မေး။ ။အစာမကြေဖြစ်နေတတ်တာ လေး၊ ငါးနှစ်လောက်ရှိပြီဆရာ။ စားလိုက်ရင် ရင်ပြည့်နေတယ်။ အဲဒါဘာဆေးတွေ ဆောင်ဖို့ရှောင်ဖို့လိုမယ်ဆိုတာ ရှင်းပြပေးပါ ဆရာ။
ဦးထွန်းထွန်း(လယ်ဝေး)
ဖြေ။ ။ အစာမကြေရောဂါဟာ အစာအိမ်အနာကြောင့် အဖြစ်များတယ်။ အချို့လူနာ တွေမှာ အစာအိမ်အနာမရှိဘဲ၊ အစာမကြေရောဂါခံစားရတာကို တွေ့ရှိရတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် အဖြစ်များပါတယ်။
ရောဂါလက္ခဏာ။ ။ ရောဂါလက္ခဏာတွေက အစာမကြေခြင်း၊ ဗိုက်နာခြင်း၊ ရင်ပြည့် ရင်ကယ်ဖြစ်ခြင်း၊ လေတက်ခြင်း၊ ဗိုက်တင်းခြင်း၊ လေထိုးခြင်း၊ ရင်ပူခြင်း၊ လေချဉ် တက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
အခြားလက္ခဏာ။ ။ ခြေလက်အေးခြင်း၊ ရင်တုန်မောပန်းခြင်း၊ အိပ်မပျော်ခြင်း၊ စိုးရိမ်စိတ်များခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အကြောတက်ခြင်း၊ မျက်ကြောတက်ခြင်း၊ မျက်စိကြည့်မကောင်းခြင်း၊ ခံတွင်းပျက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
ရောဂါဖြစ်ရတဲ့အကြောင်းရင်း။ ။ အစာအိမ်ရောင်ခြင်း၊ အစာအိမ်အတွင်း အက်ဆစ် အထွက်များခြင်း၊ အစာအိမ် ကြွက်သား ပုံမှန်အလုပ်မလုပ်ခြင်း၊ ဦးနှောက်နဲ့ အစာအိမ် ဆက်သွယ်ထားတဲ့ အာရုံကြောပုံမှန်မဟုတ်ခြင်း၊ စိုးရိမ်စိတ်နဲ့ အတွေးများခြင်း၊ ရောဂါအကြောက်လွန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဆေးအမျိုးမျိုးစားခြင်းနဲ့ အခြား ရောဂါများ ဖြစ်နိုင်တယ်။
အရေးကြီးရောဂါလက္ခဏာများ။ ။ သိသိသာသာ ပိန်ခြင်း၊ သွေးအန်ခြင်း၊ ဝမ်းအမည်းသွားခြင်း၊ အလုံးအကျိတ်ပေါ်ခြင်း၊ ဝမ်းသွားလျှင်သွေးပါခြင်း၊ မျက်စိ ဝါခြင်း၊ ရေဖျဉ်းစွဲခြင်း လက္ခဏာများ ဖြစ်ပေါ်လာပါက မိသားစုဆရာဝန်နဲ့ ပြသ ရမယ်။
လိုအပ်တဲ့စမ်းသပ်မှုများ။ ။ အာထရာဆောင်းရိုက်ခြင်း၊ အစာအိမ်မှန်ပြောင်း ကြည့်ခြင်း၊ သွေးစစ်ခြင်းနဲ့ လိုအပ်တဲ့ စမ်းသပ်မှုများ ပြုလုပ်ဖို့လိုတယ်။
ရောဂါရှင်များလိုက်နာရန်။ ။ အစာကို တစ်ကြိမ်တည်းအများကြီးမစားဘဲ နည်းနည်း နဲ့ မကြာခဏစားဖို့၊ ပူလွန်း၊ စပ်လွန်း၊ ချဉ်လွန်းတဲ့ အစာမစားဖို့၊ နို့နှင့်နို့ထွက်ပစ္စည်း မသောက်၊ မစားဖို့၊ လက်လုပ်ချဉ်၊ အသုပ်၊ ချဉ်ဖတ်ရှောင်ဖို့လိုသလို အစိုးရိမ်မလွန်ဖို့၊ အရက်၊ ဘီယာရှောင်ဖို့၊ ဖြတ်ဖို့၊ စားလိုက်လို့ရောဂါလက္ခဏာပိုဆိုးလာရင် ဒီအစားအစာကို ရှောင်ဖို့ (ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ မုန်လာဥ၊ မုန့်ဟင်းခါး) စိတ်ကို ပျော်အောင်ထားဖို့ နေ့စဉ်နာရီဝက် လေ့ကျင့်ခန်း (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး) လုပ်ဖို့မိမိဝါသနာပါရာလုပ်ဖို့၊ (ဥပမာ- သီချင်းနာထောင်၊ တီဗွီကြည့်ဖို့) အကိုက်အခဲ ပျောက်ဆေးမစားဖို့၊ စိုးရိမ်ပူပင်စိတ်လျှော့ဖို့၊ အချိန်ပေးပြီး စိတ်ရှည်ရှည် ဆေးကုသဖို့၊ သုံးလခန့် ဆေးစားဖို့ လိုအပ်ပါတယ်။
ကုသနိုင်တဲ့နည်းလမ်းတွေက အစာအိမ်ဆေး၊ ဗိုက်အောင့်ပျောက်ဆေး၊ လေဆေးစားခြင်း အစားအသောက်၊ အနေအထိုင်ဆင်ခြင်ခြင်းနဲ့ အခြား အားဆေး (ဘီကွန်ပလက်) စားခြင်း၊ ဘာသာတရားလိုက်စားစေခြင်း၊ တရားထိုင်ခြင်း၊ ပုတီး စိပ်ခြင်း၊ ဘာသာရေး စာအုပ်ဖတ်ခြင်း၊ အလှူလုပ်ခြင်းများ၊ ရောဂါမဖြစ်ဟု ကိုယ့်ကိုယ်ကို နှလုံးသွင်းပြီးလုပ်စရာရှိတာ ရှာဖွေလုပ်ကိုင်ခြင်းတို့ လိုအပ်ပါတယ်။
အရေးပေါ်ဖြစ်ရင် ။ ။ ခရီးသွားစဉ်၊ အလုပ်တစ်ခုကို မလုပ်မဖြစ်လုပ်ရရင်၊ စာမေးပွဲ ဖြေနေစဉ်စတဲ့ မလွဲမသွေလုပ်ရမယ့် အခြေအနေများမှာ အစာမကြေ၊ ရင်ပြည့်ရင်ကယ် ဖြစ်ခဲ့ရင်၊ အလုပ်မပျက်ရအောင်၊ စားနေသောက်နေကျ အစာအိမ်ဆေး၊ ဗိုက်အောင့် ပျောက်ဆေး အမြဲဆောင်ထားသင့်ပါတယ်။ မိသားစုဆရာဝန်နဲ့ တိုင်ပင်ပါ။
သုံးသပ်ချက်။ ။ အစာအိမ်နာမဟုတ်တဲ့ အစာမကြေရောဂါဟာ ဆိုးရွားလာရင် အစာအိမ်အနာထိဖြစ်လာနိုင်လို့၊ ရောဂါနုစဉ်ကတည်းက ဆရာဝန်နဲ့ စနစ်တကျ ပြသပြီး ညွန်ကြားမှု လိုက်နာဖို့လိုမယ်။
Author: Dr. လွင်သန့်