အစားစားချိန် မှန်ကန်အောင်စားသင့်တယ်ဆိုတာ အပေါ်ယံ ခပ်ပေါ့ပေါ့တွေးမယ်ဆိုရင် အရေးမကြီးဘူးထင်ရပေမဲ့ ခန္ဓာကိုယ်အပေါ် အများကြီး အကျိုးသက်ရောက်မှုရှိပါတယ်။ အစားစားချိန် မမှန်ခြင်းရဲ့ အဓိက အကြောင်းတွေကတော့ အလုပ်ရှုပ်နေခြင်း၊ ဝိတ်ချချင်သဖြင့် အစားမစားဘဲနေခြင်း၊ တစ်နေရာနှင့်တစ်နေရာ သွားနေရသဖြင့် လမ်းပေါ်တွင်အချိန်ကုန်နေခြင်း၊ စားချိန်မရခြင်း၊ အစားစားချင်စိတ်မရှိခြင်း စတဲ့အချက်တွေကြောင့် အစားစားချိန် မမှန်တာမျိုး ဖြစ်တတ်ပါတယ်။
ဘာကြောင့် အစားစားချိန်မှန်အောင် စားသင့်သလဲ
လေ့လာချက်တွေအရ အမျိုးသမီးအများစုဟာ မနက်စာစားဖို့ လွတ်တတ်လေ့ရှိပြီး အမျိုးသားတွေကတော့ နေ့လယ်စာနဲ့ ညစာကို အချိန်မှန်မှန် စားဖို့ လွတ်သွားတတ်ကြပါတယ်။
မနက်စာ၊ နေ့လယ်စာ၊ ညစာအပြင် နေ့ခင်းအဆာပြေစားတဲ့ Snack Time အပါအဝင် အစားစားချိန်အားလုံးဟာ အရေးကြီးပြီး သူ့အချိန်နဲ့သူ ခန္ဓာကိုယ်အတွက် အာဟာရတွေ ဖြည့်ဆည်းပေးနိုင်ပါတယ်။
အစားစားချိန် မမှန်ရင် ဘာတွေဖြစ်နိုင်သလဲ
အားမရှိသလိုဖြစ်ခြင်း
ခန္ဓာကိုယ်ဟာ အစားစားချိန်မမှန်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေမှာ အဓိကပါဝင်တဲ့ Carbohydrates ခေါ် Glucose သကြားဓာတ်ဟာလုံလောက်မှုမရှိတာကြောင့် ရသင့်တဲ့စွမ်းအင်ပမာဏကို မရနိုင်ဘဲ အားအင်ချိနဲ့ပြီး နုံးနေသလိုဖြစ်တတ်ပါတယ်။ ဒါ့ပြင် သွေးတွင်းသကြားဓာတ်နည်းပါးနေတဲ့အတွက် ဦးနှောက်ဟာ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်တော့ဘဲ အာရုံစူးစိုက်ရန် ခက်ခဲခြင်း၊ မှတ်ဉာဏ် အားနည်းလာခြင်း တွေဖြစ်လာတတ်ပါတယ်။
ကိုယ်အလေးချိန်မြင့်တက်လာစေနိုင်ခြင်း
ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်လျော့နည်းလာလျှင် သဘာဝအလျှောက်တုံ့ပြန်မှုအရ အစားစားချင်စိတ် မြင့်တက်စေတဲ့ ဦးနှောက်က ဟော်မုန်းတွေကို လှုံ့ဆော်လိုက်ပါတယ်။ ဒါ့ပြင် ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုမှာတည်ရှိနေတဲ့ ဇီဝနာရီ(Circadian Rhythm)ဟာလည်း ထိန်းချုပ်မှု ပျက်ယွင်းသွားတာကြောင့် ခန္ဓာကိုယ်မှာ ဖြစ်ပျက်နေတဲ့ ဇီဝကမ္မဖြစ်စဉ်တွေ နှေးကွေးသွားပြီး သွေးတွင်း Cholesterol ပမာဏများပြားလာခြင်း၊ အဆီတက်ခြင်း၊ ဝလာခြင်းနဲ့ ထိုမှတစ်ဆင့် အမျိုးအစား (၂)ဆီးချိုရောဂါ ၊ နှလုံးရောဂါ၊ အိပ်ပျော်နေစဉ် အသက်ရှူရပ်သွားတတ်တဲ့ရောဂါ (Obstructive Sleep Apnea) တွေထိ ဖြစ်လာနိုင်ပါတယ်။
အစာအိမ်ရောဂါကို ဖိတ်ခေါ်သလိုဖြစ်ခြင်း
ဗိုက်ဆာနေပေမယ့် အလုပ်ရှူပ်နေတဲ့အချိန်တွေမှာ အစားမစားဘဲ နေမိတတ်ကြပါတယ်။ လူက ခံနိုင်ပေမဲ့ ခန္ဓာကိုယ်ထဲက ဇီဝဖြစ်စဉ်တွေကတော့ ဒီအတိုင်းငြိမ်မနေပါဘူး။ ဗိုက်ဆာနေချိန်မှာ အစာအိမ်ရဲ့ လှုံ့ဆော်မှုကြောင့် Hunger Hormone လို့ခေါ်တဲ့ Ghrelin ဟော်မုန်း ထွက်လာတဲ့အခါ အစာခြေဖျက်ပေးမယ့် အစာအိမ်ထဲကအက်ဆစ်တွေ ထွက်လာပါတယ်။ ဒါပေမဲ့ ခြေဖျက်စရာ အစာ မရှိတာကြောင့် အစာအိမ်နဲ့ အူနံရံတွေဟာ လှိုက်စားခံရပြီး အစာအိမ်ရောင်ရမ်းခြင်း၊ အစာအိမ်အနာဖြစ်ခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။
ဒါကြောင့် အစားစားချိန်အတွက် ပုံမှန်အချိန်ပေးပြီးစားတဲ့အလေ့ကျင့်ကို ကျင့်သုံးသင့်ပါတယ်။ ဒါမှသာလျှင် ခန္ဓာကိုယ်ရဲ့ ဇီဝနာရီဟာ ပုံမှန်စည်းချက်ညီညီလည်ပတ်နိုင်ပြီး ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စွာဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
မနက်စာကို မနက် ၉ နာရီထက် နောက်မကျဘဲ စားသုံးသင့်ပြီး နေ့လယ်စာကို ၁၂ နာရီမှ ၂ နာရီ အတွင်း စားသုံးသင့်ပါတယ်။ ညစာကိုတော့ ည၇နာရီထက် နောက်မကျဘဲ စားပေးသင့်ပါတယ်။
အစားစားချိန်မမှန်ခြင်းရဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေဟာ ဆိုးကျိုးတွေသာရှိတာမို့ အချိန်မှန်အောင် စားပေးသင့်ပါတယ်။
Author: Dr. Aye Myat