သံဓာတ်သည် ခန္ဓာကိုယ်ကျန်းမာရေးလုပ်ငန်းများအတွက် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သော အာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။
သံဓာတ်၏ ခန္ဓာကိုယ်ကျန်းမာရေးအတွက် လုပ်ဆောင်ပေးသောလုပ်ငန်းများ
သံဓာတ်၏ ခန္ဓာကိုယ်ကျန်းမာရေးအတွက် လုပ်ဆောင်ပေးသော လုပ်ငန်းများမှာ
– ခန္ဓာကိုယ် အစိတ်အပိုင်းများမှ လိုအပ်သော အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးသည့် ဟေမိုဂလိုဘင်ဓာတ်များ ဖြစ်ပေါ်ခြင်းအား ထောက်ပံ့ပေးခြင်း
– ကြွက်သားများ၏ လုပ်ငန်းများအား အားပေးကူညီခြင်း
– ဦးနှောက်၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို တိုးတက်ကောင်းမွန်စေခြင်း
– ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို ကောင်းမွန်စေခြင်း
– ဆံပင်၊ လက်သည်းနှင့် အရေပြားကျန်းမာရေးကို ကောင်းမွန်စေခြင်း
– သွေးတွင်းရှိ သကြားဓာတ်များကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးခြင်း
– သွေးအားနည်းရောဂါများကို ကာကွယ်ကုသပေးခြင်း
– နာတာရှည်ရောဂါအချို့ကို ခုခံတိုက်ခိုက်ပေးခြင်း (ဥပမာ နာတာရှည် ကျောက်ကပ်အားနည်းသောရောဂါ၊ နာတာရှည် အူလမ်းကြောင်း နှင့် ဆီးလမ်းကြောင်းရောဂါ) စသည့် လုပ်ငန်းများကို လုပ်ဆောင်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
သံဓာတ်ချို့တဲ့လျှင် တွေ့ရတတ်သော ရောဂါလက္ခဏာများ
အောက်ပါတို့သည် သံဓာတ်ချို့တဲ့လျှင် တွေ့ရတတ်သော ရောဂါလက္ခဏာများ ဖြစ်ကြပါသည်။
– အားနည်းနေသကဲ့သို့ခံစားရခြင်း
– နှုတ်ခမ်း ၊ အောက်မျက်ခွံ နှင့် မျက်နှာအသားအရေဖြူဖျော့နေခြင်း
– ပုံမှန်ထက်ပို၍ မောပန်းလွယ်နေခြင်း
– နှလုံးခုန်နှုန်းမြန်ခြင်းကြောင့် ရင်တုန်ခြင်း
– ပါးစပ်နှင့် လျှာတွင် နာကျင်ရောင်ရမ်း၍ အက်ကွဲနာများဖြစ်ခြင်း
– ဆံပင်များခြောက်သွေ့၍ ကျွတ်လွယ်ခြင်း
– အရေပြားခြောက်ခြင်း
– လက်သည်းများကျွတ်ဆတ်၍ကျိုးလွယ်ခြင်း
– ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း
– မကြာခဏ ရောဂါပိုးကူးစက်ခံရခြင်း
– ခြေဖျားလက်ဖျားများ အေးစက်ခြင်း စသည့် ရောဂါလက္ခဏာများကို တွေ့ရှိနိုင်ပေသည်။
ထို့ကြောင့် အထက်ဖော်ပြပါ သံဓာတ်ချို့တဲ့ခြင်းမှ ကာကွယ်ရန်အတွက် သံဓာတ်ပြည့်၀သော အစားအစာများကို စားသုံးပေးသင့်ပါသည်။
သံဓာတ်ပြည့်၀စွာပါဝင်သော အစားအစာများမှာ
– ကြက်အသည်း ၊ ဝက်အသည်း
– အမဲသား ၊ ဘဲသား
– ကြက်ဥ ဘဲဥများ
– ပဲအမျိုးမျိုး
– အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ
– ဆာဒင်းငါး
– ဆော်လမွန်ငါး စသည်တို့ဖြစ်ကြပါသည်။
သို့သော် သံဓာတ်ချို့တဲ့ခြင်းနည်းတူ သတိပြုရန်လိုအပ်သည့် ရောဂါ ပြဿနာတစ်ခုမှာ ခန္ဓာကိုယ်တွင် သံဓာတ်များလိုအပ်သည်ထက်ပို၍ လွန်ကဲနေခြင်းကြောင့် ဖြစ်နိုင်သော ရောဂါအခြေအနေတစ်မျိုးဖြစ်ပါသည်။
ထိုရောဂါ အခြေအနေကို သံဓာတ်လွန်ကဲခြင်းရောဂါအခြေအနေ (Haemochromatosis) ဟုခေါ်ပါသည်။
သံဓာတ်လွန်ကဲခြင်းရောဂါသည် အဖြစ်နည်းသော မျိုးရိုးလိုက်သည့် ရောဂါအခြေအနေ တစ်မျိုးဖြစ်ပြီး အောက်ပါ ရောဂါလက္ခဏာများကို တွေ့ရှိနိုင်ပါသည်။
– အားနည်းခြင်း
– နွမ်းနယ်နုံးချိနေခြင်း
– ခန္ဓာကိုယ်အလေးချိန် ကျဆင်းခြင်း
– အဆစ်အမြစ်များနာကျင်ခြင်း (အထူးသဖြင့် လက်ညှိုးနှင့်လက်ခလယ်ရှိ အဆစ်များ နာကျင်ရောင်ရမ်းခြင်း )
– ဝမ်းဗိုက်နာခြင်း
– အသည်းလုပ်ငန်းများကောင်းစွာ လုပ်ဆောင်နိုင်မှုမရှိခြင်း
– ရာသီဓမ္မတာသွေးပေါ်သည့် အချိန်များပုံမှန်မဟုတ်ခြင်း (ဥပမာ သွေးဆုံးကာလစောခြင်း )
– ခန္ဓာကိုယ်ရှိ အမွေးအမှင်များကျွတ်ခြင်း
– ဆီးချိုသွေးချိုရောဂါ ဖြစ်ခြင်း
– နှလုံးလုပ်ငန်းများ ကောင်းစွာလုပ်ဆောင်နိုင်မှု မရှိခြင်း
– အရေပြားသည် မီးခိုးရောင်ဖြစ်နေခြင်း
– ပန်းသေပန်းညှိုးရောဂါများခံစားရခြင်း စသည့် လက္ခဏာများကို တွေ့ရှိရပါသည်။
သံဓာတ်လွန်ကဲခြင်းရောဂါ ဖြစ်နေသောသူများသည် သံဓာတ်လျှော့ချရန်အတွက် အောက်ပါအတိုင်း ဆင်ခြင်၍ စားသုံးသင့်ကြောင်း အကြံပြုအပ်ပါသည်။
သံဓာတ်ကြွယ်၀သော အစားအစာများကို အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ်ပါ
သံဓာတ်ကို အမျိုးအစားနှစ်မျိုးအဖြစ် တွေ့ရှိနိုင်ပါသည်။
( ၁ ) Heme – iron သတ္တဝါအရင်းအမြစ်များမှ ရရှိသော အစားအစာများတွင်ပါဝင်သော သံဓာတ်အမျိုးအစား
( ၂ ) Non Heme – iron အပင် အရင်းအမြစ်များမှ ရရှိသော အစားအစာများတွင် ပါဝင်သော သံဓာတ်အမျိုးအစား ဟူ၍ နှစ်မျိုးတွေ့ရှိနိုင်ပါသည်။
၎င်းတို့အနက် Heme – iron အမျိုးအစားကို ခန္ဓာကိုယ်မှ ပို၍စုပ်ယူရန် လွယ်ကူကြောင်း တွေ့ရှိရပါသည်။
Heme – iron သံဓာတ်အမျိုးအစားကို အမဲသား၊ ဆိတ်သား၊ ဘဲသား၊ ကြက်အသည်း၊ ဆာဒင်းငါး ဆော်လမွန်ငါး၊ ကမာကောင် စသော အစားအစာများတွင် ပေါများစွာ ပါဝင်ကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် သံဓာတ်လွန်ကဲခြင်းရောဂါ ပြဿနာဖြစ်နေသောသူများသည် အထက်ဖော်ပြပါ အစားအစာများကို အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။
သံဓာတ်စုပ်ယူခြင်းကို လျော့နည်းစေနိုင်သော အစားအစာများကို ရွေးချယ်၍ စားပေးပါ
ကယ်လ်ဆီယမ်ကြွယ်၀သော အစားအစာများ (နို့၊ ဒိန်ချဉ်၊ ချိစ်၊ တိုဖူး စသော အစားအစာများ)
ကြက်ဥဘဲဥအနှစ်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ကိုကိုးအမှုန့်၊ ဗာဒံစေ့၊ နှမ်း၊ နှံစားသီးနှံများ စသည့် အစားအစာများသည် သံဓာတ်စုပ်ယူခြင်းကို လျော့နည်းစေနိုင်သဖြင့် သံဓာတ်လွန်ကဲခြင်းရောဂါ ဖြစ်နေသည့်သူများ ရွေးချယ်၍ စားသုံးရန်သင့်လျော်ပါသည်။
သံဓာတ်စုပ်ယူခြင်းကို အားပေးသော အစားအစာများကို အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ်ပါ
Vitamin C သည် သံဓာတ်စုပ်ယူခြင်းကို အားပေးသော ဗီတာမင်ဓာတ်တစ်မျိုးအဖြစ် လက်ခံယုံကြည် ထားကြပါသည်။
ထို့ကြောင့် သံဓာတ်လွန်ကဲခြင်းအခြေအနေရှိသောသူများသည် Vitamin C ပေါများစွာ ပါဝင်သည့် အစားအစာများကို သံဓာတ်အစားအစာများနှင့် တွဲဖက်၍ စားသုံးရန် မသင့်လျော်ကြောင်း တွေ့ရှိရပါသည်။
Vitamin C ကို အောက်ဖော်ပြပါ အစားအစာများတွင် ပေါများစွာ တွေ့ရှိရပါသည်။
၎င်းတို့မှာ – အချဉ်ဓာတ်များသော သစ်သီးများ (သံပုရာသီး၊ ကီဝီသီး၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး ) စသော သစ်သီးအမျိုးမျိုး နှင့်
– အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ
– ငရုတ်သီးစိမ်း
– ငရုတ်ပွသီး
– ကန်စွန်းဥ
– ခရမ်းချဉ်သီး စသည့် အစားအစာများဖြစ်ကြပါသည်။