ဝမ်းပျက်ဝမ်းလျှောခြင်းကို မဖြစ်စေရန်အတွက် အောက်ပါနည်းလမ်းများဖြင့် ကာကွယ်မှုပြုလုပ်နိုင်ပါသည်။
တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ
အကယ်၍ မိမိသည် တံခါးလက်ကိုင်၊ မီးခလုတ်၊ မိတ္တူကူးစက်ကဲ့သို့သော လူအများသုံးစွဲသည့် ပစ္စည်းများကို ကိုင်တွယ်ထိတွေ့ပြီးသည့် အချိန်တွင်လည်းကောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါခံစားနေရသည့် လူနာတစ်ဦးဦးကို ကိုင်တွယ်ထိတွေ့ပြီးသည့်အချိန်တွင်လည်းကောင်း ဝမ်းပျက်ဝမ်းလျှောရောဂါပိုးများသည် မိမိ၏လက်တွင် တွယ်ကပ်နေနိုင်ပါသည်။
ထိုလက်ဖြင့် မျက်နှာသို့မဟုတ် အစားအစာများကို ထိတွေ့ကိုင်တွယ်မိသောအခါ ထိုမှတစ်ဆင့် ရောဂါပိုးများ မိမိ၏ အစာလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ကာ ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်ပါသည်။ ထိုသို့မဖြစ်စေရန် အောက်ပါ တစ်ကိုယ်ရည်သန့်ရှင်းရေးနည်းလမ်းများကို လိုက်နာကျင့်သုံးသင့်ပါသည်။
အိမ်သာမှထွက်ခွာပြီးသည့် အချိန်တိုင်းတွင်လည်းကောင်း၊ အစားမစာမီအချိန်တိုင်းတွင်လည်းကောင်း အမြဲတမ်းလက်ကိုဆေးသည့် အလေ့အကျင့်ပြုလုပ်ပါ။
အိမ်မွေးတိရစ္ဆာန်များနှင့် ၎င်းတို့၏ အညစ်အကြေးများကို ကိုင်တွယ်ပြီးသည့် အချိန်တိုင်းတွင် အမြဲတမ်းလက်ကိုဆေးသည့် အလေ့အကျင့်ပြုလုပ်ပါ။
လက်ဆေးသည့်အခါ စက္ကန့် ၂၀ ခန့် ကြာအောင်ဆေးကြောရပါမည်။ ဆပ်ပြာနှင့် ရေဖြင့် လက်ဆေးရန် မဖြစ်နိုင်သည့် အခြေအနေမျိုးတွင် Alcohol အနည်းဆုံး ၆၀% ပါသည့် ရေမလိုလက်သန့်ဆေးရည်များဖြင့် လက်ဆေးနိုင်ပါသည်။
ကလေးငယ်များကို လက်ကိုက်သည့် အလေ့အကျင့်၊ အရုပ်များနှင့် အခြားပစ္စည်းများကို ပါးစပ်အတွင်းသို့ ထည့်တတ်သည့်အလေ့အကျင့်များကိုလည်း ပျောက်အောင် ပြုလုပ်ပေးသင့်ပါသည်။ ထို့အပြင် မကြာခဏ လက်ဆေးတတ်သည့် အလေ့အကျင့်ကိုလည်း သင်ကြားလေ့ကျင့်ပေးရပါမည်။
အစားအစာသန့်ရှင်းရေးကို ဂရုစိုက်ပါ
ဝမ်းပျက်ဝမ်းလျှောခြင်းသည် မကြာခဏဆိုသလို မသန့်ရှင်းသောအစားအစာများမှ ကူးစက်တတ်ပါသည်။ ထို့ကြောင့် အစားအစာသန့်ရှင်းရေးနှင့်ပတ်သက်သည့် အောက်ပါနည်းလမ်းများကို ဂရုပြုလိုက်နာရပါမည်။
- ကောင်းစွာကျက်အောင် မချက်ပြုတ်ထားသော အစားအစာများစားသောက်ခြင်းကို ရှောင်ကြဉ်ပါ။
- ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများကို မစားသုံးမီသော်လည်းကောင်း၊ မချက်ပြုတ်မီသော်လည်းကောင်း သေချာဆေးကြောပါ။
- ကြက်ဥများကို အစိမ်းစားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။
- လျင်မြန်စွာ ပုပ်သိုးပျက်စီး၍ ဘက်တီးရီးယားများပေါက်ဖွားလွယ်သော အစားအစာများကို ရေခဲသေတ္တာတွင် ထည့်သွင်း၍ သိမ်းဆည်းပါ။
- မကျိုချက်ထားသော နွားနို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။
- မီးဖိုချောင်သုံး ပစ္စည်းများကို သန့်ရှင်းအောင် ဂရုစိုက်ထားပါ။
- ဝမ်းပျက်ဝမ်းလျှောဝေဒနာ ခံစားနေရသည့်အခါ အစားအစာများကို ကိုင်တွယ်ခြင်း ရှောင်ကြဉ်ပါ စသည်တို့ကို ဂရုပြုလိုက်နာရမည်ဖြစ်ပါသည်။
Probiotics ပါသောအစားအစာများကို စားသုံးပါ
Probiotics ဆိုသည်မှာ အူလမ်းကြောင်းအတွင်းတွင် နေထိုင်သည့် အကျိုးပြု ဘက်တီးရီးယားများကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ ထို ဘက်တီးရီးယားအမျိုးအစားများပါဝင်သော အစားအစာများစွာရှိပါသည်။ ထိုအစားအစာများကို စားသုံးပေးခြင်းအားဖြင့် အူလမ်းကြောင်းအတွင်းရှိ မိတ်ဆွေ ဘက်တီးရီးယားများ၏ အရေအတွက်ကို တိုးပွားလာစေပါသည်။
Probiotics များသည် အစာခြေသည့် လုပ်ငန်းဆောင်တာများကိုမှန်ကန်အောင် ထိန်းသိမ်းပေးသည့် အပြင် ဝမ်းပျက်ဝမ်းလျှောခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
အထူးသဖြင့် ပဋိဇီဝပိုးသတ်ဆေးများသောက်သုံးသောအခါ ခန္ဓာကိုယ်အတွင်း၌ရှိသော အကျိုးပြု ဘက်တီးရီးယားများစွာကိုပါ သေဆုံးစေသည့်အတွက် ဝမ်းပျက်ဝမ်းလျှောခြင်းများဖြစ်လာတတ်ပါသည်။
ထိုအခါမျိုးတွင် Probiotics များစွာပါဝင်သည့် ဒိန်ချဉ်ကဲ့သို့သော အစားအစာများကို ပိုမိုစားသုံးပေးခြင်းအားဖြင့် ဝမ်းပျက်ဝမ်းလျှောခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါသည်။