင့် အဆိုပါ မိတ်ဆွေဘက်တီးရီးယားများ၏ အရေအတွက်ကို မြှင့်တင်ပေးခြင်းအားဖြင့် ဝမ်းပျက်ဝမ်းလျှောခြင်းကို ပျောက်ကင်းသက်သာစေနိုင်ပါသည်။
သို့သော် သကြားသည် အစာအိမ်နှင့် အူလမ်းကြောင်းတွင် Gas များကို အလွန်အကျွံဖြစ်ပေါ်စေ၍ လေပွခြင်းနှင့် ဝမ်းလျှောခြင်းများကို ဖြစ်စေနိုင်သဖြင့် မိမိစားသုံးမည့် ဒိန်ချဉ်တွင် သကြားနှင့် အခြားသော ပြုပြင်စီမံထားသည့်အချိုဓါတ်များ ပါဝင်မှုပမာဏနည်းပါးစေရန် ဂရုစိုက်ရမည်ဖြစ်ပါသည်။
အားကစားသမားများ သောက်သုံးသည့်အချိုရည်များ
အားကစားသမားများသောက်သုံးသည့်အချိုရည်များသည်လည်း ဝမ်ပျက်ဝမ်းလျှောခြင်းကြောင့် ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသောဓါတ်ဆားများကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါသည်။
သို့ရာတွင် ဒိန်ချဉ်ကဲ့သို့ပင် သကြားနှင့်အခြားပြုပြင်စီမံထားသောအချိုဓါတ်များ ပါဝင်မှုပမာဏနည်းပါးသည့် အချိုရည်များကို သေချာစွာရွေးချယ်ဝယ်ယူရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက ဝမ်းပျက်ဝမ်းလျှောခြင်းလက္ခဏာရပ်များကို ပိုမိုဆိုးရွားစေပါလိမ့်မည်။
အထက်ပါအစားအစာများကို စားသုံးပေးခြင်းအားဖြင့် ဝမ်းပျက်ဝမ်းလျှောခြင်းကို သက်သာပျောက်ကင်းအောင် ကုသရာတွင် အကူအညီတစ်စုံတစ်ရာရရှိမည် ဖြစ်ပါသည်။