လူ့ခန္ဓာကိုယ်ကို အောက်ဆီဂျင်ထောက်ပံ့ပေးသည့် လုပ်ငန်းကို သွေးအတွင်းရှိ သွေးနီဥဆဲလ်များတွင် ပါဝင်သော ဟေမိုဂလိုဘင်မှ လုပ်ဆောင်ပေးပါသည်။ ဟေမိုဂလိုဘင်သည် ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းအသီးသီးမှ လိုအပ်သည့် အောက်စီဂျင်ကို အဆုတ်မှတစ်ဆင့် သယ်ယူပို့ဆောင်ပေးသည်။
ဟေမိုဂလိုဘင်ဆိုသည်မှာ သံဓာတ်နှင့် ပရိုတင်းဓာတ်တစ်မျိုးတို့ ပူးပေါင်းထားသည့် ဓာတ်ပေါင်း/မော်လီကျူး တစ်မျိုးဖြစ်ပါသည်။ ထို့ကြောင့် သံဓါတ်ခေါ် အိုင်းရွန်း Iron သည် အောက်ဆီဂျင်သယ်ပို့သည့် ဖြစ်စဥ်အတွက် အရေးပါသော သတ္တုဓာတ်ဖြစ်ပါသည်။
ခန္ဓာကိုယ်အတွင်းရှိ အောက်ဆီဂျင်၏ ၉၈.၅% ကို တစ်ရှူးများသို့ ဟေမိုဂလိုဘင်မှ သယ်ယူ ပို့ဆောင်ပေးသည်။ သာလာဆီးမီးယား နှင့် အချို့သွေးနီဥဆဲလ်ရောဂါများတွင် ဟေမိုဂလိုဘင်၏ အောက်ဆီဂျင် သယ်ယူနိုင်သောစွမ်းရည် (Oxygen Carrying Capacity) သည် လျော့နည်းတတ်သည်။
လူ့ကိုယ်တွင်းရှိ သံဓာတ်၏ ၇၀% ကို သွေးနီဥဆဲလ်များတွင် တွေ့ရသည်။ ထို့ကြောင့် သံဓာတ်ချို့တဲ့ပါက သွေးအားနည်းခြင်း ဖြစ်နိုင်ပြီး ခန္ဓာကိုယ်အတွက် လုံလောက်သောအောက်ဆီဂျင် မရရှိဘဲ ဖြစ်တတ်ပါသည်။
သွေးအားနည်းခြင်း ရှိ/မရှိကိုသိရန် ဟေမိုဂလိုဘင်ကို စစ်ဆေးရပါသည်။ သွေးအားနည်းပါက ခန္ဓာကိုယ် ပင်ပန်းနုံးချိခြင်း၊ ခေါင်းမူးခြင်း၊ အလွယ်တကူ မောပန်းနွမ်းနယ်လာခြင်း၊ လှုပ်လှုပ်ရှားရှား ပြုလုပ်လျှင်မောခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ဖြူဖျော့လာခြင်းတို့ ခံစားရနိုင်သည်။
လူ့ခန္ဓာကိုယ်သည် သံဓါတ်ကိုဖွဲ့စည်း ထုတ်လုပ်နိုင်ခြင်းမရှိပါ။ လိုအပ်သောသံဓါတ်ကို နေ့စဥ်စားသောက်နေသော အသား၊ ငါး၊ အစားအစာများမှတစ်ဆင့် အစာအိမ်အူလမ်းကြောင်းမှ စုပ်ယူပါသည်။ ဇီဝကမ္မဖြစ်စဥ်အရ နေ့စဥ်သံဓာတ် ၁ မီလီဂရမ် ဆုံးရှုံးခြင်းမှအပ ကျန် ၁-၃ ဂရမ်ကို ခန္ဓာကိုယ်မှ သိမ်းဆည်းထားပါသည်။
အရွယ်ရောက်ပြီး အမျိုးသမီများ၏ လစဉ်ဓမ္မတာလာချိန် ရာသီသွေးဆင်းခြင်းကြောင့် တစ်နေ့လျှင် ၂ မီလီဂရမ်ခန့် ပိုဆုံးရှုံးနိုင်သည်။ ထို့ပြင် ကြီးကောင်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် ခန္ဓာကိုယ်သံဓာတ် လိုအပ်ချက်ပိုများတတ်ပြီး သံဓါတ်ချို့တဲ့တတ်သည်။
လူ့ခန္ဓာကိုယ်အတွက် DNA ဆဲလ်ဖွဲ့စည်းခြင်း၊ သွေးတွင်း အောက်စီဂျင်ထောက်ပံ့ခြင်း၊ ကြွက်သား၏ဇီဝ ကမ္မဖြစ်စဉ် စသည်တို့အတွက် မရှိမဖြစ်အရေးပါသော သတ္တုဓာတ်ဖြစ်သည့် သံဓာတ်ချို့တဲ့ခြင်းမှ ကင်းဝေးအောင် သံဓာတ်ကြွယ်ဝသောအစားအစာ၊ အားဆေးတို့ ပုံမှန်မှီဝဲခြင်း၊ သံဓာတ်ချို့တဲ့သွေးအားနည်းသည့် လက္ခဏာများခံစားရပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကုသမှုခံယူသင့်ကြောင်း အသိပေးပြောကြားလိုက်ပါတယ်ရှင်။
Author: Dr. Yee Mon