ယနေ့ခေတ်ကာလတွင် အသည်းအဆီဖုံးရောဂါသည် အဖြစ်များသော ရောဂါပြဿနာတစ်ခု ဖြစ်ပါသည်။
ခန္ဓာကိုယ်မှ အဆီဓာတ်အများအပြား ထုတ်လုပ်ခြင်း (သို့မဟုတ်) အဆီဓာတ်များကို ကောင်းစွာခြေဖျက်နိုင်မှုမရှိခြင်း စသည့်အကြောင်းရင်းများကြောင့် အသည်းအဆီဖုံးရောဂါဖြစ်လာခြင်း ဖြစ်ပါသည်။
အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ခြေများသောသူများမှာ
– အရက်အလွန်အကျွံသောက်သူများ
– အ၀လွန်သောသူများ
– သွေးတွင်းအချိုဓာတ်မြင့်မားနေသူများ
– သွေးတွင်းမကောင်းသော အဆီဓာတ် (အထူးသဖြင့် Triglycerides ) မြင့်တက်နေသောသူများ စသည်တို့ဖြစ်ပါသည်။
အခြားအကြောင်းရင်းများမှာ
– ကိုယ်ဝန်ဆောင်မိခင်များ
– ခန္ဓာကိုယ်အလေးချိန် ကျဆင်းမှုမြန်ဆန်ခြင်း
– အသည်းရောင်အသားဝါရောဂါပိုးများ ကူးစက်ခံရခြင်း
– အချို့သောဆေးဝါးများကြောင့် ဖြစ်ခြင်း
-အဆိပ်အတောက်များနှင့် ထိတွေ့ခြင်း စသည်တို့ဖြစ်ပါသည်။
အသည်းအဆီဖုံးရောဂါ လက္ခဏာများ။
– ဝမ်းဗိုက်လက်ယာဘက်အထက်ပိုင်းတွင် ဗိုက်အောင့်ခြင်း (သို့မဟုတ် ) မအီမသာဖြစ်ခြင်း
– ပျို့ခြင်း
– အစားအသောက်စားချင်စိတ် မရှိခြင်း
– ခန္ဓာကိုယ်အလေးချိန် ကျဆင်းခြင်း
– မျက်သားဝါခြင်း
– အသားဝါခြင်း
– ဝမ်းဗိုက်နှင့်ခြေထောက် ဖောရောင်ခြင်း
– အလွန်အမင်း မောပန်းခြင်း
– အားနည်းနေခြင်း စသည့်လက္ခဏာများကို ခံစားရတတ်ပါသည်။
အောက်ပါအစားအစာများသည် အသည်းအဆီဖုံးရောဂါရှိသူများအတွက် သင့်လျော်သော အစားအစာများ ဖြစ်ကြပါသည်။
( ၁ ) သစ်သီးများ
သစ်သီးများတွင် အမျှင်ဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ နှင့် ဗီတာမင်ဓာတ်များ ပေါကြွယ်၀စွာ ပါဝင်သောကြောင့် အသည်းအဆီဖုံးရောဂါကို သက်သာစေနိုင်သော အစားအစာတစ်မျိုးဖြစ်ပါသည်။
( ၂ ) ကျန်းမာရေးကောင်းမွန်စေသော အဆီဓာတ်များ
၎င်းအဆီဓာတ်များသည် အင်ဆူလင်က သွေးတွင်းသကြားဓာတ်များအား စုပ်ယူခြင်းကို အားပေးပြီး အသည်းတွင် အဆီသိုလှောင်ခြင်းကို ကာကွယ်ပေးနိုင်သော အာနိသင်များရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
ပေါများစွာ ပါဝင်သော အစားအစာများမှာ
– ဆယ်လ်မွန်ငါး
– တူနားငါး
– အခွံမာသီးများ
– ထောပတ်သီး
– အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ စသည်တို့ဖြစ်ပါသည်။
( ၃ ) ဗီတာမင် အီး ( Vitamin E )
အောက်ပါအစားအစာများတွင် ဗီတာမင် အီး ( Vitamin E ) ပေါများစွာ ပါဝင်ပါသည်။
၎င်းအစားအစာများမှာ
-ဗာဒံစေ့
– နေကြာစေ့
– ပဲအမျိုးမျိုး
– ရွှေဖရုံစေ့
– သံလွင်ဆီ စသည်တို့ဖြစ်ကြပါသည်။
( ၄ ) အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ။
အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များသည် အာဟာရဓာတ်များ ပြည့်၀စွာပါဝင်ပြီး အသည်းတွင် သိုလှောင်ထားသော အဆီဓာတ်များကို လျှော့ချပေးနိုင်ကြောင်းတွေ့ရှိရပါသည်။
ဂေါ်ဖီထုပ် ၊ ဘရိုကိုလီ ၊ ဂေါ်ဖီပန်းပွင့် ၊ ဟင်းနုနွယ် ၊ ကန်စွန်းရွက် ၊ မုန်ညင်းစသော ဟင်းသီးဟင်းရွက်များသည် အသည်းအဆီဖုံးရောဂါကို ကာကွယ်သက်သာစေသော အစားအစာများဖြစ်ကြပါသည်။
ယောဂလေ့ကျင့်ခန်းနှင့် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများပြုလုပ်ပါ။
ယောဂလေ့ကျင့်ခန်းများနှင့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများသည်လည်း ခန္ဓာကိုယ်တွင်းရှိ မကောင်းသော အဆီဓာတ်များကို ဖယ်ရှားပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် ၎င်းလေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ခြင်းဖြင့် အသည်းအဆီဖုံးရောဂါအပြင် အခြားဇီ၀ကမ္မဆိုင်ရာရောဂါများဖြစ်သော သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ၊ နှလုံးသွေးကြောကျဉ်းရောဂါ နှင့် လေငန်းရောဂါများကိုလည်း ကာကွယ်နိုင်မည်ဖြစ်ပါသည်။
အသည်းအဆီဖုံးရောဂါ သက်သာစေနိုင်သောအစားအစာများ။
အောက်ပါအစားအစာများသည် အသည်းအဆီဖုံးရောဂါသက်သာစေနိုင်သော အစားအစာများဖြစ်ကြပါသည်။
( ၁ ) အုန်းဆီ
အုန်းဆီတွင် သွေးတွင်းရှိမကောင်းသောအဆီဓာတ်များကို လျှော့ချပေးခြင်း၊ သွေးပေါင်ချိန် ထိန်းညှိပေးခြင်း ၊ အသည်းရောင်ရမ်းခြင်းကို သက်သာစေခြင်းစသော အစွမ်းအာနိသင်များစွာရှိကြောင်း တွေ့ရှိရပါသည်။
( ၂ ) Omega -3 Fatty acids
Omega -3 Fatty acids သည် ကျန်းမာရေးအတွက်ကောင်းမွန်သော အဆီဖြစ်ပြီး အသည်းကိုပျက်စီးစေသော အကြောင်းရင်းများကို ကာကွယ်ပေးနိုင်ပါသည်။ ၎င်းအဆီပေါများစွာပါဝင်သော အစားအစာများမှာ
– ဆာဒင်းငါး
– တူနားငါး
– ဆယ်လ်မွန်ငါး စသည့်ငါးများ ဖြစ်ကြပါသည်။
( ၃ ) Green tea
Green tea တွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် အသည်း၏ လုပ်ငန်းဆောင်တာများကို ကောင်းစွာလုပ်ဆောင်ရန် ကူညီသည့်အပြင် အသည်းတွင်ရှိသော အဆီဓာတ်များကို လျှော့ချပေးနိုင်ပါသည်။
( ၄ ) ကြက်သွန်ဖြူနှင့် ချင်း
၎င်းအစားအစာများတွင်လည်း အသည်း၏ရောင်ရမ်းခြင်းကို လျော့ကျစေသည့်အပြင် သိုလှောင်ထားသော မကောင်းသော အဆီဓာတ်များကို ဖယ်ရှားပေးနိုင်သော အာနိသင်များရှိကြောင်း တွေ့ရှိရပါသည်။
( ၅ ) သံလွင်ဆီ
သံလွင်ဆီသည် ပျက်စီးသွားသော အသည်းဆဲလ်များအား ပြန်လည်ကောင်းမွန်စေနိုင်သော ဂုဏ်သတ္တိရှိကြောင်း တွေ့ရှိရပါသည်။ အခြားဟင်းသီးဟင်းရွက်အဆီများနှင့် တွဲဖက်၍လည်း ချက်ပြုတ်စားသုံးနိုင်ပါသည်။
( ၆ ) Probiotics
Probiotics သည် အူလမ်းကြောင်းတွင်ရှိသော ခန္ဓာကိုယ်အကျိုးပြုဘက်တီးရီးယားများ ဖြစ်ကြ ပါသည်။
၎င်းဓာတ်များသည် ပိုလျှံနေသော အဆီဓာတ်များ၏ ၁၀ ရာခိုင်နှုန်းခန့်ကို လျှော့ချနိုင်ပြီး အသည်းအဆီဖုံးရောဂါ လက္ခဏာများကို သက်သာစေနိုင်ပါသည်။
Probiotics ကို ဒိန်ချဉ်နှင့် ကင်မ်ချီစသော အစားအစာများတွင် ပေါကြွယ်၀စွာ တွေ့ရှိရပါသည်။