ဝမ်းပျက်ဝမ်းလျှောရောဂါသည် အဖြစ်များသော ရောဂါပြဿနာတစ်ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။
အထူးသဖြင့် အသက်အရွယ်ကြီးသူများ၊ ကလေးငယ်များနှင့် နာတာရှည်အခြေခံရောဂါရှိသော သူများတွင် ဝမ်းလျှောခြင်းကြောင့်ဖြစ်တတ်သော ရေဓာတ်ခန်းခြောက်ခြင်းအန္တရာယ်ကို ပိုမိုသတိထား၍ ကာကွယ်ကုသရန် လိုအပ်ပါသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ရခြင်း အကြောင်းရင်းများ။
၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်စေသည့် အကြောင်းရင်းများတွင် အူလမ်းကြောင်း ဗိုင်းရပ်ရောဂါပိုး ကူးစက်ခြင်းသည် အဖြစ်များသော အကြောင်းရင်းတစ်ခု ဖြစ်ပါသည်။
အခြားအကြောင်းရင်းများမှာ
– အရက်အလွန်အကျွံသောက်ခြင်း
– အစားအစာအချို့ဓာတ်မတည့်ခြင်းကြောင့် ဝမ်းလျှောခြင်း
– ဆီးချိုသွေးချိုရောဂါရှိခြင်း
– အူလမ်းကြောင်းရောဂါအချို့ကြောင့် ဝမ်းလျှောခြင်း ( ဥပမာ Crohn’s Disease )
– အစာအိမ်နှင့် သက်ဆိုင်သော ရောဂါများရှိခြင်း
– ဘက်တီးရီးယားပိုးများကြောင့် အစာအဆိပ်ဖြစ်၍ ဝမ်းလျှောခြင်း
– ဝမ်းနုတ်ဆေး သောက်သုံးမှုပမာဏ များပြားခြင်း
– အချို့သော ဆေးဝါးများကြောင့် ဝမ်းလျှောခြင်း
– လည်ပင်းသိုင်းရိုက်ဟော်မုန်း အထွက်များခြင်း
– ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသမှုခံယူရခြင်း
– အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသမှုခံယူထားခြင်း
– အစာစုပ်ယူရန်ခက်ခဲသည့် ရောဂါပြဿနာရှိခြင်း စသည့်အကြောင်းရင်းများကြောင့် ဝမ်းပျက်ဝမ်းလျှောစေနိုင်ကြောင်း တွေ့ရှိရပါသည်။
ရောဂါလက္ခဏာများ။
အောက်ပါတို့သည် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်သည့်အခါ ခံစားရလေ့ရှိသော ရောဂါလက္ခဏာများ ဖြစ်ကြပါသည်။
– ဝမ်းဗိုက်ကယ်ခြင်း
– ဗိုက်ရစ်၍နာခြင်း
– ဝမ်းပျော့ပျော့ သို့မဟုတ် အရည်ဝမ်းများ မကြာခဏသွားခြင်း
– ပျို့ခြင်း စသည်တို့ ဖြစ်ကြပါသည်။
ပို၍ဆိုးရွားပြင်းထန်သော ရောဂါလက္ခဏာအချို့ကိုလည်း ခံစားရနိုင်ကြောင်း တွေ့ရှိရပါသည်။
၎င်းတို့မှာ
– ဝမ်းတွင် သွေး သို့မဟုတ် ချွဲများပါခြင်း
– ကိုယ်အလေးချိန်ကျဆင်းခြင်း
– ကိုယ်ပူခြင်း စသည်တို့ဖြစ်ပါသည်။
ဘယ်အချိန်မှာ ဆရာဝန်နှင့် ပြသသင့်သလဲ
အောက်ပါ လက္ခဏာများကို တွေ့ရှိသည့်အခါ ဆရာဝန်နှင့် အမြန်ဆုံးပြသရန် လိုအပ်ကြောင်း အကြံပြုလိုပါသည်။
– ဝမ်းတွင် သွေးပါခြင်း သို့မဟုတ် ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းသွားခြင်း
– ကိုယ်အပူချိန် ၁၀၁ ဒီဂရီဖာရင်ဟိုက် အထက်အဖျားရှိနေခြင်း
– နှစ်ရက်ထက်ပို၍ကြာရှည်စွာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နေခြင်း
– ပျို့အန်နေခြင်းကြောင့် ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်ရန်အတွက် လိုအပ်နေသော ဓာတ်ဆားရည်ကို လုံလောက်စွာ ပြန်လည်ဖြည့်ပေးနိုင်စွမ်းမရှိခြင်း
– ဝမ်းဗိုက်တွင် အလွန်နာကျင်ခြင်း စသည့် လက္ခဏာများကို သတိပြုရန်လိုအပ်ပါသည်။
ထို့အပြင် အောက်ဖော်ပြပါတို့သည် ပြင်းထန်သော ရေဓာတ်ခန်းခြောက်ခြင်းလက္ခဏာများ ဖြစ်ပြီး ၎င်းတို့သည်လည်း ဆရာဝန်နှင့် အရေးပေါ်ဆေးကုသမှုခံယူသင့်သော လက္ခဏာများ ဖြစ်ကြပါသည်။
– အညိုရောင်သမ်းသော ဆီးသွားခြင်း
– ဆီးပမာဏအလွန်နည်းခြင်း
– နှလုံးခုန်နှုန်းမြန်ခြင်း
– ခေါင်းကိုက်ခြင်း
– အရေပြားခြောက်သွေ့ခြင်း
– သတိမကောင်းခြင်း စသည့်လက္ခဏာများကို သတိထားဂရုပြုရန်လိုအပ်ပါသည်။
ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် ရှောင်ကြဉ်သင့်သည့် အစားအစာများ
ဝမ်းပျက်ဝမ်းလျှောဖြစ်သည့်အခါ အချို့သော အစားအစာများသည် ရောဂါလက္ခဏာများကို ပို၍ဆိုးရွားစေနိုင်ကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် ၎င်းအစားအစာများကို ဝမ်းပျက်ဝမ်းလျှောသည့်အခါမျိုးတွင် ရှောင်ကြဉ်သင့်ကြောင်း အကြံပြုလိုပါသည်။
ထိုအစားအစာများမှာ
– နို့နှင့် နို့ထွက်ပစ္စည်းများ၊ ချိစ်၊ ထောပတ် စသော အစားအစာများ
– ချဉ်သောသစ်သီးများ( သံပုရာသီး၊ သံပယိုသီး )
– အခြားသစ်သီးအမျိုးမျိုး
– ဟင်းသီးဟင်းရွက်များ
– အဆီဓာတ်များသော အစားအစာများ
– ဆီကြော်အစားအစာများ
– ဆီးချိုသကြားကဲ့သို့သော ပြုပြင်စီရင်ထားသော သကြားများ
– ပူစပ်သော အစားအစာများ
– အချဉ်ဓာတ်များသော အစားအစာများ
– ဝက်သား
– အရက်ဘီယာများ
– အချိုရည်အအေးများ
– ပြောင်းဖူး
– ဆာဒင်းငါး
– ကော်ဖီ ၊ ဆိုဒါ စသော အဖျော်ယမကာများ စသည့်အစားအစာများကို ရှောင်ကြဉ်သင့်ပါသည်။
ထို့ကြောင့် ထိုသို့သော အစားအစာများကို သတိပြု ရှောင်ကြဉ်ခြင်းအားဖြင့် ဝမ်းပျက်ဝမ်းလျှောခြင်းကို ပိုမို မဆိုးရွားလာစေဘဲ အမြန်ဆုံး သက်သာစေနိုင်ကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။
Author : Dr. မိုး (ဆေး ၁)