ခန္ဓာကိုယ်အတွင်းရှိ သံဓာတ်၏ သုံးပုံနှစ်ပုံကို ဟေမိုဂလိုဘင်ဒြပ်ပေါင်းများတွင် တွေ့ရှိရပါသည်။
ဟေမိုဂလိုဘင် ဒြပ်ပေါင်းများသည် သွေးနီဥများတွင် အဓိကပါဝင်သော ပရိုတင်းဓာတ်တစ်မျိုးဖြစ်ပြီး အဆုတ်များမှ အောက်ဆီဂျင်ကို ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်းများဆီသို့ သယ်ယူပို့ဆောင်ပေးသော လုပ်ငန်းကို လုပ်ဆောင်ပေးပါသည်။
ထို့ကြောင့် သံဓာတ်၏ခန္ဓာကိုယ်ကျန်းမာရေးအတွက် အဓိကကောင်းကျိုးမှာ ခန္ဓာကိုယ်၏အင်္ဂါ အဖွဲ့အစည်းများအတွက် လိုအပ်သော အောက်ဆီဂျင်ကို ဖြည့်ဆည်းပေးခြင်းပင် ဖြစ်ပါသည်။
သံဓာတ်၏ အခြားကျန်းမာရေးအတွက် အကျိုးပြုသော ကောင်းကျိုးများမှာ သွေးအားနည်းရောဂါများ၊ နာတာရှည်ရောဂါများ၊ ချောင်းဆိုးရောဂါနှင့် အခြားသောရောဂါအများစုကို ကာကွယ်လျော့နည်း စေခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
သံဓာတ်ချို့တဲ့လျှင် တွေ့ရှိရသော ရောဂါလက္ခဏာများ
အောက်ပါတို့သည် သံဓာတ်ချို့တဲ့လျှင် တွေ့ရှိရသောရောဂါလက္ခဏာများ ဖြစ်ပါသည်။
သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာအများစုသည် ခန္ဓာကိုယ်အစိတ်အပိုင်းများမှ အောက်ဆီဂျင်ကို လုံလောက်စွာ မရရှိသောကြောင့် ဖြစ်ရခြင်း ဖြစ်ပါသည်။
– ပုံမှန်ထက်ပို၍ မောပန်းနွမ်းနယ်နေခြင်း
– အားနည်းသလို ခံစားနေရခြင်း
– အသားအရေဖြူဖျော့ခြင်း ၊ နှုတ်ခမ်းနှင့် မျက်ခွံအောက်ဘက်တွင် ဖြူဖျော့ခြင်း
– ရင်တုန်ခြင်း
– အသက်ရှူမ၀ခြင်း
– ခေါင်းကိုက်ခေါင်းမူးခြင်း
– ဆံပင်များခြောက်သွေ့၍ နက်မှောင်သန်စွမ်းမှုမရှိခြင်း
– လက်သည်းများကျွတ်ဆတ်၍ ကျိုးလွယ်ခြင်း
– ခြေဖျားလက်ဖျားများ အေးခြင်း
– ရောဂါပိုးမကြာခဏကူးစက်ခံရခြင်း စသည့်ရောဂါလက္ခဏာများကို တွေ့ရှိရပါသည်။
ထို့ကြောင့် သံဓာတ်ချို့တဲ့ခြင်းရောဂါ လက္ခဏာများမှ ကာကွယ်နိုင်ရန် သံဓာတ်ကြွယ်၀သော အစားအစာများကို စားသုံးသင့်ပါသည်။
သံဓါတ်ကိုရရှိစေသော အဓိက အပင်အရင်းအမြစ်များ
– ပဲအမျိုးမျိုး
– အစေ့အဆန်များ
– ဟင်းနုနွယ်
– ကန်စွန်းရွက်
– ဘရိုကိုလီ စသော အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ
– သစ်သီးခြောက်များ စသည့် အစားအစာများသည် သံဓာတ်ကြွယ်၀သော အစားအစာများ ဖြစ်ကြပါသည်။
သံဓါတ်ကိုရရှိစေသော အဓိက သတ္တဝါအရင်းအမြစ်များ
– ကြက်အသည်း၊ ဝက်အသည်း၊ ဆိတ်အသည်းနှင့် အမဲအသည်း
– အမဲသားစသော အနီရောင်ရှိသော အသားများ
– ကြက်ဥ ၊ ဘဲဥ
– ဆော်လမွန်ငါး
– ဆာဒင်းငါး
– ဘဲသား စသည့် အစားအစာများကို စားသုံးခြင်းဖြင့် သံဓာတ်ချို့တဲ့ခြင်းရောဂါမှ ကာကွယ်နိုင်ပါသည်။
သို့သော် သံဓာတ်ချို့တဲ့ခြင်းမှ ကာကွယ်ရန် အတွက် သံဓာတ်ကြွယ်၀သော အစားအစာများကို စားရုံသာမက သံဓာတ်စုပ်ယူခြင်းကို အားပေးသော အစားအစာများကို တွဲ၍ စားသုံးလျှင် ပိုမိုသင့်လျော်ကြောင်း တွေ့ရှိရပါသည်။
Vitamin C သည် သံဓာတ်စုပ်ယူခြင်းကို အားပေးသော အာဟာရဓာတ်တစ်မျိုးဖြစ်သောကြောင့် အောက်ပါ Vitamin C ကြွယ်၀သည့်အစားအစာများကို သံဓာတ်ပြည့်၀သော အစားအစာများဖြင့် တွဲဖက်၍ စားသုံးသင့်ပါသည်။
၎င်းတို့မှာ
– အချဉ်ဓာတ်များသော သစ်သီးများ
( ဥပမာ သံပုရာသီး၊ သံပယိုသီး ၊ လိမ္မော်သီး ၊ ကီဝီသီး ၊ စပျစ်သီး )
– အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ စသည်တို့ကို စားခြင်းဖြင့် သံဓာတ်စုပ်ယူခြင်းကို အားပေးနိုင်သဖြင့် သံဓာတ်ကြွယ်၀သော အစားအစာများနှင့် တွဲဖက်၍ စားသုံးသင့်ပါသည်။
သံဓာတ်၏ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထောက်အကူပြုသော ကောင်းကျိုးများ
အောက်ပါတို့သည် သံဓာတ်၏ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထောက်အကူပြုသော ကောင်းကျိုးများ ဖြစ်ပါသည်။
ဟေမိုဂလိုဘင်ဓာတ်များဖြစ်ပေါ်ခြင်းကို အားပေးကူညီခြင်း။
သံဓာတ်၏ အဓိကလုပ်ငန်းဆောင်တာမှာ ဟေမိုဂလိုဘင်ဓာတ်များဖြစ်ပေါ်ခြင်းတွင် ကူညီလုပ်ဆောင်ပေးခြင်းပင် ဖြစ်ပါသည်။
ထို့ပြင် ခန္ဓာကိုယ်အစိတ်အပိုင်းများမှ လိုအပ်သော အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးသည့် ဟေမိုဂလိုဘင်၏ လုပ်ငန်းများတွင်လည်း သံဓာတ်သည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း တွေ့ရှိရပါသည်။
ကြွက်သားများ၏ လုပ်ငန်းဆောင်တာများကို တိုးတက်ကောင်းမွန်စေခြင်း။
သံဓာတ်သည် ကြွက်သားများတွင် ပါဝင်သော အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး ကြွက်သားများ ကျုံ့ညှစ်သည့်လုပ်ငန်းများ လုပ်ဆောင်ရာတွင် လိုအပ်သော အောက်ဆီဂျင်ကို ဖြည့်ဆည်းပေးသော မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်တစ်မျိုး ဖြစ်ပါသည်။
ဦးနှောက်၏ လုပ်ငန်းတာဝန်များကို ကောင်းမွန်စေရန် အထောက်အကူပြုခြင်း။
ဦးနှောက်၏ ဖွံ့ဖြိုးတိုးတက်မှုပိုင်းဆိုင်ရာ အခန်းကဏ္ဍတွင် သံဓာတ်သည် အလွန်အရေး ပါကြောင်း တွေ့ရှိရပါသည်။
သွေးတွင်းရှိအောက်ဆီဂျင်၏ ၂၀ ရာခိုင်နှုန်းခန့်ကို ဦးနှောက်က အသုံးပြုသည့်အတွက် သံဓာတ်နှင့် ဦးနှောက်နှင့် သက်ဆိုင်သော လုပ်ငန်းများသည် တိုက်ရိုက်ဆက်စပ်လျက် ရှိပါသည်။
ထို့အပြင် ဦးနှောက်၏ မှတ်ဉာဏ်ပိုင်းဆိုင်ရာ အားနည်းသောရောဂါအခြေအနေကို ကာကွယ်ရန်အတွက်လည်း သံဓာတ်သည် အလွန်အရေးပါသော အာဟာရဓာတ်တစ်မျိုး ဖြစ်ပါသည်။
ခန္ဓာကိုယ်၏ အပူချိန်ကို ထိန်းသိမ်းပေးခြင်း။
သံဓာတ်သည် ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းရန်အတွက် အရေးပါသောအရာတစ်ခု ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
ထိုသို့ ခန္ဓာကိုယ်အပူချိန်ကို တည်ငြိမ်စေရန် ထိန်းသိမ်းနိုင်ခြင်းကြောင့် ဇီ၀ကမ္မ့ဖြစ်စဉ်ဆိုင်ရာ လုပ်ငန်းဆောင်တာများကို အကောင်းဆုံးလုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။
သွေးအားနည်းရောဂါကို ကာကွယ်ကုသပေးနိုင်ခြင်း။
ယခုအခါတွင် သွေးအားနည်းရောဂါသည် အလွန်အဖြစ်များသော ရောဂါ အခြေအနေတစ်ရပ်အဖြစ် တွေ့ရှိရပါသည်။ သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်ခံစားရသော သွေးအားနည်းရောဂါလက္ခဏာများ မဖြစ်အောင် ကာကွယ်ကုသနိုင်ရန် သံဓာတ်သည် အလွန်အရေးပါသော အာဟာရဓာတ်တစ်မျိုး ဖြစ်ပါသည်။
နာတာရှည်ရောဂါများကို တိုက်ခိုက်ခြင်း။
အစာခြေလမ်းကြောင်းနှင့် ဆီးလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါများ နှင့် နာတာရှည် ကျောက်ကပ်အားနည်းသောရောဂါများတွင် တွေ့ရသော သွေးအားနည်းရောဂါ လက္ခဏာများကို ကာကွယ် တိုက်ခိုက်ရန် သံဓာတ်သည် အလွန်အရေးပါကြောင်း တွေ့ရှိရပါသည်။
အမျိုးသမီးများတွင် သွေးအားနည်းရောဂါဖြစ်ပွားခြင်းကို လျော့နည်းစေရန် ကာကွယ်ပေးခြင်း။
အမျိုးသမီးများသည် ရာသီဓမ္မတာသွေးလာခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်ခြင်းတို့ကြောင့် သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေများကြောင်း တွေ့ရှိရပါသည်။
ထိုအခါ သံဓာတ်သည် ၎င်းဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်နိုင်သော သွေးအားနည်းရောဂါများ မဖြစ်စေရန် ကာကွယ်ပေးသော ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများကို ပေးစွမ်းနိုင်ပေသည်။