နာတာရှည်နှလုံးရောဂါပဲဖြစ်ဖြစ် ရုတ်တရက် နှလုံးဖောက်တာပဲဖြစ်ဖြစ် ကာကွယ်မယ်ဆိုရင် ဒီအချက်လေးတွေကိုလိုက်နာဖို့လိုပါတယ်။
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းသည် နှလုံုးသွေးကြောရောဂါဖြစ်ရန် ၂ဆ၊ နှလုံးကြွက်သားပျက်ယွင်းခြင်းအတွက် ၆ဆ ပိုစေသည်။ နှလုံးသွေးကြောရောဂါဖြင့် သေဆုံးမှု၌ ဆေးလိပ်သောက်ခြင်းနှင့် ၂၀ ရာခိုင်နှုန်း ဆက်စပ်မှုရှိ၏။
ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။ ဆေးလိပ်သောက်သူများ ဆေးလိပ်ဖြတ်ပါ၊ ဆေးလိပ်ဖြတ်ပြီး သုံးနှစ်ကျော်လျှင် မသောက်သူကဲ့သို့ အခြေအနေများ ပြန်လည်ရရှိနိူင်သည်။
သွေးတိုးရောဂါ
သွေးဖိအားများလေ၊ နှလုံးရောဂါဖြစ်ရန်အခြေအနေ ပိုဆိုးလေဖြစ်၏။ သွေးတိုးရောဂါကြောင့် နှလုံးရောဂါဖြစ်နိူင်သည်။ သွေးတိုးခြင်းသည် နှလုံးအား တိုက်ရိုက်ဝန်ပိစေသည်။
သွေးဖိအားမှန်အောင် ထိန်းသိမ်းရန် လိုအပ်ပါသည်။ သွေးဖိအား မှန်မှန်စစ်ဆေးကြည့်ရပါမည်။
ကိုလက်စထရော
ကိုလက်စထရောများလျှင် နှလုံးသွေးကြောရောဂါဖြစ်နိူင်သည်။ သွေး၌ ကိုလက်စထရော တစ်ရာခိုင်နှုန်း ကျစေခြင်းသည်ပင် နှလုံးသွေးကြောရောဂါ အန္တရာယ်ကို ၂ မှ ၃ ရာခိုင်နှုန်း ကျစေသည်။
အဆီ အလွန်အကျွံ မစားသုံးသင့်ပါ။ သွေးတိုး၌ ကိုလက်စထရော ပါဝင်မှု စစ်ဆေးပါ။ များနေပါက ဆေးပညာရှင်နှင့် တိုင်ပင်၍ ကျအောင် ပြုဆောင်ပါ။
ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း
နှလုံးကြွက်သားများ ရုတ်တရက် ပျက်ယွင်းသေဆုံးမှုကို ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် ကာကွယ်ပေးနိူင်သည်။
လမ်းလျှာက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ကခုန်ခြင်း စသည့် မိမိနှစ်သက်ရာ လေ့ကျင့်ခန်းကို ဆောင်ရွက်သင့်ပါသည်။
အဝလွန်ခြင်း
ခန္ဓာကိုယ်၏ ရှိသင့်သော အလေးချိန်ထက် ၂၀ ရာခိုင်နှုန်းပိုနေပြီဆိုလျှင် နှလုံးသွေးကြောရောဂါ၊ သွေးတိုးရောဂါ၊ သွေးချို ဆီးချို ရောဂါ တို့ဖြစ်ရန် အခွင့်ပိုစေသည်။
ကိုယ်အလေးချိန်များသူများ၊ အဝလွန်သူများ၊ ကိုယ်အလေးချိန်မှန်အောင် ထိန်းသိမ်းကြဖို့ လိုအပ်သည်။
သွေးချို ဆီးချို ရောဂါ
သွေးချိုဆီးချိုရောဂါရှိသူများသည် သာမန်လူများထက် နှလုံးရောဂါဖြင့် သေဆုံးမှု၌ ၃ဆ မှ ၇ ဆအထိ ပိုပါသည်။
သွေးချို ဆီးချိုရောဂါရှိပါက ထိရောက်စွာကုသရန် လိုအပ်သည်။ သွေး၌ သကြားဓာတ်မှန်အောင် ထိန်းပေးရန် အရေးကြီးပါသည်။
အက်စပရင်
အက်စပရင်သည် နှလုံုးသွေးကြောရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိူင်သော ဆေးစွမ်းတစ်လက်ဖြစ်သည်။ နေ့စဉ် မှီဝဲခြင်းဖြင့် လေဖြတ်ခြင်းနှင့် နှလုံးကြွက်သား ပျက်ယွင်းခြင်းတို့ကိုလည်း ကာကွယ်နိူင်သည်။ အထူးသဖြင့် အမျိုးသားများတွင် အကျိုးအာနိသင်သက်ရောက်မှု ပိုကောင်းသည်ဟု ဆိုသည်။
အက်စပရင် ၈၁ မီလီဂရမ်ကို နေ့စဉ်သောက်သုံးမှီဝဲသင့်သည်။ မသောက်မီ ဆေးပညာရှင်ထံမှ အကြံဉာဏ်တောင်းခံ ရယူသင့်သည်။
အရက်သောက်ခြင်း
အရက်ကို သင့်တင့်မျှတရုံသောက်ပါက နှလုံးရောဂါဖြစ်ပွားမှုကို လျော့နည်းစေနိူင်ကြောင်း သုတေသနပညာရှင်များက ပြောကြားခဲ့ကြ၏။ သို့သော် အလွန်အကျွံသောက်လျှင် အန္တရယ်ဖြစ်စေနိူင်မည်ဖြစ်၏။
ထို့ကြောင့် နှလုံးနှင့် ခန္ဓာကိုယ် အထွေထွေကျန်းမာရေး ကောင်းမွန်ရန်အတွက် အရက်အလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဉ်ရန် လိုအပ်သည်။
ဟိုမိုစစ်စတင်း
သွေး၌ ဟိုမိုစစ်စတင်း Homocysterins ပမာဏများခြင်းသည် နှလုံးသွေးကြောရောဂါတစ်မျိုး ဖြစ်ပွားမှုနှင့် ဆက်နွယ်ပတ်သက်မှုရှိသည် ဟု သုတေသနပညာရှင်တချို့က ဖော်ပြသည်။
သွေးမှာ ဟိုမိုစစ်စတင်း မှန်ကန်စေရန်အတွက် ဖောလစ်အက်ဆစ် ( Folic Acid ) ၄၀၀ မိုက်ခရိုဂရမ်၊ ဗီတာမင်ဘီစစ် ( B6) ၁၀၀ မီလီဂရမ် နှင့် ဗီတာမင်ဘီတွဲလ် ( B12 ) ၏ ၁၀၀ မိုက်ခရိုဂရမ် နေ့စဉ် ဖြည့်စွက်မှီဝဲ သင့်၏။
အဆီဓာတ်
သွေး၌ အဆီဓာတ်ပါဝင်မှုနှင့် နှလုံးရောဂါ ဖြစ်ပွားမှုတို့မှာ တိုက်ရိုက်ဆက်နွယ်မှု ရှိသည်။ မကောင်းသော ကိုလက်စထရော ခေါ် (LDL-Low Density Lipoprotein) နည်းသင့်၏။ ကောင်းသော ကိုလက်စထရော (HDL- High Dendity Lipoprotein) များသင့်၏၊ တိရစ္ဆာန် အဆီများနှင့် ကြာရှည်အထားခံအောင် ပြုလုပ်ထားသော အစားအစာများ ရှောင်သင့်သည်။ အသီးအနှံ ဟင်းသီးဟင်းရွက်များကိုသာ အဓိကစားသုံးသင့်ပါသည်။
ရောဂါပိုးမွှားများ ဝင်ရောက်ခံရခြင်း
တချို့ရောဂါပိုးမွှားများသည် သွေးလွှတ်ကြောနံရံများကို ရောင်ရမ်းမှုနှင့် ပျက်ယွင်းမှုတို့ကို ဖြစ်စေသည်။ ရောဂါပိုးမွှားများကြောင့်လည်း နှလုံးရောဂါဖြစ်ပွာားစေနိူင်သည်။
ထို့ကြောင့် နမိုးနီးယားအဆုတ်ရောဂါ၊ အဆုတ်လေပြွန် ရောင်ရမ်းခြင်း၊ လည်ချောင်းရောင်ခြင်း၊ နှာခေါင်းလေအိတ်များ ရောင်ရမ်းခြင်းတို့ဖြစ်ပါက ပဋိဇီဝဆေးများကြောင့် ထိရောက်စွာကုသရန် လိုအပ်မည် ဖြစ်ပါသည်။
Author: ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)