သွေးအားနည်းရောဂါများတွင် သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါသည် အဖြစ်များသော ရောဂါပြဿနာတစ်ခုဖြစ်ပါသည်။
၎င်းရောဂါ၏ရောဂါလက္ခဏာများမှာ
– မောပန်းနွမ်းနယ်ခြင်း
– အသက်ရှူမ၀ခြင်း
– ရင်တုန်ခြင်း
– အသားအရေဖြူဖျော့ခြင်း
– ခေါင်းကိုက်ခေါင်းမူးခြင်း
– အရေပြားနှင့်ဆံပင်များခြောက်သွေ့ပျက်စီးခြင်း
– လျှာနှင့် ပါးစပ်များရောင်ရမ်းနာကျင်ခြင်း
– လက်သည်းများ ကြွပ်ဆတ်ဆတ်ဖြစ်ခြင်း
– စိတ်ဓာတ်ကျဆင်းသော ရောဂါခံစားရခြင်း
– ခြေဖျားလက်ဖျားများ အေးစက်ခြင်း
– ရောဂါပိုးမကြာခဏကူးစက်ခံရခြင်း စသည့် လက္ခဏာများဖြစ်ကြပါသည်။
သံဓာတ်ချို့တဲ့ခြင်း အကြောင်းရင်းများ
သံဓာတ်ချို့တဲ့ခြင်းအကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
( ၁ ) သံဓာတ်စားသုံးမှု မလုံလောက်ခြင်း။
စားသုံးသော အစားအစာတွင် အချိန်ကာလကြာမြင့်စွာ သံဓာတ်ပါဝင်မှု အလွန်နည်းပါးခြင်းကြောင့် သံဓာတ်ချို့တဲ့ခြင်း ဖြစ်ပေါ်လာပါသည်။
သံဓာတ်များကို အသား၊ ကြက်ဥဘဲဥများ၊ ကြက်အသည်း၊ ဝက်အသည်း နှင့် အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ စသည့်အစားအစာများတွင် တွေ့ရှိရပါသည်။
သံဓာတ်သည် ကြီးထွားဖွံ့ဖြိုးမှုတွင် အလွန်အရေးပါသော အာဟာရဓာတ်တစ်မျိုး ဖြစ်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများ၏ အစားအစာများတွင် သံဓာတ်ပိုမိုပါဝင်ရန် လိုအပ်ကြောင်းတွေ့ရှိရပါသည်။
( ၂ ) ကိုယ်ဝန်ဆောင်မိခင်များနှင့် အမျိုးသမီးများရာသီဓမ္မတာသွေးပေါ်ခြင်းကြောင့် သွေးဆုံးရှုံးခြင်း။
ရာသီဓမ္မတာသွေးဆင်းသည့် ပမာဏများပြားခြင်းနှင့် ကလေးမွေးဖွားချိန်တွင် သွေးဆုံးရှုံးခြင်းတို့သည် အမျိုးသမီးများတွင် တွေ့ရသော သံဓာတ်ချို့တဲ့ခြင်း၏ အဓိကအကြောင်းရင်းများဖြစ်ကြပါသည်။
( ၃ ) ခန္ဓာကိုယ်အတွင်းပိုင်းတွင် သွေးယိုခြင်း။
အစာအိမ်တွင် အနာဖြစ်ခြင်း၊ အူမကြီး သို့မဟုတ် အူသိမ်ပိုင်းတွင် အသားပိုများထွက်ခြင်း၊
အူမကြီးတွင် ကင်ဆာရောဂါဖြစ်ခြင်း စသော ရောဂါ အခြေအနေများကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းတွင်
သွေးယိုစိမ့်ခြင်းဖြစ်ကာ သံဓာတ်ချို့တဲ့သည့် အခြေအနေများဖြစ်လာနိုင်ပါသည်။
Aspirin ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို ပုံမှန်သောက်သုံးခြင်းသည်လည်း အစာအိမ်သွေးယိုခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းတစ်ရပ်ပင် ဖြစ်ပါသည်။
( ၄ ) သံဓာတ်ကို ကောင်းစွာစုပ်ယူနိုင်မှုမရှိခြင်း။
အူသိမ်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုခံယူထားသောသူများနှင့် အခြေခံရောဂါအချို့ရှိသူများတွင် သံဓာတ်စုပ်ယူမှုကို နှောင့်နှေးစေနိုင်ကြောင်း တွေ့ရှိရပါသည်။
အောက်ပါတို့သည် သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေများသောသူများ ဖြစ်ကြပါသည်။
( ၁ ) ကိုယ်ဝန်ဆောင်နိုင်သော အသက်အရွယ်အပိုင်းအခြားတွင်ရှိသော အမျိုးသမီးများ
( ၂ ) ကိုယ်ဝန်ဆောင်ထားသော အမျိုးသမီးများ
( ၃ ) ကြီးထွားဖွံ့ဖြိုးမှုမြန်ဆန်သော အသက်အရွယ်အပိုင်းအခြားတွင်ရှိသော ကလေးများ
( ၄ ) အာဟာရလုံလောက်စွာ စားသုံးမှုမရှိသောသူများ
( ၅ ) မကြာခဏ သွေးလှူသောသူများ
( ၆ ) အပင်အရင်းအမြစ်များမှရသော သံဓာတ်ပြည့်၀သော အစားအစာများကို ပြန်လည်ဖြည့်စွက်၍ စားသုံးခြင်းမရှိသော သက်သတ်လွတ်စားသည့်သူများ စသည်တို့ ဖြစ်ကြပါသည်။
ရောဂါကုသခြင်း။
( ၁ ) သံဓာတ်အားဆေးများကို သောက်သုံးပါ။
သံဓာတ်ကြွယ်၀သောအားဆေးများကို သောက်သုံးခြင်းဖြင့် လိုအပ်နေသော သံဓာတ်ကို ဖြည့်ဆည်းပေးပါ။
ထိုသို့ သံဓာတ်အားဆေးများသောက်သုံးလျှင် အစာမစားခင် သောက်သုံးပါက သံဓာတ်စုပ်ယူနိုင်မှုကို ပို၍ကောင်းမွန်စေပါသည်။
အကယ်၍ အစာမစားခင် သောက်ခြင်းကြောင့် ရင်ပြည့်ရင်ကယ်ဖြစ်သည်ဟုခံစားရလျှင် အစာနှင့်တွဲ၍ သို့မဟုတ် အစာစားပြီးမှသောက်သုံးနိုင်ပါသည်။
( ၂ ) သံဓာတ်ကြွယ်၀သော အစားအစာများကို စားသုံးပါ။
အောက်ပါအစားအစာများသည် သံဓာတ်ကြွယ်၀သော အစားအစာများဖြစ်ကြပါသည်။
– ကြက်အသည်း၊ ဘဲအသည်း၊ ဝက်အသည်း
– ကမာကောင်
– ဆိတ်ရင်အုံသား
– ကြက်နှလုံး
– အမဲသား
– ရေဘဝဲ
– ချောကလက်အမှုန့်
– သီဟိုဠ်စေ့
– မြေပဲ
– ဗာဒံစေ့ စသည်တို့ဖြစ်ပါသည်။
( ၃ ) သွေးယိုခြင်းကို ဖြစ်စေသော အခြေခံအကြောင်းရင်းများကို ကုသပါ။
သွေးဆုံးရှုံးသည့်ပမာဏအလွန်များပြားခြင်းကြောင့် သံဓာတ်ချို့တဲ့သောသူများတွင် သံဓာတ်အားဆေးများသောက်သုံးရုံဖြင့် သွေးအားနည်းခြင်းကို ပျောက်ကင်းအောင် ကုသနိုင်မည်မဟုတ်ပါ။
ထို့ကြောင့် သွေးယိုခြင်းကို ဖြစ်စေသည့် အကြောင်းရင်းများကို ကုသမှသာ ရောဂါသက်သာပျောက်ကင်းမည် ဖြစ်ပါသည်။
ထို့ပြင် သွေးဆုံးရှုံးသည့်ပမာဏအလွန်များပြားသောသူများတွင် လိုအပ်သည့်အခါ သွေးသွင်းခြင်းဖြင့် ကုသမှုခံယူရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။