အင်ဆူလင်ကို ရှာဖွေ မတွေ့ရှိခင်တုန်းက ဆီးချိုရောဂါဖြစ်ပြီဆိုရင် သေဒဏ်ချမှတ် ခံလိုက်ရသလိုပါပဲ။ အများက အင်ဆူလင်ကို အံ့ဖွယ်ဆေးအစစ်လို့ ယုံကြည်ထားကြတယ်။ ဒီဆေးဟာ လူ့အသက်သန်းပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တယ်။ တချို့လူတွေဟာ ဘာကြောင့် အင်ဆူလင်ကို လိုအပ်ကြပြီး ဒီဆေးရဲ့ အာနိသင်က ဘယ်လိုလဲ။
ဆီးချိုကို ရောဂါအနေနဲ့ ရှေးပဝေသဏီထဲက သတ်မှတ်ခဲ့ပြီး ၁၇၇၅ ခုနှစ်လောက်က သမားတော် Matthew Dobson ဟာ ဆီးချိုရှိတဲ့ လူတွေရဲ့ ကျင်ငယ်မှ သကြားဓာတ်ပါဝင်မှုကို တွေ့ခဲ့တယ်။ ဆီးချိုရှိတဲ့ ကလေးတွေဟာ ပိန်လှီနုံးချည့်ပြီး ဖြူဖပ်ဖြူရော် ရှိကြတယ်။ ချူချာပြီး ပါးစပ်ကလည်း ချိုတဲ့ အနံ့ရတယ်။ အရွယ်မရောက်ခင် သေကြတဲ့အခါမှာလည်း မသေခင် ကိုမာ ဝင်တတ်ကြတယ်။
၁၉၇၉ ခုနှစ်လောက်က John Rolle ဆိုသူတစ်ယောက်က အလွန်နိမ့်တဲ့ Kilojoule အစားအသောက် ချင့်ချိန်စားရင် ဆီးချိုရောဂါသည်တွေရဲ့ အသက်ပိုရှည်စေနိုင်တာကို ပြသခဲ့တယ်။ ဒါပေမယ့် အတိုင်းအတာတစ်ခုအထိသာဖြစ်ပြီး နောက်ပိုင်း အစာရေစာငတ်ပြတ်ခြင်း (သို့) အာဟာရချို့တဲ့မှုကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကြောင့် သေကုန်ကြတယ်။
ဒါပေမယ့် ၂၀ ရာစုအစတွင် ဆီးချိုရဲ့ ဇီဝဗေဒဆိုင်ရာ နည်းလမ်းကို သဘောပေါက်နားလည်လာပြီ ဖြစ်ပေမယ့်ဆေးဘက်သိပ္ပံပညာအနေနဲ့ ထိရောက်တဲ့ ကုသမှုက မရှိသေးဘူး။
ဆီးချိုရောဂါ အမျိုးအစား (၁)
ဆီးချိုရောဂါသည်တွေဟာ ဆီးချိုရောဂါအမျိုးအစား(၁) လို့ခေါ်တဲ့ ရောဂါကို ခံစားနေကြရတယ်။ ဒါဟာ ဘယ်လိုလည်းဆိုရင် ခန္ဓာကိုယ်က အင်စူလင် ကို မလုပ်နိုင်ဘူး။ ဒီလိုချို့တဲ့တာက မျိုးရိုးဗီဇ (သို့) ဗိုင်းရပ်တစ်ခုကြောင့် ကိုယ်ခံအားတုန့်ပြန်မှု ဖြစ်တယ်။
ဆီးချိုရောဂါအမျိုးအစား(၂)
ဆီးချိုရောဂါအမျိုးအစား(၂) ကတော့ ကွဲပြားတဲ့ ရောဂါဖြစ်တယ်။ ဒါမျိုးရှိတဲ့ ကိုယ်ခန္ဓာဟာ အင်ဆူလင်ထုတ်လုပ်မှု ဆုံးရှုံးတာကို ဖြစ်သွားနိုင်တယ်။ အဝလွန်တာနဲ့ အစားအသောက် ချို့တဲ့မှုကြောင့်၊ မျိုးရိုးဗီဇနှင့် နေထိုင်ပုံတို့ကြောင့် ဆီးချိုရောဂါအမျိုးအစား(၂) ဖြစ်လာနိုင်တယ်။
အင်ဆူလင်ဟာ ဟော်မုန်းတစ်မျိုးဖြစ်ပြီး ဂလူးကိုးစ်ကို ဝင်စေကာ စွမ်းအင်အဖြစ် အသုံးပြုတယ် (သို့) လောင်စာအဖြစ် သိုလှောင်ထားတယ်။ အင်ဆူလင်မရှိရင် ဂလူးကိုးစ်ဟာ သွေးထဲမှာ ကျန်နေပြီး ကျောက်ကပ်တွေမှတစ်ဆင့် ကျင်ငယ်ဆီသို့ ရောက်သွားတယ်။ ဂလူးကိုးစ်ဟာ ခန္ဓာကိုယ်ထဲက ရေကို ယူတာကြောင့် ဆီးချိုရောဂါသည်တွေဟာ ကျင်ငယ်များစွာ သွားပြီး ရေငတ်ကြတယ်။ ဂလူးကိုးစ်ဟာ ခန္ဓာကိုယ်ထဲရှိ ဆဲလ်တွေဆီ မဝင်ရောက်နိုင်တဲ့အခါ ကိုယ်အလေးချိန် လျော့ကျလာတာနဲ့ အားအင်ချည့်နဲ့ခြင်းတို့ ဖြစ်ပေါ်စေတယ်။
အင်ဆူလင်ကို ရှာဖွေတွေ့ရှိပုံ
ကနေဒါနိုင်ငံ Dr. Frederick Banting ဟာ ဆေးကျောင်းသား Charles Best နဲ့အတူ စောစောပိုင်းက သမားတော်တွေ လုပ်ခဲ့ကြတဲ့ အလုပ်အပေါ် မူတည်ကာ ၁၉၂၁ ခုနှစ်အတွင်း ခွေးတွေ၊ နွားတွေ ရဲ့ မုံ့ချိုအိတ်တွေမှ အင်ဆူလင်ကို သီးခြားဖြစ်အောင် လုပ်လိုက်တယ်။
၁၉၂၂ ခုနှစ်တွင် အင်ဆူလင်ကို ၁၄ နှစ် အရွယ် ဆီးချိုရောဂါသည် Thompson အပေါ် ပထမ စမ်းသပ်ခဲ့ရာမှာ သူဟာ ကျန်းမာရေး ပြန်ကောင်းလာတယ်။ ဆေးဘက်ဆိုင်ရာ သမိုင်းမှာ ဒီလောက်လူတွေရဲ့ အသက်ပေါင်းများစွာကို ဒီလောက်မြန်မြန်ပြောင်းလဲသွားစေတဲ့ ဆေးဝါးမျိုး မရှိခဲ့ဖူးဘူး။ ဆီးချိုရောဂါအပေါ် ကြိုးပမ်းရှာဖွေလေ့လာမှုအတွက် Dr. Bantingဟာ နိုဘယ်ဆုကို ၁၉၂၃ ခုနှစ်အတွင်း ပူးတွဲချီးမြင့်ခြင်း ခံခဲ့ရတယ်။
အင်ဆူလင်ထိုးဆေးတွေ –
အင်ဆူလင်အမျိုးအစားများစွာကို ခဏတာ မြန်ဆန်စွာ အာနိသင် (အစာမစားမီစားခြင်း) ပြတာနဲ့ ဖြေးပြီး တာရှည်အာနိသင်ပြတာ (တစ်နေ့ကို တစ်ကြိမ်၊ နှစ်ကြိမ် စားခြင်းဖြင့် ဂလူးကိုးစ်အဆင့်ကို တည်ငြိမ်စေခြင်း) နှစ်မျိုးရှိတယ်။ ဆီးချိုရောဂါအတော်များများတို့ကို နှစ်မျိုးစလုံး ပေးလေ့ရှိတယ်။
အသက်ကို ကယ်လိုုက်နိုင်တယ်ဆိုပေမယ့် ထိုးလိုက်တဲ့ အင်ဆူလင်ဟာ သွေးဂလူးကိုးစ် ထိန်းချုပ်မှုအတွက် ခန္ဓာကိုယ်တွင်းက အင်ဆူလင်နဲ့ မယှဉ်နိုင်ဘူး။ သွေးဂလူးကိုးစ် အမှတ်အလွန် ကျလာရင် ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာနိုင်ရုံတင်မကဘူး။ ကိုမာရတဲ့အထိ ဖြစ်သွားနိုင်တယ်။ သကြားကိုလည်း ပါးစပ်ကနေ (သို့) ဆေးထိုးပြီး သွင်းဖို့ လိုအပ်လာတယ်။ သွေးဂလူးကိုးစ် အမှတ်တွေ နာတာရှည်အဆင့် ရောက်သွားရင် မျက်စိတွေ၊ ကျောက်ကပ်တွေ၊ အာရုံကြောတွေနဲ့ နှလုံးကို ပျက်စီးသွားစေနိုင်တယ်။
သွေးဂလူးကိုးစ်ကို အမြဲစစ်ဆေးနေပြီး အင်စူလင်ထိုးတဲ့ ပမာဏကို ညှိပေးတဲ့ Pump စက်တွေ ရရှိနိုင်ပြီး သွေးဂလူးကိုးစ် အမှတ်တွေကို ကောင်းမွန်စွာ ထိန်းနိုင်တယ်။ မုံ့ချိုအိတ် အစားထိုးတာကိုလည်း ရံဖန်ရံခါ ရနိုင်တယ်။ အင်ဆူလင်ဟာ ဝမ်းဗိုက်ထဲမှာ ပျက်စီးသွားတာကြောင့် အပ်ကို အစားထိုးမယ့် အင်ဆူလင် ဆေးလုံးရနိုင်ဖို့ သုတေသနပညာရှင်တွေ အတွက် အခက်အခဲရှိတယ်။ အခုအချိန်မှာတော့ အင်စူလင် ထိုးဆေးတွေဟာ ကမ္ဘာတစ်ဝန်းမှာရှိကြတဲ့ ဆီးချိုရောဂါသည်တွေ ကျန်းမာရေးအတွက် မရှိမဖြစ်တဲ့ အရာပဲဖြစ်ပါတယ်။
Author : မောင်ချမ်းသာ ;Healthcare Journal,vol 8, no 14