ချောင်းဆိုးတယ်ဆိုတာ လေပြွန်မှာ ကပ်ငြိနေတဲ့ အမှုန်အမွှားတွေနဲ့ ချွဲသလိပ်တွေကို ရှင်းလင်းပေးတဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း အလိုအလျောက်လုပ်ဆောင်မှုပဲ ဖြစ်ပါတယ်။ ချောင်းဆိုးတာမှာ ချောင်းခြောက်နဲ့ ချောင်းအစို ဆိုပြီး ၂ မျိုး ရှိပါတယ်။ ချွဲသလိပ်တွေ ထွက်ရင် ချောင်းအစို (Productive cough) ဖြစ်ပြီး မထွက်ရင်တော့ ချောင်းခြောက် (Non-productive cough or Dry cough) ဖြစ်ပါတယ်။ ချောင်းဆိုးတာက ရောဂါအမျိုးမျိုးနဲ့ ပတ်ဝန်းကျင်အခြေအနေအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။
ဒီဆောင်းပါးမှာတော့ ချောင်းခြောက်ဆိုးတာနဲ့ပတ်သက်ပြီး သိကောင်းစရာတွေကို ရေးသား ဖော်ပြပေးပါမယ်။
ဘာကြောင့် ချောင်းခြောက်ဆိုးတာလဲ
တစ်ခါတစ်လေမှာ ပြင်ပက ဖုန်တွေ၊ အမှုန်တွေကြောင့် ချောင်းခြောက် ခဏတာဆိုးတာက စိုးရိမ်စရာ မဟုတ်ပေမယ့် ကာလအတော်ကြာကြာ ချောင်းဆိုးလာရင်တော့ ရောဂါအရင်းခံတွေကို စဉ်းစားဖို့ လိုလာပါမယ်။
ရောဂါကြောင့် မဟုတ်တဲ့ ချောင်းဆိုးတာတွေက ဆေးလိပ်သောက်ခြင်း၊ လေထုညစ်ညမ်းမှု၊ ဖုန်မှုန့်တွေ၊ ဓါတုပစ္စည်းတွေနဲ့ ထိတွေ့ချိန်ကြာခြင်း၊ ဓါတ်မတည့်ခြင်း (ဖုန်မှုန့်၊ ပန်းဝတ်မှုန်) နဲ့ တချို့သော ဆေးဝါးတွေကြောင့် ဖြစ်နိုင်ပါတယ်။
နာတာရှည်ချောင်းခြောက်ဆိုးခြင်းကို ဖြစ်စေနိုင်တဲ့ ရောဂါအခြေအနေတွေက
(၁) ပန်းနာရင်ကြပ်ရောဂါ
(၂) အစာအိမ်အက်စစ်ရည် ဆန်တက်ရောဂါ (Gastroesophageal reflux disease)
(၃) အအေးမိ၊ တုပ်ကွေးရောဂါ
(၄) လက်ရှိမှာ ဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါ
(၅) ကြက်ညှာချောင်းဆိုးရောဂါ
(၆) လေပြွန်ရောင်ရောဂါ
(၇) အဆုတ်ကင်ဆာ
(၈) နှလုံးပျက်စီးခြင်းရောဂါ စတာတွေပဲ ဖြစ်ပါတယ်။
ချောင်းခြောက်ဆိုးတာ သက်သာစေဖို့ အိမ်တွင်းကုထုံးများ
(၁) ပျားရည် – ပျားရည်က ချောင်းခြောက်ဆိုးတာကို သက်သာစေနိုင်ပါတယ်။ ကလေးတွေမှာ အသက်တစ်နှစ်အထက်ဆို စတိုက်နိုင်ပါတယ်။ ပျားရည်ကို ရေနွေးနွေးနဲ့ သံပုရာလေးညှစ်ပြီး ရောသောက်မယ်ဆိုရင် လည်ချောင်းယားယံပြီး ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။
(၂) ချင်းပြုတ်ရည် – ချင်း(ဂျင်း) က ဘက်တီးရီးယားပိုးမွှားသေစေပြီး အရောင်ကျစေတဲ့ အာနိသင်ရှိပါတယ်။ လေပြွန်ရောင်ရမ်းခြင်းကို သက်သာစေနိုင်ပြီး ချင်းပြုတ်ရည်ထဲကို ပျားရည်ပါ ထည့်ပေးမယ်ဆို ချောင်းခြောက်ဆိုးခြင်းကို ပိုသက်သာစေနိုင်ပါတယ်။
(၃) ဆားရည်နဲ့ အာလုပ်ကျင်းပါ။ ဆားရည်နဲ့ အာလုပ်ကျင်းခြင်းက လည်ချောင်းယားယံတာကို သက်သာစေနိုင်ပြီး ခံတွင်းနဲ့လည်ချောင်းက ရောဂါပိုးမွှားတွေကိုလည်း နှိမ်နင်းပေးနိုင်ပါတယ်။ ရေနွေးနွေးထည့်ထားတဲ့ ဖန်ခွက်ထဲကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ ဆား ထည့်ပြီး မနက်၊ ည တစ်ကြိမ်စီ အာလုပ်ကျင်းပေးနိုင်ပါတယ်။ ဒီနည်းလမ်းက အရမ်းအသက်ငယ်သေးတဲ့ ကလေးတွေအတွက် မသင့်တော်ပါဘူး။ ဆားရည်တွေကို မျိုချလိုက်နိုင်လို့ပဲ ဖြစ်ပါတယ်။
(၄) အလွယ်တကူ ဝယ်သောက်နိုင်တဲ့ ချောင်းဆိုးပျောက်ဆေးတွေ ဥပမာ ချောင်းဆိုးပျောက်ဆေးရည်၊ ငုံဆေးပြား (Lozenges) စတာတွေကို ဝယ်သောက်နိုင်ပါတယ်။ ချောင်းဆိုးပျောက် ငုံဆေးပြားမှာပါတဲ့ ပျားရည်နဲ့ Menthol ဓါတ်တွေက လည်ချောင်းယားယံတာကို သက်သာစေပြီး ချောင်းဆိုးတာကို လျော့နည်းစေနိုင်ပါတယ်။
(၅) ဆေးလိပ်ဖြတ်ပါ။ ရေများများသောက်ပါ။ ဖုန်မှုန့်တွေ ကင်းရှင်းစေဖို့ အိမ်ခန်း၊ အိပ်ခန်းကို ပုံမှန်သန့်ရှင်းရေး လုပ်ဆောင်ပါ။
ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသသင့်သလဲ
ချောင်းခြောက်ဆိုးတာက အိမ်တွင်းကုထုံးနဲ့ မသက်သာရင်၊ ပိုဆိုးရွားလာရင်၊ ကာလကြာရှည်လာရင် ဒါမှမဟုတ် ချောင်းဆိုးတဲ့အခါ သွေး ဒါမှမဟုတ် စိမ်းဝါရောင်နဲ့ ညိုညစ်ညစ်သလိပ်ပါလာရင် ဆရာဝန်နဲ့ သေသေချာချာ ပြသသင့်ပါတယ်။
ချောင်းဆိုးတာ ကြာလာပြီး အသက်ရှူတိုင်း တရွှီရွှီမြည်လာရင်၊ အသက်ရှူမဝ၊ အသက်ရှူရ ခက်လာရင်၊ မျိုချရခက်လာရင်လည်း ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ချောင်းဆိုးတာက သာမန်အကြောင်းရင်းကြောင့်လည်း ဖြစ်နိုင်သလို ရောဂါအခံတွေကြောင့်လည်း ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသဖို့ အရေးကြီးတာ သိထားရပါမယ်။
ဆရာဝန်အနေနဲ့ ရောဂါရာဇဝင်မေးမြန်းပြီးတဲ့အခါ အသက်ရှူလမ်းကြောင်းကို စမ်းသပ်စစ်ဆေးပြီး ချောင်းဆိုးခြင်းရဲ့ အကြောင်းအရင်းကို ရှာဖွေပါလိမ့်မယ်။ လိုအပ်ရင် ဓါတ်မှန်ရိုက်ခြင်း၊ သလိပ်ထွက်ရင် သလိပ်စစ်ဆေးခြင်း စတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။
ဆရာဝန်က ချောင်းခြောက်ဆိုးခြင်းရဲ့ ရောဂါအရင်းခံပေါ်မူတည်ပြီး သင့်တော်တဲ့ကုသမှုကို အကောင်းဆုံးပေးစွမ်းမှာပဲ ဖြစ်ပါတယ်။
Author : ဒေါက်တာကောင်း (ဆေး – ၂)