လုပ်ငန်းခွင်မှာ အလုပ်လုပ်ရင်း လွဲမှားတဲ့ကိုယ်နေဟန်ထားကြောင့် အရိုးအဆစ်နဲ့ကြွက်သွားနာကျင်မှုတွေဖြစ်တတ်ပါတယ်။ ဘယ်လိုကိုယ်နေဟန်ထားလွဲမှားတတ်ကြတာလဲ။
၁။ ကိုယ်နေဟန်ထားမမှန်ခြင်း
ကိုယ်နေဟန်ထားမမှန်ခြင်းဟာ အရိုးအဆစ်နှင့်ကြွက်သားတွေကို နာကျင်စေမှု အဖြစ်အများဆုံးဖြစ်ပါတယ်။
-အချိန်ကြာမြင့်စွာ တောက်လျှောက် မတ်တပ်ရပ်၍အလုပ်လုပ်ရသူတွေ
-အချိန်ကြာမြင့်စွာတောက်လျှောက်ထိုင်ပြီးအလုပ်လုပ်ရသူတွေ
-အချိန်ကြာမြင့်စွာ ခေါင်းမော့ပြီး၊ ခေါင်းငုံ့ပြီးအလုပ်လုပ်ရသူတွေဟာ အရိုးအဆစ်နဲ့ ကြွက်သားတွေကိုနာကျင်စေပါတယ်။
ချိန်ကြာမြင့်စွာ မတ်တပ်ရပ်အလုပ်လုပ်ရသူတွေဆိုလျှင် နာကျင်မှုသက်သာအောင် ခဏတာထိုင်၍နားခြင်း၊ ကျောမတ်မတ်ထား၍မတ်တတ်ရပ်ခြင်း၊ဖြစ်နိုင်လျှင်ခြေထောက်တစ်ဖက်ကို ခုံပုလေးအပေါ်တွင်တင်၍ရပ်ခြင်းတို့ပြုလုပ်ပေးပါ။
အချိန်ကြာမြင့်စွာထိုင်၍လုပ်ရသူတွေကတော့ မကြာခဏ မတ်တပ်ရပ်ခြင်း၊ အကြောလျှော့ခြင်း ၊ ခါးမတ်မတ်ထိုင်ခြင်းနဲ့ ခါးနောက်မှာ ခေါင်းအုံးလေးခုပြီး ထိုင်ခြင်းတို့ပြုလုပ်ပေးနိုင်ပါတယ်။
အချိန်ကြာမြင့်စွာ ခေါင်းမော့ပြီး/ခေါင်းငုံ့ပြီးအလုပ်လုပ်ရသူများအတွက် တတ်တိုင်သမျှ နားနားပြီးလုပ်သင့်သလို အလုပ်ပုံစံကိုလည်း တတ်နိုင်သမျှ မျက်လုံးနှင့်တစ်တန်းတည်း အနေအထားဖြစ်အောင်ပြင်ဆင်လုပ်ကိုင်သင့်ပါတယ်။
ဒါ့ပြင် ပစည်းတွေကိုမတဲ့အခါ ကိုယ်နေဟန်ထားက အရမ်းအရေးကြီးပါတယ်။ ကိုယ်နေဟန်ထားမမှန်တဲ့အခါ ခါးရိုးနဲ့ခါးကြွက်သားတွေကို နာကျင်စေပါလိမ့်မယ်။ ဒါကြောင့် ပစည်းမမယ်ဆိုလျှင် တိုက်ရိုက်ကုန်း၍တန်းမမဘဲ ဒူးကိုအရင်ကွေးပြီးမှ မသင့်ပါတယ်။
၂။ အချိန်ကြာမြင့်စွာ မနားဘဲ အရိုးအဆစ်တစ်ခုခုကိုသုံး၍အလုပ်လုပ်ခြင်း
-ယေဘုယျအားဖြင့် အရိုးအဆစ်တစ်ခုအပေါ် မှီခိုပြီး အနားမပေးပဲ အချိန်ကြာမြင့်စွာ အလုပ်လုပ်နေပါလျှင် အရိုးအဆစ်နဲ့ကြွက်သားတွေကို ဒဏ်ပိ နာကျင်စေပါတယ်။
ဥပမာ-အချိန်ကြာမြင့်စွာ မနားဘဲ စာရိုက်ခြင်း၊
-အချိန်ကြာမြင့်စွာ အင်တာနက်/ဖုန်း ဂိမ်း ကစားခြင်း
-တေးဂီတ တီးခတ်ခြင်း
-ဆံပင်ညှပ်သူများ
အချိန်ကြာလာလျှင် လက်အဆစ်လေးတွေ၊ လက်ကောက်ဝတ် အဆစ်၊ ကြွက်သားနဲ့ အရွတ်တွေ ဒဏ်ပိနာကျင်လာပါလိမ့်မယ်။ ဒါကြောင့် လက်အနေအထားမကြာခဏပြောင်းရန်၊ ဆက်တိုက်မဟုတ်ဘဲ ကြားဖောက်နားချိန်ပေးပြီး လုပ်ရပါမယ်။
၃။ လေးလွန်းသောလွယ်အိတ်၊ ကျောပိုးအိတ်ကို သယ်သွားနေရခြင်း
အချို့အလုပ်တွေအတွက် အလုပ်သဘာဝအရ ကျောပိုးအိတ်တွေ၊ လွယ်အိတ်တွေ လွယ်၍ သွားရပါတယ်။ လွယ်ပိုးထားရတဲ့အိတ်တွေဟာ အရမ်းလေးမယ်ဆိုလျှင် ကိုယ်နေဟန်ထားကိုထိခိုက်စေပြီး ပုခုံး၊လည်ကုပ်နဲ့ ကျောပြင်တစ်ဝိုက်ရှိ ကြွက်သားနဲ့ အရိုးအဆစ်တွေကို နာကျင်ဒဏ်ပိစေပါတယ်။
ဒီလိုမဖြစ်ရအောင် သင်တို့သယ်ပိုးထားရမည့်အိတ်တွေဟာ မိမိကိုယ်အလေးချိန်ရဲ့ ၁၀ %ထက်မပိုသင့်ဘူးလို့ဆိုပါတယ်။ ဒါ့ပြင်
-မကြာခဏ ပခုံးပြောင်း /ဘက်ပြောင်း လွယ်ခြင်း
-လွယ်ကြိုး အသေးထက်လွယ်ကြိုးကြီးသောလွယ်အိတ်၊ ကျောပိုးအိတ်ကိုသုံးခြင်း
-တတ်နိုင်သမျှ ပေါ့ပေါ့ပါပါးဖြစ်အောင်ဝန်ချုံ့ခြင်းတို့
ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။
၄။ လေ့ကျင့်ခန်းအလွန်လုပ်မိခြင်း
အလုပ်သဘာဝအရ ဥပမာ-အားကစားသမားတွေမှာ အဲဒီအခြေအနေကိုတွေ့ရပါတယ်။ မိမိအရိုးအဆစ်နဲ့ ကြွက်သားတွေရဲ့ သတိပေးမှုကိုနာခံရပါမယ်။ ဒါ့ပြင် အားကစားတစ်ခုခုမလုပ်ခင်တိုင်း သွေးပူလေ့ကျင့်ခန်း အရင်လုပ်ဖို့မမေ့ပါနဲ့။ ဒါဟာဘာကြောင့်လဲဆိုတော့ သွေးအေးနေတဲ့ကြွက်သားတွေ အဆစ်တွေဟာ ပိုနာကျင်ဖို့ ဒဏ်ဖြစ်နိုင်လို့ပဲဖြစ်ပါတယ်။
၅။ ဖိနပ်ရွေးချယ်မှုမှားခြင်း
ယျေဘုယျအားဖြင့် ဒေါက်မြင့်ဖိနပ်တွေနဲ့ မိမိခြေထောက် အံဝင်ခွင်ကျဖြစ်မနေတဲ့ဖိနပ်တွေဟာ ခြေထောက် အရိုးအဆစ်တွေ၊ကြွက်သားတွေနဲ့ အရွတ်တွေကို နာကျင်စေပါတယ်။
မိမိလုပ်နေတဲ့အလုပ်ဟာ ကြာရှည်မတ်တပ်ရပ်ရမယ်၊ လမ်းကြာကြာလျှောက်ရမယ်၊ ပစ္စည်းတွေမရ သယ်ရမယ်ဆို ဒေါက်မြင့်ဖိနပ်တွေ၊ မိမိခြေထောက်နဲ့ အံဝင်ခွင်ကျမဖြစ်တဲ့ ဖိနပ်တွေကို ရှောင်ရပါမယ်။
၆။ လက်ဆစ်ချိုးခြင်း
လက်ဆစ်ချိုးတတ်သူတွေ သတိထားရှောင်ကြဥ်ရပါမယ်။ လက်ဆစ်ချိုးခြင်းဟာ အခန့်မသင့်လျှင် အဆစ်ယောင်ခြင်းနဲ့ နာကျင်ခြင်းဖြစ်စေပါတယ်။
၇။ ကွန်ပျူတာရှေ့မှာ အချိန်ကြာမြင့်စွာထိုင်ပြီး အလုပ်လုပ်ရခြင်း
ယခုအခါ အလုပ်တော်တော်များများဟာ ကွန်ပျူတာရှေ့အချိန်ကြာမြင့်စွာထိုင်ပြီးလုပ်ရလေ့ရှိပါတယ်။ အဲဒီအလုပ်အမူအကျင့်ဟာ ပခုံး၊ လည်ပင်း၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်နဲ့ ကျောရိုးအဆစ်တွေ၊ ကြွက်သားတွေကို နာကျင်စေပါတယ်။
ထိုင်ချိန်တစ်နာရီပြည့်တိုင်း လမ်းခဏလျှောက်ခြင်း၊ ခါးမတ်မတ်ထိုင်ခြင်း၊ကွန်ပြူတာကို မျက်လုံးနှင့်တစ်တန်းတည်းထားခြင်း၊ လက်အနေအထားပြောင်းပြီးစာရိုက်ခြင်း တို့ပြုလုပ်ပေးသင့်ပါတယ်။
၈။ လက်မကိုအသုံးပြုပြီးစာရိုက်ခြင်း
အထူးသဖြင့် ဖုန်းဖြင့် စာရိုက်သူတွေ၊ ဖုန်းဂိမ်းကစားသူတွေမှာ တွေ့ရပါတယ်။ ဒါဟာ သင့်လက်မအဆစ်ပေါ်ကို ဖိအား ၁၂ ဆ သက်ရောက်စေတယ်လို့ဆိုပါတယ်။ လက်မဟာ သင့်ရဲ့လက်လုပ်ငန်ဆောင်တာတွေရဲ့ ၆၀ %ကို လုပ်ဆောင်ပေးပါတယ်။
ဒါကြောင့် သင့်လက်မကို ဂရုစိုက်ဖို့အရေးကြီးပြီး ဖုန်းသုံးသည့်အခါ တတ်နိုင်သမျှ လက်မဖြင့်စာရိုက်ခြင်းကိုလျှော့ပြီး Voice Function (အသံဖြင့်အလုပ်ခိုင်းခြင်း)ကို ပိုသုံးဖို့ အကြံပြုကြပါတယ်။