အားကစားလုပ်သည့်အခါ ထိခိုက်ဒဏ်ရာရခြင်းသည် မကြာခဏဆိုသလို ကြုံတွေ့ရသည့် ပြဿနာတစ်ခု ဖြစ်ပါသည်။ ထိုသို့ ထိခိုက်ဒဏ်ရာရသည့်အခါ ကောင်းမွန် မှန်ကန်စွာ လုပ်ဆောင်၊ ဂရုစိုက်မှုပေးနိုင်ရန် အရေးကြီးပါသည်။ ထို့ကြောင့် ထိုသို့ ပြုလုပ်ပေးနိုင်သော ဂရုစိုက်မှုများ၊ လုပ်ဆောင်မှုများအကြောင်းကို တင်ပြလိုက်ရပါသည်။
ဒဏ်ရာရရှိပြီးနောက် ချက်ချင်းပြုလုပ်ရမည့် အရာများ
ကြွက်သားဒဏ်ရာရရှိပြီး ပထမနာရီအနည်းငယ် အတောအတွင်းတွင် ပြုလုပ်ရမည့်အရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
အနားပေးပါ
အနားပေးခြင်းသည် ဒဏ်ရာအနာကျက်ခြင်း သက်သာမှုအစပြုရန်အတွက် ထိရောက်သည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။
အထူးသဖြင့် ဒဏ်ရာရရှိပြီးနောက် နာရီအနည်းငယ်အတောအတွင်းတွင် ဒဏ်ရာ ရရှိနာကျင်သည့် အစိတ်အပိုင်းကို လှုပ်ရှားမှုမပြုလုပ်ဘဲ နားနေခြင်းသည် နောက်ထပ် ဒဏ်ရာများ ထပ်မံမရရှိစေရန်နှင့် ဒဏ်ရာအနာကျက်ခြင်း ဖြစ်နိုင်စေရန်အတွက် အကူအညီပေးနိုင်ပါသည်။
ရေခဲကပ်ပါ
ဒဏ်ရာရရှိပြီးနောက် ပထမတစ်ရက်နှစ်ရက်အတွင်း ထိုသို့ရေခဲကပ်ခြင်းသည် နာကျင်မှုကို သက်သာစေရုံမျှမက ဒဏ်ရာရရှိသည့်နေရာသို့ သွေးစီးဆင်းမှုများကို နည်းပါးစေကာ ရောင်ရမ်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
သတိထားရမည့်အချက်မှာ ရေခဲကို အရေပြားပေါ်သို့ တိုက်ရိုက်မကပ်ဘဲ ပါးလွှာသည့် အဝတ်စ သို့မဟုတ် ပိတ်စဖြင့်ပတ်၍သာ ကပ်သင့်ပါသည်။ တစ်ခါကပ်လျှင် ၁၅ မိနစ်မှ မိနစ် ၂၀ ခန့်အထိကပ်ပြီး အရေပြား၏အပူချိန်သည် ပုံမှန်သို့ပြန်လည်ရောက်ရှိသည်အထိ စောင့်ဆိုင်းပြီးမှသာ နောက်တစ်ကြိမ် ပြန်လည် ကပ်သင့်ပါသည်။
မလှုပ်ရှားစေရန် ထိန်းထားပါ
ဒဏ်ရာရရှိသည့် ဧရိယာတစ်ဝိုက်ကို မလှုပ်ရှားစေရန် ပတ်တီး သို့မဟုတ် အဝတ်စ သို့မဟုတ် သားရေပြား စသည်တို့ကို အသုံးပြု၍ ခိုင်မြဲစွာ စည်းနှောင်ခြင်းအားဖြင့် ဒဏ်ရာရရှိသည့်နေရာကို မလှုပ်ရှားစေရန် ထိန်းသိမ်းနိုင်ပါသည်။
ထိုသို့ပြုလုပ်ခြင်းအားဖြင့် နာကျင်မှုကို သက်သာစေသည့်အပြင် ရောင်ရမ်းဖောင်းကားမှုကိုလည်း လျော့နည်းစေနိုင်ပါသည်။
အကယ်၍ ထိုသို့စည်းနှောင်ထားခြင်းသည် အလွန်အမင်းတင်းကျပ်၍ ထုံကျင်ခြင်းများ ဖြစ်ပေါ်လာပါက ဖြည်ပြီးနောက် ပိုမိုလျော့ရဲစွာ နောက်တစ်ကြိမ်ပြန်လည် စည်းနှောင်ရမည်ဖြစ်ပါသည်။ တင်းကျပ်စွာစည်းနှောင်ထားခြင်းသည် သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။
အသာအယာစည်းနှောင်၍ ဖိထားခြင်းသည်ပင် ဒဏ်ရာတစ်ဝိုက်တွင် အရည်များစုဝေးခြင်းကို ကာကွယ်ပေးနိုင်စွမ်း ရှိပါသည်။
မြှင့်တင်ထားပါ
ရရှိသည့် ထိခိုက်ဒဏ်ရာကို နှလုံး၏အထက်တွင် မြှင့်တင်ပေးခြင်းအားဖြင့် ဒဏ်ရာဆီသို့ ခန္ဓာကိုယ်၏အရည်များ စီးဆင်းခြင်းကို တားဆီးကာကွယ်ပေး၍ ရောင်ရမ်းဖောင်းကားခြင်းများကို လျော့နည်းသက်သာ စေနိုင်ပါသည်။
အကယ်၍ နှလုံး၏အမြင့်ထက် မြှင့်တင်ရန်မဖြစ်နိုင်ပါက နှလုံး၏နေရာနှင့် တစ်တန်းတည်းထားရှိခြင်း ပြုလုပ်ဆောင်ရွက်ပါ။
အကယ်၍ တင်ပဆုံ သို့မဟုတ် ခြေထောက်ဧရိယာတွင် ဒဏ်ရာအနာတရရှိခဲ့ပါက လဲလျောင်း၍ ခေါင်းအုံး သို့မဟုတ် ဖက်လုံးကို တင်ပါး၏အောက် သို့မဟုတ် ခါး၏အောက်တွင် ထားပေးခြင်းအားဖြင့် ခန္ဓာကိုယ်၏ အောက်ပိုင်းအား မြင့်တက်နေစေရန် ပြုလုပ်ပေးနိုင်ပါသည်။
ဘယ်အချိန်မှာဆရာဝန်နှင့်ပြသမလဲ
အကယ်၍ရရှိသောဒဏ်ရာသည် ပြင်းထန်သည်ဟုယူဆပါက ဆရာဝန်နှင့် ပြသရန် လိုအပ်ပါသည်။ အောက်ပါတို့သည် ပြင်းထန်စွာဒဏ်ရာရရှိခြင်း၏ လက္ခဏာရပ်များ ဖြစ်ကြပါသည်။
– အလွန်အမင်း ဖောင်းကားရောင်ရမ်း၍ နာကျင်လာခြင်း
– သိသာထင်ရှားစွာ ပုံသဏ္ဌာန်ပျက်ယွင်းမှု ဖြစ်နေခြင်း
– ဒဏ်ရာရရှိသည့်ဧရိယာကို လှုပ်ရှားသည့်အခါ ဒဏ်ရာအတွင်းမှ အသံများထွက်နေခြင်း
– အသက်ရှူရန်ခက်ခဲခြင်း
– မူးဝေခြင်း
– ခန္ဓာကိုယ် အပူချိန်တက်ခြင်း စသည့်လက္ခဏာများ ပေါ်ပေါက်ပါက ဆရာဝန်နှင့် အမြန်ဆုံးပြသရန် လိုအပ်ပါသည်။
ထို့ပြင် အိမ်၌ကုသသော်လည်း တိုးတက်ခြင်းမရှိသည့် အခြေအနေမျိုးတွင်လည်း ဒဏ်ရာအနာတရမှာ သေးငယ်စေကာမူ ဆရာဝန်နှင့် ပြသရန်လိုအပ်ပါသည်။
ထို့ပြင် ဒဏ်ရာရရှိပြီးနောက် တစ်လခန့်ကြာသည့်အချိန်အထိ ဒဏ်ရာတစ်ဝိုက်တွင် ဖောင်းကားခြင်းနှင့် အရောင်ပြောင်းခြင်းများ ဖြစ်ပေါ်နေပါက ဆရာဝန်နှင့် ပြသသင့်ပါသည်။
ထို့ပြင် ဒဏ်ရာရရှိပြီး သီတင်းပတ်အနည်းငယ်ကြာသည်အထိ ပြင်းထန်စွာ နေကျင်နေဆဲဖြစ်ပါကလည်း ဆရာဝန်နှင့် မဖြစ်မနေပြသသင့်ပါသည်။
Author : Dr. မွန်