အဆစ်အမြစ်တွေနာကျင်ကိုက်ခဲတာကို လူတိုင်းခံစားဖူးကြမှာပါ။ အဆစ်အမြစ်နာတိုင်း လေးဖက်နာလား???
ဘယ်လိုအခါမှာ လေးဖက်နာလို့ခေါ်မလဲ??? လေးဖက်နာ ရောဂါဘယ်နှမျိုးရှိလဲ ??? ဆိုတဲ့အတွေးမျိုးတွေးဖူးကြပါသလား
ပထမဆုံးမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ အဆစ်အမြစ်တွေနာကျင်တိုင်းလေးဖက်နာ မဟုတ်ပါဘူး။ ကိုယ်နေဟန်ထားမှားယွင်းတာ ၊ ခန္ဓာကိုယ်အဆစ်တွေကို အသုံးပြုပြီး အလုပ်လုပ်ရဖန်များတဲ့အခါ ၊ အအေးမိတုပ်ကွေးစတဲ့ ရောဂါတွေဖြစ်တဲ့အခါ အဆစ်အမြစ်တွေနာကျင်ကိုက်ခဲတတ်ပါတယ်။ ခန္ဓာကိုယ်ရှိ အဆစ်အမြစ်တွေ လေးခုထက်မက နာကျင်ကိုက်ခဲခြင်းမျိုးကို လေးဖက်နာ ရောဂါလို့ခေါ်ပါတယ်။ လေးဖက်နာရောဂါပေါင်း များစွာရှိပါတယ်။ လူသိများတဲ့ လေးဖက်နာကတော့ ပိုးလေးဖက်နာဖြစ်ပါတယ်။
ASO တွေတက်တယ်။ ပိုးကဘယ်လောက်ဆိုတဲ့ အပြောတွေကို မကြာခဏ ကြားဖူးကြမှာပါ။ အဲ့အယူအဆကလည်း မှားယွင်းပါတယ်။ အခြားခြားသော ရောဂါတွေ ၊ ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ ပိုးဝင်တာတွေကြောင့်လည်း ASO ကတက်နိုင်ပါသေးတယ်။ ပြီးတော့ ASO ဆိုတာကလည်း ပိုးမဟုတ်ပါဘူး။
ပိုးလေးဖက်နာတွေဟာ ဘယ်သူတွေမှာ ဖြစ်တာလဲ???
အသက် ၅ နှစ်ကနေ ၁၅ နှစ်ထိကျောင်းနေအရွယ်ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ ဖွံဖြိုးဆဲ နိုင်ငံတွေမှာ ပိုအဖြစ်များတာ တွေ့နိုင်ပါတယ်။
ဘာလို့ဖြစ်ရတာလဲ???
လူတွေကို အာသီးယောင် လည်ချောင်းနာဖြစ်စေတဲ့ Group A streptococcus ပိုးဝင်ရာကတဆင့်ဖြစ်တာပါ။ ပိုးဝင်တဲ့ အခါမှာ ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်ခံအားစနစ်က ပြန်တိုက်ရာကနေ ပိုးလေးဖက်နာဖြစ်ပွားတတ်ပါတယ်။
ဘယ်အခါမှာ ပိုးလေးဖက်နာဖြစ်တယ်လို့ ပြောနိုင်ပါသလဲ???
အဆစ်အမြစ်တွေနာတိုင်း ပိုးလေးဖက်နာလို့ လွယ်လွယ်မပြောနိုင်ပါဘူး။ ပိုးလေးဖက်နာလို့ သတ်မှတ်ဖို့ ဒီလက္ခဏာတွေရှိရပါတယ်။ အဓိကလက္ခဏာ ၅ ခုနဲ့ အခြားလက္ခဏာ ၂ ခုရှိပါတယ်။
အဓိကလက္ခဏာ ၅ ခုကတော့
၁။ အဆစ်အမြစ်များ နာကျင်ယောင်ရမ်းခြင်း
အဆစ်အမြစ်များ နာကျင်ယောင်ရမ်းခြင်းဆိုတာမှာ များသော အားဖြင့် တံတောင်ဆစ်၊ ဒူးဆစ်၊ လက်ကောက်ဝတ်၊ ခြေကျင်းဝတ် စတဲ့ အဆစ်ကြီးတွေမှာ တွေ့ရတတ်ပါတယ်။ များသောအားဖြင့် တစ်ဆစ်တည်းမှာ နာနေတာမျိုးမဟုတ်ဘဲ တစ်ဆစ်မှာ နာလိုက် ပျောက်ပြီး အခြားအဆစ်မှာ နာလိုက်ပုံစံမျိုးဖြစ်ပါတယ်။ နာတဲ့အပြင် အဆစ်တွေဟာ ပူပြီး နီရဲ ယောင်ရမ်းနေတတ်ပါတယ်။ အတွေ့အများဆုံးလက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။
၂။နှလုံးယောင်ခြင်း
လူနာအနေနဲ့ မောတာ ၊ ရင်ဘတ်အောင့်တာ၊ ရင်တုန်တာတွေကို ခံစားရနိုင်ပါတယ်။ မကုဘဲထားမယ်ဆို နှလုံးပျက်စီးသွားတာမျိုးထိ ဆိုးဝါးနိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေမှာ လေးဖက်နာဖြစ်တဲ့ အခါ နှလုံးယောင်ရမ်းတဲ့ ပုံမျိုးနဲ့ ရောဂါလက္ခဏာ ပိုပြတတ်ပါတယ်။အဲဒီအချက်တွေကြောင့် နှလုံးလေးဖက်နာလို့လည်းခေါ်ပါသေးတယ်။ျ
၃။အရေပြားတွင် အနီစက်များထွက်ခြင်း
အဖြစ်နည်းပါတယ်။ များသောအားဖြင့် ခန္ဓာကိုယ်မှာ ဖြစ်တတ်ပြီး မျက်နှာမှာတွေ့ခဲပါတယ်။ အနားသားတွေရဲပြီး အလယ်မှာ အရောင်ဖျော့နေတဲ့ အနီအကွက်အနေနဲ့ တွေ့နိုင်ပါတယ်။
၄။ ရည်ရွယ်ချက်မဲ့ ခန္ဓာကိုယ်မှ လှုပ်ရမ်းခြင်း
အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ လက်တွေခြေထောက်တွေဟာ ထိန်းချုပ်မရဘဲ လှုပ်နေတာမျိုးပါ။ တစ်ခါတစ်လေ ကနေတဲ့ ပုံလိုတောင်ဖြစ်နေတတ်ပါတယ်။ များသောအားဖြင့် သူ့အလိုလို ပြန်ပျောက်သွားတတ်ပါတယ်။
၅။အနီအဖုများထွက်ခြင်း
လက်ဖျံ ၊ လက်မောင်း ၊ ဒူးဆစ်နား ၊ ညှိ့သကျည်းနားတွေမှာ တွေ့ရတတ်ပါတယ်။ နာကျင်မှုမရှိပါဘူး။
အခြားလက္ခဏာ ၂ ခုကတော့ ဖျားမယ်။ အဆစ်တွေနာမယ်။ များသောအားဖြင့် အဖျားဟာ ၁၀၁ ၁၀၂ ထက်မပိုတတ်ပါဘူး။ အဆစ်တွေနာတာကတော့ အဆစ်တွေယောင်ရမ်းမှုမရှိဘဲ နာကျင်မှုပဲ ခံစားရတာကို ဆိုလိုတာပါ။
ပိုးလေးဖက်နာလို့ ပြောဖို့အတွက် အဓိက လက္ခဏာ ၅ ခုထဲက ၂ ခု ဒါမှမဟုတ် အဓိက လက္ခဏာ ၁ ခုနဲ့အခြား လက္ခဏာ၂ ခုရှိရမယ့်အပြင် သွေးစစ်ဆေးမှုမှာလည်း ပိုးဝင်ထားတဲ့ လက္ခဏာပြရပါမယ်။ အဲ့တော့ အဆစ်တွေနာနေရုံနဲ့ ငါတော့ ပိုးလေးဖက်နာရှိပြီလု့ိ လွယ်လွယ်ပြောလို့မရဘူးဆိုတာ သိနိုင်ပြီပေါ့။တကယ်လု့ိ ကိုယ့်မှာ ဒီလက္ခဏာတွေ ရှိနေပြီဆိုရင်တော့ ကုသသင့်ပါတယ်။ မကုဘဲထားရင် နှလုံးအဆို့ရှင်တွေကို ပျက်စီးတတ်လို့ နှလုံးအဆို့ရှင်ကျဉ်းရောဂါတွေ ၊ နာတာရှည်နှလုံးရောဂါတွေဖြစ်လာမယ်။ ဒီတော့ ဆရာဝန်နဲ့ သေချာဆွေးနွေးကုသဖို့ လိုပါတယ်။
ဘယ်လိုကာကွယ်သင့်လဲ???
လည်ချောင်းနာတယ်ဆို မပေါ့သင့်ပါဘူး။ လိုအပ်ရင်ဆရာဝန်နဲ့ ပြသပြီး ပိုးသတ်ဆေးသောက်သင့်ပါတယ်။
လူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်သင့်တယ်။ မကြာခဏ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင်ဆေးသင့်တယ်။ အာဟာရ မျှတအောင်လည်း စားသုံးသင့်ပါတယ်။ ဒါဆိုလည်ချောင်းနာခြင်းကို ဖြစ်စေတဲ့ ပိုးလည်းမဝင်တော့ဘူး ။ နောက်ဆက်တွဲတွေလည်း ဆက်မဖြစ်တော့ဘူးပေါ့။ တကယ်လို့ လည်ချောင်းနာပိုးဝင်ခဲ့မယ်ဆိုရင်လည်း ဆရာဝန်နဲ့ ပြသပြီး ပိုးသတ်ဆေးကို သေချာသောက်သုံးမယ်ဆိုရင်လည်း ပိုးလေးဖက်နာဖြစ်ပွားတဲ့အထိ မဖြစ်နိုင်တော့ပါဘူး။
ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းမွန်ပါတယ်။ ဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို သတိပြုပြီး အာဟာရမျှတအောင်စားသုံးနေနိုင်ခြင်းနဲ့ နာကျင်ခြင်းဝေဒနာအပေါင်းမှ ကင်းဝေးနိုင်ကြပါစေ။
Author: Dr. မေ