ရောင်ရမ်းခြင်းသည် ခန္ဓာကိုယ်အတွင်း ကူးစက်ရောဂါများနှင့် ထိခိုက်ဒဏ်ရာရမှုများကို သဘာဝအလျောက်တုံ့ပြန်သည့် ဖြစ်စဉ်ဖြစ်သည့်အတွက် ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးပါလှပါသည်။
သို့သော် တစ်ခါတစ်ရံ ရောဂါပိုးကူးစက်ဝင်ရောက်ခြင်း သို့မဟုတ် ဒဏ်ရာအနာတရရခြင်း ဖြစ်စဉ်များမရှိဘဲ အချိန်အတော်ကြာအောင် ရောင်ရမ်းခြင်း ဖြစ်စဉ်များဖြစ်ပွားနေတတ်ပါသည်။ ထိုသို့ဖြစ်ပွားနေခြင်းကို နာတာရှည်ရောင်ရမ်းခြင်းဟု ခေါ်ဆိုပါသည်။
နာတာရှည်ရောင်ရမ်းခြင်းသည် အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ စိတ်ကျရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါကဲ့သို့သော ပြင်းထန်သည့်ရောဂါများ၊ နေထိုင်မကောင်းဖြစ်ခြင်းများနှင့် ဆက်စပ်လျက်ရှိပါသည်။ ထို့ကြောင့် ရောင်ရမ်းခြင်းဖြစ်စဉ်များကို လျော့ချပေးခြင်းသည် အဆိုပါရောဂါများကို ကုသရာတွင် အကူအညီများစွာ ဖြစ်စေပါသည်။
Omega-3 Fatty acids တွင် cytokines ကဲ့သို့သော ရောင်ရမ်းခြင်းနှင့်ပတ်သက်သည့် Molecules များကိုလျော့နည်းစေနိုင်ခြင်း၊ ရောင်ရမ်းမှုကို သက်သာစေသည့် အစွမ်းသတ္တိများရှိခြင်းကြောင့် နာတာရှည်ရောင်ရမ်းမှုများကို ကုသရာတွင် လွန်စွာမှ အသုံးဝင်ပါသည်။
ထို့အပြင် Omega-3 Fatty Acids များသည် အရိုးကျန်းမာရေးအတွက်လည်း များစွာအထောက်အကူဖြစ်စေပါသည်။
အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ အရိုးတွင်ပါဝင်ဖွဲ့စည်းထားသော မရှိမဖြစ်အရေးပါသည့် သတ္တုဓါတ်များလျော့နည်းလာသောကြောင့် အရိုးပွပြီး အရိုးကျိုးနိုင်သည့်အလားအလာ ပိုမိုများပြားလာတတ်သကဲ့သို့ အဆစ်အမြစ်များရောင်ရမ်းသည့်အခြေအနေများလည်း ပိုမိုဖြစ်ပေါ်လာနိုင်ပါသည်။
ထိုသို့ အရိုးပွခြင်းနှင့် အဆစ်အမြစ်များရောင်ရမ်းခြင်းသည် အသက်အရွယ်ကြီးရင့်သူများ၏ အရိုးအဖွဲ့အစည်းတွင် အဖြစ်အများဆုံးသော မူမမှန်ခြင်းဆိုင်ရာ ပြဿနာများဖြစ်ပါသည်။
ထိုအရိုးကျန်းမာရေးပြဿနာများအတွက် ကယ်လ်ဆီယမ်နှင့် ဗီတာမင် – ဒီ တို့သည် လွန်စွာမှ အရေးကြီးပါသည်။ သို့သော် အချို့သောလေ့လာတွေ့ရှိချက်များအရ Omega-3 Fatty acids များသည်လည်း အရိုးကျန်းမာရေးကို များစွာကောင်းကျိုးပြုကြောင်းတွေ့ရှိရပါသည်။
လေ့လာတွေ့ရှိချက်များအရ Omega-3 အဆီများသည် အရိုးထဲတွင်ရှိသော ကယ်လ်ဆီယမ်၏ပမာဏကို တိုးတက်စေ၍ အရိုးကိုသန်မာစေကာ အရိုးပွခြင်းဖြစ်နိုင်သည့်အလားအလာများကို လျှော့ချပေးနိုင်ကြောင်းတွေ့ရှိရပါသည်။
ထို့အပြင် Omega-3 Fatty acids ဖြည့်စွက်အစာများသည် အဆစ်အမြစ်များနာကျင်ခြင်း၊ တောင့်တင်းခြင်း များကိုသက်သာစေသည့်အပြင် သွေးလေးဘက်နာရောဂါများတွင် သောက်သုံးရမည့်ဆေးဝါးပမာဏလိုအပ်ချက်ကိုလည်း လျော့နည်းစေကြောင်းတွေ့ရှိရပါသည်။
Omega-3 Fatty Acids များသည် အဆစ်အမြစ်များနာကျင်ခြင်းကို သက်သာစေရုံသာမက အခြားနာကျင်ကိုက်ခဲခြင်းဝေဒနာများကို သက်သာပျောက်ကင်းအောင် လုပ်ဆောင်ရာတွင်လည်း အလွန် အစွမ်းထက်ပါသည်။
Omega-3 Fatty Acids များက အမျိုးသမီးများဓမ္မတာလာသည့်အခါ ခံစားရတတ်သည့် နာကျင်ကိုက်ခဲမှုဝေဒနာများကို သက်သာစေနိုင်ပါသည်။
အမျိုးသမီးများ ဓမ္မတာလာသည့်အချိန်တွင် ဝမ်းဗိုက်၏အောက်ပိုင်း၊ တင်ပါးဆုံတစ်ဝိုက်နှင့် တစ်ခါတစ်ရံ ခါးနှင့်ပေါင်များပါ နာကျင်ကိုက်ခဲတတ်ခြင်းသည် နေ့စဉ်လူမှုဘဝကို များစွာထိခိုက်နစ်နာမှု ဖြစ်စေနိုင်ပါသည်။
လေ့လာတွေ့ရှိချက်များအရ Omega-3 Fatty Acids များကိုစားသုံးသော အမျိုးသမီးများသည် ဓမ္မတာလာသည့်အချိန်တွင် နာကျင်ကိုက်ခဲသည့်ဝေဒနာများ ပိုမိုလျော့နည်းသက်သာစေကြောင်း တွေ့ရှိရပါသည်။
အချို့သောလေ့လာတွေ့ရှိချက်များအရ Omega-3 အဆီများသည် အကိုက်အခဲပျောက်ဆေးတစ်ချို့ထက်ပင် ဓမ္မတာလာသည့်အချိန်တွင် နာကျင်ကိုက်ခဲမှုဝေဒနာများကို ကုသရာတွင် ပိုမိုအစွမ်းထက်ကြောင်း တွေ့ရှိရပါသည်။
Author : Dr. မွန်