DHA သည် Omega 3 Fatty Acids တွေထဲက အမျိုးအစားတစ်မျိုးဖြစ်ပါသည်။
DHA သည် ကလေးငယ်များ၏ ဦးနှောက်နှင့် မျက်လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပေးနိုင်ပါသည်။
ထို့ပြင် ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်တွင် DHA ချို့တဲ့ပါက မိမိ၏ ရင်သွေးတွင် အမြင်အာရုံနှင့် အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်းများ ပိုမိုဖြစ်နိုင်ကြောင်းတွေ့ရှိရပါသည်။
မျက်လုံးနှင့် အမြင်အာရုံပိုင်းဆိုင်ရာအတွက် အကျိုးသက်ရောက်မှု
DHA သည် မျက်လုံးထဲတွင်ရှိသော တုတ်ချောင်းပုံသဏ္ဍာန် အလင်းလက်ခံဆဲလ်များ၏ အမြှေးပါးပရိုတင်းဖြစ်သော Rhodopsin ကို နှိုးဆွရန်အတွက်အကူအညီ ပေးနိုင်ပါသည်။
Rhodopsin သည် ဦးနှောက်မှ ပုံရိပ်များကို လက်ခံရယူသည့် ဖြစ်စဉ်တွင် များစွာအကူအညီပေးပါသည်။
အထူးသဖြင့် ကလေးများတွင် DHA ချို့တဲ့ခြင်းသည် အမြင်အာရုံပိုင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပွားစေပါသည်။
ထို့ကြောင့် ယနေ့ခေတ်တွင် ကလေးများသောက်သုံးသည့် ဖြည့်စွက်အာဟာရ နို့မှုန့်များတွင် DHA ပါဝင်သော ဖော်မြူလာဖြင့် ထုတ်လုပ်လာကြပြီဖြစ်ပါသည်။
ADHD ရောဂါအပေါ် အကျိုးသက်ရောက်မှု
Attention Deficit Hyperactivity Disorder (ADHD) ရောဂါသည် အာရုံစူးစိုက်ရန် ခက်ခဲခြင်း၊ ငြိမ်သက်စွာနေနိုင်ရန် ခက်ခဲ၍ ဂနာမငြိမ်ဖြစ်လွန်းခြင်းနှင့် ပြောဆို ညွှန်ကြားချက်များကို လိုက်နာလုပ်ဆောင်နိုင်ရန် ခက်ခဲခြင်း စသည့် ပြဿနာများကို ကြုံတွေ့ရသည့် ရောဂါတစ်မျိုးဖြစ်ပါသည်။
အများအားဖြင့် ကလေးငယ်များတွင်ဖြစ်လေ့ရှိပြီး တစ်ခါတစ်ရံ အသက်အရွယ်ကြီးလာသည်အထိ ဆက်လက်ဖြစ်ပွားလေ့ရှိပါသည်။
DHA သည် ဦးနှောက်အတွင်းတွင်ရှိသော အဓိက Omega-3 အဆီဖြစ်သည့်အတွက် စဉ်းစားတွေးခေါ်မှုများ၊ မှတ်ဉာဏ်ဆိုင်ရာ မှတ်သားခြင်းလုပ်ဆောင်မှုများနှင့် အခြား စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များလုပ်ဆောင်နေသည့် အချိန်တွင် ဦးနှောက်အတွင်း သွေးစီးဆင်းမှု များပြားစေရန် အကူအညီပေးနိုင်ပါသည်။
ADHD ရောဂါ ခံစားနေရသော ကလေးများနှင့် လူကြီးများတွင် သွေးတွင်း DHA ပမာဏ နည်းပါးနေကြောင်းတွေ့ရှိရပါသည်။
ထို့ပြင် ADHD ရောဂါခံစားနေရသော ကလေးများအား DHA ပါဝင်သော ဖြည့်စွက်စာများကို ကျွေးမွေးခြင်းအားဖြင့် အာရုံစူးစိုက်နိုင်မှုနှင့် အမူအကျင့်ဆိုင်ရာများတွင် ပြောင်းလဲတိုးတက်မှုရှိကြောင်း တွေ့ရှိရပါသည်။
DHA ၏ နှလုံးကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု
Omega-3 Fatty Acids များသည် နှလုံးရောဂါများဖြစ်ပွားမှု လျော့ကျစေရန် စွမ်းဆောင်ပေးနိုင်ပါသည်။
Omega-3 Fatty Acids များ ပမာဏနည်းပါးမှုသည် နှလုံးရောဂါဖြစ်ပွားသေဆုံးမှုများကို တိုးတက်စေပါသည်။
Omega 3 Fatty Acids များ အများအပြားရှိသည့် အနက် နှလုံးကျန်းမာရေးကို အဓိက အထောက်အကူပြုသော Fatty acids ( ၂ ) မျိုးမှာ DHA နှင့် EPA တို့ဖြစ်ကြပါသည်။
DHA များကို ဖြည့်စွက် စားသုံးပါက သွေးကြောအတွင်း မကောင်းသည့် အဆီတစ်မျိုးဖြစ်သည့် Triglycerides များကို ၃ဝ ရာခိုင်နှုန်းအထိ ကျဆင်းစေကြောင်းတွေ့ရပါသည်။
ထို့အပြင် သွေးပေါင်ချိန်များကိုလည်း ကျဆင်းစေကာ မကောင်းသော အဆီတစ်မျိုးဖြစ်သည့် ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါသည်။
ကောင်းသော ကိုလက်စထရောဖြစ်သည့် HDL ပမာဏကိုလည်း တိုးတက်စေကြောင်းတွေ့ရပါသည်။
ထို့အပြင် နှလုံးရောဂါဖြစ်ပွားမှုကို ဦးတည်စေနိုင်သည့် သွေးကြောများ၏ အလွှာများ ပုံမှန်အလုပ် မလုပ်နိုင်ခြင်းပြဿနာကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
Omega-3 Fatty Acid ကို ပြည့်ဝစွာ စားသုံးခြင်းအားဖြင့် နှလုံး ရုတ်တရက်ဖောက်ခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရောဂါကြောင့် သေဆုံးခြင်းများကို သိသိသာသာလျော့ကျစေကြောင်း တွေ့ရှိရပါသည်။