လူ၏ခန္ဓာကိုယ်တွင် အရေပြားရှိဒဏ်ရာအနာတရများကို ပြန်လည်ပြုပြင်ရန်အတွက် ရှုပ်ထွေးသည့် စနစ်များရှိပါသည်။ ထိုစနစ်တစ်ခုချင်းစီတိုင်း၊ အဆင့်တစ်ဆင့်ချင်းစီတိုင်းသည် အနာကောင်းမွန်စွာကျက်ရန်အတွက် လိုအပ်ပါသည်။
ဒဏ်ရာရှိနေသည့် နေရာတစ်ဝိုက်ကို သန့်ရှင်းအောင်ထားခြင်းနှင့် အညစ်အကြေးများ၊ ပိုးမွှားများမဝင်ရောက်စေရန် ဖုံးအုပ်ကာကွယ်ခြင်းများ ပြုလုပ်ပေးခြင်းသည်လည်း ခန္ဓာကိုယ်၏ အနာကျက်ခြင်းဖြစ်စဉ်ကို အကူအညီများစွာဖြစ်စေပါသည်။
အနာကျက်ခြင်းဖြစ်စဉ်အစအဆုံးတွင် အောက်ပါ အဆင့်များပါဝင်ပါသည်။
အဆင့် (၁) – သွေးထွက်ခြင်းကို ရပ်တန့်အောင်ပြုလုပ်ခြင်း
ဒဏ်ရာတစ်ခုရရှိခဲ့လျှင် အများအားဖြင့် သွေးထွက်လာတတ်ပါသည်။
အနာကျက်ခြင်းဖြစ်စဉ်၏ ပထမဆုံးအချက်မှာ ထိုသွေးထွက်နေခြင်းကို ရပ်တန့်အောင်ပြုလုပ်ခြင်းပင်ဖြစ်ပါသည်။
သွေးခဲခြင်းစနစ် ကောင်းမွန်သောသူများတွင် သွေးစတင်ထွက်ပြီးစက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်းတွင် သွေးတိတ်သွားလေ့ရှိပါသည်။ ထိုသို့သွေးများခဲ၍တိတ်သွားခြင်းသည် ဒဏ်ရာကိုပိတ်သွားစေသည့်အပြင် သွေးထွက်လွန်ခြင်းမဖြစ်စေရန်ကာကွယ်ပေးခြင်း၊ အနာကျက်စေသည့်နေရာတွင် လျင်မြန်အောင် ကူညီပေးခြင်း စသည့် အကျိုးသက်ရောက်မှုများလည်း ရရှိစေပါသည်။
အဆင့် (၂) အနာဖေးတက်ခြင်း
အဓိကအဆင့် ၄ ဆင့်ရှိပါသည်။
၁။ ဒဏ်ရာတစ်ဝိုက်ရှိ သွေးကြောများကျဉ်းလာ၍ သွေးတိတ်ခြင်းကို ကူညီပေးပါသည်။
၂။ သွေးခဲခြင်းတွင် အဓိကကူညီပေးသော သွေးဥမွှားများ တစ်ခုနှင့်တစ်ခုပူးကပ်စုစည်း၍ အစုအခဲများဖြစ်ပေါ်စေရန် လုပ်ဆောင်ပေးပါသည်။
၃။ သွေးအတွင်းရှိ ကော်အမျိုးအစားတစ်ခုဟု တင်စားကြသော fibrin ပရိုတင်း၏ လုပ်ဆောင်ချက်ဖြင့် ဒဏ်ရာတစ်ဝိုက်တွင် ကွန်ယက်များဖြစ်ပေါ်လာကာ သွေးဥမွှား အစုအခဲများကို ပိတ်မိနေစေပါသည်။
၄။ ထို့နောက် ရောင်ရမ်းတုန့်ပြန်ခြင်း ဖြစ်စဉ်စတင်ဖြစ်ပေါ်လာပါသည်။ ထိုရောင်ရမ်းတုန့်ပြန်ခြင်းဖြစ်စဉ်သည် အနာကို သန့်ရှင်းစေရန်နှင့် အနာကျက်မြန်စေရန် ကူညီပေးပါသည်။
သွေးများဆက်လက်မထွက်တော့ဘဲ တိတ်သွားသည့်အခါ သွေးကြောများအနည်းငယ် ပြန်ပွင့်လာကာ အနာကျက်ရန်အတွက်လိုအပ်သည့်ပစ္စည်းများကို ဒဏ်ရာဧရိယာတစ်ဝိုက်သို့ ပို့ပေးပါသည်။
ထိုအချိန်တွင် ဒဏ်ရာဧရိယာတစ်ဝိုက်တွင် နီရဲလာခြင်း၊ ရောင်ရမ်းလာခြင်း၊ အနည်းငယ်ပူနွေးလာခြင်း စသည်တို့ဖြစ်ပေါ်လာနိုင်ပါသည်။
သွေးများပိုမိုစီးဆင်းလာခြင်းနှင့်အတူ အနာကျက်ရာတွင်အကူအညီဖြစ်စေသည့် အောက်ဆီဂျင်နှင့် အခြားအာဟာရဓာတ်များကို ပိုမိုပေးပို့လာနိုင်သည့်အပြင် ရောဂါပိုးမွှားများကို တိုက်ခိုက်ရန် သွေးဖြူဥများလည်းရောက်ရှိလာကြပါသည်။
အဆိုပါသွေးဖြူဥများသည် growth factors ဟုခေါ်သော ဓာတုသတင်းပေးပို့ချက်များကို ထုတ်လုပ်ပေးခြင်းအားဖြင့် ဒဏ်ရာကိုပြုပြင်ပြင်ဆင်ရာတွင် ကူညီပေးပါသည်။
အဆင့် (၃) – ကြီးထွားခြင်း၊ ပွားများခြင်းဖြင့် တစ်ရှူးများကိုပြန်လည်ပြုပြင်ခြင်း
ဒဏ်ရာသည်သန့်ရှင်း၍ တည်ငြိမ်သွားသည့်အချိန်တွင် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို စတင်ပါတော့သည်။
သွေးနီဥများက အောက်ဆီဂျင်နှင့် တစ်ရှူးအသစ်များပြန်လည်တည်ဆောက်ရာတွင် လိုအပ်သောအရာများကို ဒဏ်ရာဧရိယာသို့ ပိုမိုပေးပို့ပါသည်။
ခန္ဓာကိုယ်ကထုတ်လွှတ်လိုက်သော ဓာတုအချက်ပြပစ္စည်းများကြောင့် ဒဏ်ရာတစ်ဝိုက်ရှိ အခြားသောဆဲလ်များသည် ကော်လာဂျင်ဟုခေါ်သော ရုန်းပြန်တစ်ရှူးများကို ဒဏ်ရာပေါ်တွင် ဝိုင်းဝန်းပြုလုပ်တည်ဆောက်ပေးပါသည်။
ဤအဆင့်တွင် ဒဏ်ရာကို အနည်းငယ်ဖောင်း၍ မာနေသည့် အမာရွတ်အဖြစ် တွေ့မြင်ရနိုင်ပါသည်။ ထိုအမာရွတ်သည် တဖြည်းဖြည်း အရောင်ဖျော့၍ ပြားလာပါလိမ့်မည်။
အဆင့် (၄) – ဒဏ်ရာအနာကို တောင့်တင်းခိုင်မာစေခြင်း
ဒဏ်ရာကို ပိတ်ဆို့ပြင်ဆင်ပြီးသွားသော်လည်း ဒဏ်ရာအတွင်းတွင် အနာကျက်ခြင်းဖြစ်စဉ်မှာ ဆက်လက်ဖြစ်ပွားလျက်ရှိနေပါသည်။ ဒဏ်ရာဧရိယာကို ပိုမိုတောင့်တင်းခိုင်ခန့်အောင် ပြုလုပ်နေခြင်းဖြစ်ပါသည်။
ထိုအချိန်တွင် အနာ၏ အရောင်သည် ပန်းရောင်သန်းလာ၍ တဖြည်းဖြည်း ပြန့်တင်းပြားချပ်လာတတ်ပါသည်။ တစ်ခါတစ်ရံ အတွန့်အနည်းငယ်ရှိနိုင်ပါသည်။
ဒဏ်ရာနေရာတွင် အနည်းငယ်ယားယံခြင်း၊ အနည်းငယ်တင်းနေသကဲ့သို့ခံစားရခြင်း စသည်တို့ခံစားရနိုင်ပါသည်။
အနာကျက်ခြင်းဖြစ်စဉ်နှေးကွေးသည့် အန္တရာယ်ရှိနိုင်သည့် အခြေအနေများ
– ဆီးချိုရောဂါရှိခြင်း
– အဝလွန်ခြင်း
– သွေးပေါင်ချိန်မြင့်မားခြင်း
– သွေးကြောနှင့်ဆိုင်သည့် ရောဂါများရှိခြင်း စသော အခြေအနေများတွင် အနာကျက်နှေးကွေးခြင်း သို့မဟုတ် အနာလုံး၀မကျက်ခြင်းများ ဖြစ်နိုင်ပါသည်။ ထိုသို့သောပြဿနာများဖြစ်ပေါ်နေပါက ဆရာဝန်နှင့်ပြသရန် လိုအပ်ပါသည်။
Dr. CK