ဒဏ်ရာအနာတရများရလာသည့်အခါ အနာကျက်ရန်အတွက် အချိန်တစ်ခုယူရလေ့ရှိပါသည်။ ထိုသို့အနာကျက်ခြင်းကို အားပေးကူညီနိုင်သည့် ဖြည့်စွက်အစားအစာများကို စားသောက်ခြင်းအားဖြင့် အနာကျက်ခြင်းကို လျင်မြန်စေရန် လုပ်ဆောင်နိုင်ပါသည်။
အနာကျက်ခြင်းဖြစ်စဉ်သည် သွေးကြောအသစ်များဖြစ်ပေါ်ခြင်းမှအစပြု၍ သွေးဥမွှားများ ထုတ်လုပ်သည့်တိုင်အောင် အဆင့်ဆင့် ဖြစ်ပွားလေ့ရှိပါသည်။ သို့သော် ခန္ဓာကိုယ်တွင် လုံလောက်သော ဗီတာမင်နှင့် အာဟာရဓာတ်များ မရှိပါက ထိုဖြစ်စဉ်များ ကောင်းစွာဖြစ်ပေါ်နိုင်မည်မဟုတ်ပါ။
အောက်ပါအစားအစာများသည် အနာကျက်ခြင်းဖြစ်စဉ်ကို အားပေးကူညီပေးသော အကောင်းဆုံးသော အစားအစာများဖြစ်ပါသည်။
နနွင်း
နနွင်းကို ဒဏ်ရာအနာတရများအား ကုသရန်အတွက် အသုံးပြုသည့်အရာတစ်ခုအဖြစ် လူသိများကြပါသည်။ နနွင်းတွင် ပါဝင်သည့် Curcumin ဟုခေါ်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းသည် ရောင်ရမ်းခြင်းကို လျော့ကျစေကာ အနာကျက်ခြင်းဖြစ်စဉ်ကို မြန်ဆန်စေပါသည်။
အာရှနိုင်ငံ အတော်များများတွင် နနွင်းကို အနာထဲသိပ်၍ အဝတ်ဖြင့်ပတ်ထားခြင်းအားဖြင့် အနာကျက်ခြင်းကို မြန်ဆန်စေရန် လုပ်ဆောင်သည့် အလေ့အထရှိပါသည်။ သို့သော် ထိုသို့မပြုလုပ်ခင် မိမိအသုံးပြုမည့် နနွင်းသည် အန္တရာယ်ကင်းခြင်းရှိမရှိ၊ စိတ်ချရမှုရှိမရှိကို သေချာစွာသတိပြုလေ့လာသင့်ပါသည်။
နို့ထွက်ပစ္စည်းများ
နွားနို့၊ ဒိန်ချဉ်ကဲ့သို့သော နို့ထွက်ပစ္စည်းများတွင် ပရိုတင်းနှင့် ဇင့်ဓာတ်များ ကြွယ်ဝသောကြောင့် အနာကျက်ခြင်းဖြစ်စဉ်ကို မြန်ဆန်စေရန် ကူညီပေးပါသည်။
နွားနို့တွင်ပါဝင်သော ပရိုတင်းဓာတ်များက အနာကျက်ခြင်းဖြစ်စဉ်ကို ကူညီနိုင်သည့်အခန်းကဏ္ဍကို ပိုမိုတိကျစွာသိရှိနိုင်ရန်အတွက် သုတေသနများ ဆက်လက်ပြုလုပ်လျက်ရှိပါသည်။
ကြက်ဥ၏ အကာတွင် ပရိုတင်းအမြောက်အမြားပါဝင်သကဲ့သို့ ကြက်ဥ၏ အနှစ်တွင်လည်း ဗီတာမင် အများအပြား ပါဝင်ပါသည်။ ထို့အပြင် ကြက်ဥတွင် ဗီတာမင် A ၊ ဗီတာမင် D ၊ ဇင့်ဓါတ်နှင့် သံဓာတ်များလည်း ပါဝင်သည့်အတွက်ကြောင့် အနာကျက်ခြင်းဖြစ်စဉ်ကို များစွာ အကူအညီပေးနိုင်ပါသည်။
အသား
အသားတွင် ပရိုတင်းနှင့် ဇင့်ဓာတ်များ အမြောက်အမြားပါဝင်သည့်အတွက်ကြောင့် အနာကျက်ခြင်းဖြစ်စဉ်ကို မြန်ဆန်စေပါသည်။
ပရိုတင်းသည် တစ်ရှူးများကြီးထွားမှုနင့် ကြွက်သားထုတည်ဆောက်ခြင်းကို ထိန်းသိမ်းရန်အတွက်အရေးပါပါသည်။
ဒဏ်ရာအနာ၏ ပြင်းထန်မှုအပေါ် မူတည်၍ ပရိုတင်း လိုအပ်သည့်ပမာဏ ပိုမိုများပြားလာမည်ဖြစ်ပါသည်။
ဇင့်ဓါတ်
ဇင့်ဓါတ်သည် အနာများ၏ အပေါ်ယံအလွှာကို တိုးတက်စေရန်အတွက် ကူညီပေးနိုင်သည့် အစွမ်းသတ္တိရှိပါသည်။
ဗီတာမင် C
ဗီတာမင် C သည် အနာကျက်ခြင်းနှင့် အမာရွတ်တစ်ရှူးများ ဖြစ်ပေါ်ခြင်းအတွက် မရှိမဖြစ်လိုအပ်သော အရာဖြစ်ပါသည်။
ထို့အပြင် အရေပြားတွင် ကော်လာဂျင်များ ဖြစ်ပေါ်ရန်အတွက် လိုအပ်သည့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်ခုလည်း ဖြစ်ပါသည်။
ထို့ကြောင့် ဗီတာမင် C ကြွယ်ဝအောင် စားသုံးပေးခြင်းအားဖြင့်လည်း အနာကျက်ခြင်းကို မြန်ဆန်စေပါသည်။
ထို့အပြင် ဗီတာမင် C သည် ခုခံအားစနစ်အတွက်လည်း အရေးကြီးသကဲ့သို့ ကယ်လ်ဆီယမ်နှင့် သံဓါတ်တို့ကို စုပ်ယူခြင်းဖြစ်စဉ်များအတွက်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါသည်။
ဆေးလိပ်သောက်သုံးသောသူများတွင် ဗီတာမင် C ပမာဏ ကျဆင်းနေတတ်သောကြောင့် ဗီတာမင် C ပါဝင်သည့် အစားအစာများကို ပိုမိုစားသုံးရန် လိုအပ်ပါသည်။