ဓာတ်မတည့်ဖြစ်စေသောပစ္စည်းများ၊ ဗိုင်းရပ်စ်များ စသည့်ရောဂါပိုးမွှားများနှင့် ထိတွေ့မိသောအခါ ထိုရောဂါပိုးမွှားများကို ဖယ်ရှားရန် ခန္ဓာကိုယ်၏ ရောင်ရမ်းမှုဖြစ်စဉ်များ စတင်ဖြစ်ပေါ်လာလေ့ရှိပါသည်။
၎င်း၏ လုပ်ငန်းဆောင်တာများ ပြီးဆုံးသွားသည့်အချိန်တွင် ထိုသို့ရောင်ရမ်းခြင်းကို ဖြစ်စေ၍ ခုခံသည့်စနစ်သည် အဆုံးသတ်သွားရန်လိုအပ်ပါသည်။
ပန်းနာရင်ကျပ်ဖြစ်သောလူနာများတွင် ထိုသို့အဆုံးမသတ်သွားသည့် အတွက်ကြောင့် နာတာရှည် ရောင်ရမ်းခြင်းများဖြစ်ပေါ်လာလေ့ရှိပါသည်။
ထိုနာတာရှည် ရောင်ရမ်းမှုဖြစ်သောအခါ ခန္ဓာကိုယ်မှ Histamine များကို အလွန်အကျွံထုတ်လုပ်ခြင်းကြောင့် လေပြွန်၏ ကြွက်သားများ အလွန်အကျွံ ကျုံ့ခြင်းများကို ဖြစ်ပေါ်လာစေပါသည်။
ထိုသို့ဖြစ်ပေါ်ခြင်းသည် အသက်ရှူခြင်းကို ပိုမိုခက်ခဲလာစေပါသည်။
အသက်ကို ခက်ခက်ခဲခဲရှူရသည့်အတွက် မောပန်းခြင်းနှင့် အသက်ရှူရာတွင် အသံမြည်ခြင်းစသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါသည်။
ထို့အပြင် ရောင်ရမ်းမှုဖြစ်စဉ်သည် အချွဲများကိုလည်း ပိုမိုထုတ်လုပ်ပေးခြင်းကြောင့် ထိုအချွဲများကို အပြင်ဘက်သို့ တွန်းထုတ်ရန်အတွက် အဆက်မပြက် ချောင်းဆိုးခြင်းကို ဖြစ်ပေါ်စေပါသည်။
ထိုအခါ ပန်းနာရင်ကျပ်ရောဂါ ဖြစ်သောသူများတွင် အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ အိပ်မရခြင်း စသည့် ပြဿနာများ ပေါ်ပေါက်လာပါတော့သည်။
ပြင်းထန်သည့်ပန်းနာရင်ကျပ်ထခြင်းသည် အသက်အန္တရာယ်ရှိနိုင်သည့် အနေအထားဖြစ်ပါသည်။
မကြာသေးမီ ၁၀ စုနှစ်ပိုင်းများက ကမ္ဘာပေါ်တွင် ပန်းနာရင်ကျပ်ဖြစ်ပွားသည့် လူဦးရေ ပိုမိုများပြားလာကြောင်း တွေ့ရပါသည်။ ကမ္ဘာပေါ်တွင် ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားသည့်လူဦးရေသည် ၃၃၄ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြပါသည်။
အဆုတ်တွင် ဖောင်းကားရောင်ရမ်းခြင်းနှင့် အသက်ရှူသည့်အခါ ပြင်းထန်၍မောပန်းခြင်းများကို ဖြစ်စေသော ပန်းနာရင်ကျပ်ရောဂါသည် ကလေးငယ်များတွင် ပိုမိုဖြစ်ပွားလေ့ရှိပါသည်။
လေ့လာတွေ့ရှိချက်များအရ Omega-3 Fatty Acids (DHA) သည် အထူးသဖြင့် အသက်ငယ်ရွယ်သောကလေးများတွင် ပန်းနာရင်ကျပ်၏ရောဂါလက္ခဏာများကို လျော့နည်း သက်သာစေကြောင်း တွေ့ရှိရပါသည်။
Omega-3 Fatty Acids (DHA) သည် ပန်းနာရင်ကျပ်ရောဂါတွင် မြင့်တက်လာလေ့ရှိသော C – Reactive Protein (CRP) ထုတ်လုပ်မှုကို လျော့နည်းစေကာ လေပြွန်ရောင်ရမ်းမှုဖြစ်စဉ်များကို တားဆီးပေးကြောင်းတွေ့ရှိရပါသည်။
ထို့ပြင် ပန်းနာရင်ကျပ်ဖြစ်သောအခါအသုံးပြုသည့် ဆေးဝါးများဖြစ်သော Corticosteroids နှင့် အခြားဆေးဝါးများ အသုံးပြုမှု၊ လိုအပ်မှုများကိုလည်း လျော့နည်းစေကြောင်းတွေ့ရှိရပါသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များသည် ငါးကြီးဆီဖြည့်စွက်အာဟာရများကို စားသုံးပေးခြင်းအားဖြင့် ကလေးငယ်များတွင် ဓါတ်မတည့်ခြင်း ရောဂါများဖြစ်နိုင်သည့်အလားအလာကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
Author : Dr. CK