ဆီးချိုသွေးချိုရှိသောသူများသည် အာရုံကြောထိခိုက်ပျက်စီးမှုအန္တရာယ် ဖြစ်နိုင်ခြေရှိပါသည်။
ထိုသို့ အာရုံကြောထိခိုက်ပျက်စီးမှုသည့် အမျိုးအစားပုံစံ ( ၄ ) မျိုးရှိပြီး အမျိုးအစားအားလုံးသည် သွေးတွင်းသကြားဓါတ် မြင့်မားနေမှု၊ ဆီးချိုသွေးချိုရောဂါဖြစ်ပေါ်ခံစားနေရသည့်အချိန် ကြာမြင့်မှုတို့နှင့် ဆက်စပ်မှုရှိနေပါသည်။ ထို့ကြောင့် သွေးတွင်းသကြားဓါတ်ထိန်းသိမ်းခြင်းသည် အာရုံကြောထိခိုက်ပျက်စီးမှုကို ကာကွယ်ရာတွင် အရေးကြီးသည့်အချက်တစ်ချက် ဖြစ်လာပါသည်။
ဆီးချိုသွေးချိုရှိသောသူများတွင် တွေ့ကြုံရလေ့ရှိသည့် အာရုံကြောထိခိုက်ပျက်စီးမှုပုံစံ ၄ မျိုးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Peripheral Neuropathy (ခန္ဓာကိုယ်၏ အစွန်အဖျားအာရုံကြောစနစ်များထိခိုက်ခြင်း)
ဤအမျိုးအစားသည် ခြေထောက်ပိုင်းတွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး လက်၊ ဝမ်းဗိုက်၊ ကျောတို့တွင် အဖြစ်နည်းသည်ကို တွေ့ရပါသည်။
ရောဂါလက္ခဏာများမှာ ထုံခြင်း၊ ကျင်ခြင်း၊ ပူစပ်ပူလောင် ခံစားရခြင်း၊ နာကျင်ခြင်းစသည်တို့ဖြစ်ပါသည်။
ကနဦးလက္ခဏာများ စတင်ပေါ်ပေါက်လာသည့်အချိန်တွင် သွေးတွင်းသကြားဓါတ်ကို ကောင်းစွာထိန်းချုပ်ခြင်းဖြင့် အခြေအနေများပိုမိုမဆိုးရွားလာစေရန် ထိန်းသိမ်းဆောင်ရွက်နိုင်ပါသည်။ ထို့အပြင် ခံစားနေရသည့် ဝေဒနာများကိုသက်သာစေရန် ဆေးဝါးများကိုလည်း သောက်သုံးနိုင်ပါသည်။
Peripheral neuropathy ဖြစ်ပေါ်ခံစားနေရသည်ဟုယူဆပါက လုပ်ဆောင်သင့်သည့်အရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- မိမိ၏ခြေထောက်ကိုနေ့စဉ် စစ်ဆေးပေးရပါမည်။
- အကယ်၍ခြေထောက်များ ခြောက်သွေ့နေပါက အစိုဓါတ်များကို ပြန်လည်ဖြည့်တင်းပေးသည့် Lotion များ လိမ်းပေးရန်လိုအပ်ပါသည်။
- ခြေစွယ်ငုပ်ခြင်းမဖြစ်စေရန် ခြေသည်းများကို ဂရုစိုက်ရမည်ဖြစ်ပါသည်။
- ဒဏ်ရာအလွယ်တကူမရစေရန် မိမိခြေထောက်နှင့်သင့်တော်သော ဖိနပ်များကို အမြဲတစေ ဝတ်ဆင်ထားသင့်ပါသည်။
Autonomic Neuropathy (အလိုအလျောက် အာရုံကြောစနစ်များ ထိခိုက်ခြင်း)
ဤအမျိုးအစားသည် အထူးသဖြင့် အစာအိမ်ကိုထိခိုက်လေ့ရှိပါသည်။ ထို့အပြင် အညစ်အကြေးစွန့်အဖွဲ့အစည်းနှင့် လိင်အင်္ဂါများအပေါ်တွင်လည်း အကျိုးသက်ရောက်နိုင်ခြေရှိပါသည်။
အကယ်၍ အစာခြေစနစ်နှင့်သက်ဆိုင်သည့် အာရုံကြောစနစ်များထိခိုက်ခဲ့ပါက
- လေပွခြင်း၊
- ဝမ်းလျှောခြင်း၊
- ဝမ်းချုပ်ခြင်း၊
- ရင်ပူခြင်း၊
- ပျို့ခြင်း၊
- အန်ခြင်း၊
- အစာအနည်းငယ်စားလိုက်သည်နှင့် ရင်ပြည့်နေခြင်း စသည်တို့ဖြစ်ပေါ်ခံစားရနိုင်ပါသည်။
ထိုလက္ခဏာများကို သက်သာစေရန် အစာများကို တစ်ခါစားလျှင် ပမာဏနည်းနည်းဖြင့် မကြာခဏ စားသောက်သင့်သကဲ့သို့ အစာအိမ်နှင့်သက်ဆိုင်သည့် ဆေးဝါးများကိုလည်း သောက်သုံးနိုင်ပါသည်။
အကယ်၍ သွေးကြောစနစ်များနှင့် သက်ဆိုင်သည့် အာရုံကြောစနစ်များ ထိခိုက်ပျက်စီးခဲ့ပါက အောက်ပါလက္ခဏာများပေါ်ပေါက်လာနိုင်ပါသည်။
– အလျင်အမြန်မတ်တပ်ရပ်လိုက်လျှင် မိုက်ခနဲဖြစ်သွားခြင်း
– ရင်တုန်ခြင်း
– မူးဝေခြင်း
– သွေးပေါင်ချိန်ကျဆင်းခြင်း
– ပျို့ခြင်း၊
– အန်ခြင်းစသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။
အကယ်၍ လိင်အင်္ဂါများနှင့် သက်ဆိုင်သည့် အာရုံကြောစနစ်များ ထိခိုက်ပျက်စီးခဲ့ပါက လိင်မှုကိစ္စနှင့်ပတ်သက်၍ အရည်အသွေးကျဆင်းခြင်း၊ မစွမ်းဆောင်နိုင်ခြင်း စသည့်လက္ခဏာများ ပေါ်ပေါက်လာနိုင်ပါသည်။
အကယ်၍ အညစ်အကြေးစွန့်အင်္ဂါအဖွဲ့အစည်းများနှင့် သက်ဆိုင်သည့် အာရုံကြောစနစ်များ ထိခိုက်ပျက်စီးခဲ့ပါက ဆီးစွန့်ရခက်ခဲခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ညဘက်တွင် မကြာခဏဆီးထသွားရခြင်း၊ လေပွခြင်း စသည်လက္ခဏာများပေါ်ပေါက်လာနိုင်ပါသည်။
Proximal Neuropathy (ပင်မခန္ဓာကိုယ်နှင့်ပိုနီးသော အရင်းပိုင်း အာရုံကြောစနစ်များထိခိုက်ခြင်း)
ဤအမျိုးအစားသည် ပေါင်၊ တင်ပါးစသည့်အရင်းပိုင်းနေရာ တစ်ခြမ်းတွင် နာကျင်မှုများဖြစ်ပေါ်ခံစားရစေနိုင်ပါသည်။ ထို့အပြင် ခြေထောက်များ အားမရှိသကဲ့သို့ ခံစားရခြင်းများလည်း ဖြစ်ပေါ်နိုင်ပါသည်။
ဆေးဝါးများနှင့် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများဖြင့် သက်သာပျောက်ကင်းအောင် ကုသနိုင်ပါသည်။
Focal Neuropathy (သီးသန့်နေရာတစ်နေထဲရှိ အာရုံကြောစနစ်များထိခိုက်ခြင်း)
ဤအမျိုးအစားသည် ဦးခေါင်း၊ ခန္ဓာကိုယ် သို့မဟုတ် ခြေထောက်တွင်ရှိသောနေရာတစ်နေရာရှိ အာရုံကြောများ ထိခိုက်ခြင်းဖြစ်ပါသည်။
ရောဂါလက္ခဏာများမှာ
- ကြွက်သားများနာကျင်ခြင်း၊
- ကြွက်သားများအားမရှိသကဲ့သို့ဖြစ်ခြင်း၊
- ပုံရိပ်နှစ်ထပ်ဖြစ်ခြင်း၊
- မျက်လုံးနာကျင်ခြင်း၊
- မျက်နှာတစ်ခြမ်း ရွဲ့ခြင်း၊
- ခါး သို့မဟုတ် ခြေထောက်ရှိ နေရာတစ်ခုတွင် အလွန်အမင်းနာကျင်ခြင်း၊
- ရင်ဘတ်သို့မဟုတ် ဝမ်းဗိုက်တွင်နာကျင်ခြင်း (ဤသို့နာကျင်ခြင်းကို နှလုံးရုတ်တရက် အောင့်ခြင်း သို့မဟုတ် အူအတတ်ရောင်ခြင်း စသောအခြေအနေများနှင့် မကြာခဏမှားယွင်းလေ့ရှိပါသည်။)
ဤအာရုံကြောထိခိုက်မှုပုံစံသည် ရေရှည်ဖြစ်လေ့မရှိဘဲ သီတင်းပတ်များစွာ သို့မဟုတ် လပေါင်းများစွာ ကြာပြီးသောအခါ ရောဂါလက္ခဏာများ အလိုအလျောက်ပျောက်ကင်းသွားနိုင်ပါသည်။