ခန္ဓာကိုယ်က ပိုလျှံသော သံဓာတ်များကို စွန့်ထုတ်ခြင်း မပြုလုပ်နိုင်သောအခါ ပိုလျှံသော သံဓာတ်များကို အသည်း၊ နှလုံး၊ ပန်းကရိယတို့ ကဲ့သို့သော အင်္ဂါရပ်များတွင် သိမ်းဆည်းထားတတ်ကြပါသည်။ ထိုသို့ သိမ်းဆည်းသောပမာဏ အလွန်များပြားလာသောအခါ တစ်နည်းအားဖြင့် ခန္ဓာကိုယ်တွင် သံဓါတ်လွန်ကဲလာသောအခါ အဆိုပါအင်္ဂါများ ပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။
ကောင်းမွန် မှန်ကန်သော ကုသမှုများကို ခံယူခဲ့ပါက သံဓာတ်လွန်ကဲခြင်း ပြဿနာများကို ကောင်းစွာဖြေရှင်းနိုင်ကြောင်း တွေ့ရှိရပါသည်။
ပုံမှန်ကျန်းမာရေးကောင်းမွန်သည့် ခန္ဓာကိုယ်တစ်ခုတွင် သိုလှောင်ထားသော သံဓာတ်ပမာဏ လုံလောက်ပြည့်မီပါက အူလမ်းကြောင်းသည် သံဓာတ်စုပ်ယူမှုကို လျော့ချခြင်းအားဖြင့် ခန္ဓာကိုယ်တွင် သံဓာတ်ပမာဏ အလွန်အမင်း များပြားခြင်း မဖြစ်စေရန် ကာကွယ်ပေးပါသည်။
ခန္ဓာကိုယ်တွင် သံဓာတ်ပမာဏ ပုံမှန်ထက် ပိုမိုများပြားသည့် ရောဂါလက္ခဏာများကို ခံစားရသောသူများသည် အစားအစာများ သို့မဟုတ် ဖြည့်စွက် အာဟာရများမှ သံဓာတ်များကို ပုံမှန်ထက် ပိုမိုစုပ်ယူသည့် ပြဿနာများကို ကြုံတွေ့နေကြရခြင်း ဖြစ်ပါသည်။ ထိုအခါ ခန္ဓာကိုယ်သည် ပိုလျှံသည့် သံဓာတ်ပမာဏများကို လုံလုံလောက်လောက် လျင်မြန်စွာ ပြန်လည် မစွန့်ထုတ်နိုင်သည့်အတွက် ခန္ဓာကိုယ်အတွင်းတွင်ရှိသည့် အင်္ဂါရပ်များ၊ တစ်ရှူးများထဲတွင် သံဓါတ်များ စတင်စုဝေး လာပါတော့သည်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ခန္ဓာကိုယ်တွင် သံဓာတ်ပမာဏ လွန်ကဲစွာ များပြားရသည့် ပြဿနာကို ဖြစ်ပွားစေသည့်အကြောင်းရင်းများစွာ ရှိပါသည်။ ၎င်းတို့အနက် အောက်ပါတို့သည် အဖြစ်များသော ပြဿနာများ ဖြစ်ပါသည်။
မျိုးရိုးဗီဇနှင့် သက်ဆိုင်သော သံဓာတ်စုပ်ယူမှုပမာဏများပြားခြင်း ပြဿနာ (Primary Hemochromatosis)
ခန္ဓာကိုယ်တွင်ရှိသော သံဓာတ်စုပ်ယူမှုပမာဏကို ထိန်းချုပ်သော HFE ဟုခေါ်သော မျိုးဗီဇဂျင်း မူမှန်ခြင်းကြောင့် ဖြစ်ရသည့် ပြဿနာပင် ဖြစ်ပါသည်။
ထိုသို့ မျိုးရိုးဗီဇဆိုင်ရာ ဂျင်းများ မူမမှန်သည့်ပြဿနာ ကြုံတွေ့ရသောသူများတွင် သံဓာတ်စုပ်ယူမှုကို မထိန်းချုပ်နိုင်တော့ဘဲ လိုအပ်သည့် ပမာဏထက် ပို၍ သံဓါတ်များကို အူလမ်းကြောင်းမှစုပ်ယူခြင်း ဖြစ်ပေါ်စေနိုင်ပါသည်။
အခြေအနေတစ်ရပ်ကြောင့် ဖြစ်ပေါ်လာသည့် သံဓာတ်ပမာဏများပြားခြင်း ပြဿနာ (Secondary Hemochromatosis)
ဤအခြေအနေသည် Thalassemia ကဲ့သို့ သွေးအားနည်းရောဂါများကြောင့် သော်လည်းကောင်း၊ အသည်းရောင် အသားဝါ စီပိုး ကူးစက်ခံရခြင်း သို့မဟုတ် အရက်သောက်ခြင်း စသည့် အကြောင်းရင်းများနှင့် ပတ်သက်ဆက်နွှယ်နေသည့် နာတာရှည် အသည်းရောဂါများကြောင့် သော်လည်းကောင်း စသည့် အခြေအနေတစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်တွင် သံဓာတ်ပမာဏ များပြားလာခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။
ထိုသို့သော ရောဂါများကို ကုသရန်အတွက် သွေးသွင်းခြင်း၊ သံဓာတ်အားဖြည့် ဆေးဝါးများကို သောက်သုံးခြင်း၊ သံဓာတ်ပါဝင်သော ဆေးဝါးများကို ထိုးနှံခြင်းနှင့် ကာလရှည်ကြာစွာ ကျောက်ကပ် ဆေးကြောသန့်စင်ခြင်း စသည်တို့ကို ပြုလုပ်ခြင်းကြောင့် ခန္ဓာကိုယ်တွင် သံဓာတ် အလွန်အမင်း စုဝေးများပြားမှု ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။
အသက်ငယ်ရွယ်သည့် ကာလတွင် ဖြစ်ပွားသော သံဓာတ်ပမာဏ များပြားခြင်းပြဿနာ (Juvenile Hemochromatosis)
ဤအခြေအနေသည် အများအားဖြင့် အသက် ၁၅ နှစ်နှင့် ၃၀ နှစ် ကြားတွင် သံဓာတ်ပမာဏ လွန်ကဲခြင်း ဖြစ်ပွားသော အခြေအနေတစ်ရပ် ဖြစ်ပါသည်။
ဤအခြေအနေသည်လည်း မျိုးရိုးလိုက်တက်သော အခြေအနေတစ်ရပ်ဖြစ်ပြီး မျိုးဗီဇဆိုင်ရာ ဂျင်: HJV တွင် ချို့ယွင်းမှု ဖြစ်ပွားခြင်းကြောင့် ဖြစ်ပေါ်လာသော အခြေအနေတစ်ရပ်ဖြစ်ပါသည်။
ဤအခြေအနေကြောင့် ပေါ်ပေါက်လာသော ရောဂါလက္ခဏာများတွင် ဆီးချိုရောဂါဖြစ်ပွားခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ မမှန်ကန်သည့် ပြဿနာများ ဖြစ်ပွားလာနိုင်ပါသည်။ ကုသမှု မခံယူခဲ့ပါက အသက်အန္တရာယ် ဆုံးရှုံးသည်အထိ အန္တရာယ် ကြီးမားနိုင်ပါသည်။
ရောဂါလက္ခဏာများ
ခန္ဓာကိုယ်တွင် သံဓာတ်ပမာဏ များပြားနေမှု ဖြစ်ပေါ်ခံစားနေရသော လူ ၄ ဦးတွင် ၃ ဦးမှာ ရောဂါလက္ခဏာများကို ပြသလေ့မရှိပေ။ တစ်ခါတစ်ရံ လူလတ်ပိုင်းအသက်အရွယ်ရောက်သည်အထိ ရောဂါလက္ခဏာ ပြသလေ့မရှိပေ။ တစ်ခါတစ်ရံ အမျိုးသမီးများတွင် မီးယပ်သွေးဆုံးပြီးသည့် အချိန်ကာလတွင်မှ ရောဂါလက္ခဏာများ ပြသလေ့ရှိပါသည်။
ယနေ့ခေတ်တွင် အတိတ်ကာလများထက် နည်းပညာများ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ခန္ဓာကိုယ်တွင် သံဓာတ် ပမာဏများပြားနေခြင်းကို ရောဂါလက္ခဏာများ မပေါ်ပေါက်ခင်ကာလကပင် ပိုမိုစောစီးစွာ သိရှိလာကြ၍ မှန်ကန်သည့် ကုသခြင်းများကို ခံယူလာနိုင်ကြပြီ ဖြစ်ပါသည်။
အကယ်၍ ခန္ဓာကိုယ်တွင် သံဓာတ်လွန်ကဲသည့် ပြဿနာများ ပေါ်ပေါက်လာပါက အောက်ပါရောဂါလက္ခဏာများ ပေါ်ပေါက်လာနိုင်ပါသည်။
– မောပန်းခြင်း
– အားမရှိသကဲ့သို့ဖြစ်ခြင်း သို့မဟုတ် အားနည်းခြင်း
– ကိုယ်အလေးချိန်လျော့ကျလာခြင်း
– ဗိုက်အောင့်ခြင်း
– သွေးတွင်းသကြားပမာဏများ မြင့်တက်နေခြင်း
– အရေပြားသည် ကြေးရောင်ကဲ့သို့ဖြစ်နေခြင်း
– လိင်ပိုင်းဆိုင်ရာ စိတ်ပါဝင်စားမှု နည်းပါးခြင်း
– အမျိုးသားများတွင် ဝှေးစေ့၏ အရွယ်အစားများ သေးငယ်ခြင်း
– အမျိုးသမီးများတွင် ရာသီလာသည့် ပမာဏ နည်းပါးခြင်း သို့မဟုတ် ရာသီ လုံးဝမလာခြင်း စသည့် ရောဂါလက္ခဏာများပေါ်ပေါက်နိုင်ပါသည်။
အချိန်ကြာလာသည်နှင့်အမျှ နောက်ဆက်တွ်အနေဖြင့် အောက်ပါ အခြေအနေများ ဖြစ်ပေါ်လာနိုင်ပါသည်။
– အရိုးအဆစ်ရောင်ခြင်း
– အသည်းရောဂါဖြစ်ခြင်း၊ အသည်းခြောက်ခြင်း သို့မဟုတ် အသည်းကြီးခြင်း
– ဆီးချိုရောဂါဖြစ်ခြင်း
– သိုင်းရွိုက် ဟော်မုန်း လုပ်ဆောင်ချက်များ လျော့နည်းလာခြင်း၊
– နှလုံးရောဂါဖြစ်ခြင်း
– ပန်းကရိယရောင်ခြင်း စသည်တို့ဖြစ်ကြပါသည်။
Author : Dr. မွန်