ဦးနှောက်ရောင်ရမ်းခြင်းသည် များသောအားဖြင့် လတ်တလော ရောဂါပိုးဝင်ခြင်းဖြစ်တတ်ပါသည်။ ခွေးရူးရောဂါ ကဲ့သို့သော ရောဂါများတွင် လက္ခဏာများသည် ရက်သတ္တပတ် (သို့) လများစွာကြာမှ ဖြစ်ပေါ်တတ်ပါသည်။ ရောဂါသည် ရက်သတ္တပတ် အနည်းငယ်ကြာတတ်ပါသည်။
ရောဂါဖြစ်စေသော အကြောင်းအရင်းများ
ဦးနှောက်ရောင်ရမ်းခြင်းသည် ပါးချိတ်ရောင်ခြင်း၊ ဝက်သက်ရောဂါ၊ ပိုလီယိုနှင့် ခွေးရူးပြန်ရောဂါ ဖြစ်စေ သော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တတ်ပါသည်။ အအေးမိခြင်း၏ ဆိုးကျိုးကြောင့် ဖြစ်တတ်သော်လည်း ရှားပါး သည်။
ရောဂါလက္ခဏာများ
ရောဂါဖြစ်သော ဦးနှောက်၏ အစိတ်အပိုင်းပေါ်တွင် မူတည်ပြီး လက္ခဏာများ ကွဲပြားတတ်ပါသည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ အဖျားရှိခြင်း၊ ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ လည်ပင်းနာခြင်း၊ ခါးနာခြင်း၊ ဇက်ခိုင်နေတတ်ခြင်း၊ လည်ပင်းကို နောက်လှန်ခြင်းနှင့် ရှေ့ကုန်းခြင်းများ ပြုလုပ်ပေးရာတွင် လက်ခံခြင်း၊ ကြွက်သားများ နာကျင်ခြင်းနှင့် အားနည်းခြင်းများ ဖြစ်ပါသည်။
ကုသခြင်း
ဦးနှောက်ရောင်ရမ်းခြင်းဖြစ်ပါက မိမိအိမ်တွင် ဆေးမြီးတိုများ၊ စပ်ဆေးများ၊ တိုင်းရင်းဆေးများဖြင့် ကုသ၍ မရပါ။ နီးစပ်ရာ ဆေးရုံသို့ သွားရောက်ကုသရပါမည်။ ဇက်ခိုင်နေခြင်း၊ အဖျားရှိခြင်းနှင့် အလွန်ခေါင်း ကိုက်ခြင်းများရှိပါက ပေါ့ဆ၍ မရပါ။ တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် ချက်ခြင်းပြသရန် လိုအပ်ပါ သည်။ ဦးနှောက်ရောင်ရမ်းခြင်းဖြစ်သော လူနာသည် အလွန်နေမကောင်းပါက အသက်အန္တရာယ်စိုးရိမ်ရ သည်ကို သတိထားရပါမည်။
ဆေးရုံတွင် လူနာအား ခါးဆစ်ရိုးဖောက်ပြီး အရည်စစ်ဆေးပေးရပါမည်။ ခေါင်းဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်ပြီး လိုအပ်သော ဗိုင်းရပ်စ်ပိုးသတ်ဆေးများ၊ အတက်ကျဆေးများနှင့် အကိုက်အခဲပျောက်ဆေးများဖြင့် ကုသပေးပါသည်။
အကြံပြုချက်
ဦးနှောက်ရောင်ရမ်းခြင်းကို ပေါ့ဆ၍ မရပါ။ ဆေးရုံသို့ အမြန်ဆုံးပို့ဆောင် ကုသရန်အရေးကြီးပါသည်။ ဆေးရုံသို့ အချိန်မီမရောက်ဘဲ ကုသမှုမခံယူပါက သေဆုံးတတ်သည်ကို သိရှိထားရပါမည်။ အချို့သော လူများ တွင် မှတ်ဉာဏ်အား လျော့နည်းခြင်း (သို့) ကြွက်သားများ အားနည်းခြင်းများ အမြဲတမ်းဖြစ်သွားတတ်ပါသည်။ ထို့ကြောင့် ဦးနှောက်ရောင်ရမ်းခြင်းမဖြစ်ပေါ်စေရန် ပိုလီယိုဝက်သက် ကာကွယ်ဆေးများထိုးထားရပါမည်။ ခွေးကိုက်ခံရပါက ခွေးရူးပြန်ကာကွယ်ဆေးထိုးထားရပါမည်။ ပါးချိတ်ရောင်ပါက ထိရောက်စွာ ကုသထားရပါ မည်။
AUTHOR – ဒေါက်တာမင်းသူရိန်
Credit to Health Care Journal (Vol – 7 / No – 19)