အေးမြသည့်ဆောင်းရာသီတွင် ချွဲသလိပ်ကပ်ခြင်း ဖြစ်စဉ်များ ဖြစ်လေ့ရှိပါသည်။ ရာသီဥတုအေးမြသောကြောင့် အအေးမိခြင်း၊ ရာသီတုပ်ကွေးဖြစ်ခြင်း၊ လေပြွန်များရောင်ရမ်းခြင်း၊ လေလမ်းကြောင်းများ ပိတ်ဆို့ခြင်း၊ ပန်းနာရင်ကျပ်ဖြစ်ခြင်း စသည်တို့ကြောင့် ချွဲသလိပ်များ အများအပြား ထွက်တတ်သကဲ့သို့ ဓာတ်မတည့်ခြင်း၊ မီးခိုးငွေ့များ ရှူရှိုက်မိခြင်း စသည်တို့ကြောင့်လည်း ချွဲသလိပ်များ များပြားစွာထွက်တတ်ပါသည်။
ချွဲသလိပ်များ များပြားစွာ ထွက်ရှိခြင်းသည် အသက်ရှူခြင်းကို များစွာ အနှောင့်အယှက်ဖြစ်စေပါသည်။ အထူးသဖြင့် ညဘက် ဆေးခန်း၊ ဆေးဆိုင်များ ပိတ်ချိန်တွင် ချွဲသလိပ်များ များစွာထွက်ရှိ၍ ချွဲကပ်ကာ အသက်ရှူရခက်ခြင်း၊ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်ခြင်း စသောပြဿနာများ ကြုံတွေ့ရပါက များစွာ အခက်ကြုံရတတ်ပါသည်။
ထို့ကြောင့် မိမိတို့၏ အိမ်တွင်း၌ပင်ပြုလုပ်နိုင်၍ ချွဲသလိပ်ကပ်ခြင်းကို သက်သာစေနိုင်မည့် နည်းလမ်းများကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ရပါသည်။
၁။ ရေများများ သောက်ပါ
ရေများများ သောက်ခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သကဲ့သို့ ချွဲသလိပ်များကိုလည်း ကျဲပါးစေနိုင်ပါသည်။ ချွဲသလိပ်များ ကျဲပါးလာသောအခါ အပြင်ဘက်သို့ ထွေးထုတ်ရန် ပိုမိုလွယ်ကူလာပါတော့သည်။
ရိုးရိုးရေသာမက ရေနွေးကြမ်း၊ ရေနွေးဖြူများကိုလည်း သောက်သုံးနိုင်ပါသည်။ ရေနွေးကို သောက်သုံးပါက အပူရှိန်ကြောင့် ချွဲသလိပ်များ ကျဲပါးပျော်ကျခြင်း ပိုမိုလွယ်ကူစေနိုင်ပါသည်။
သို့သော် ရေခဲရေကဲ့သို့သော အေးစက်သောရေများကိုမူ သောက်သုံးခြင်း လုံးဝ မပြုလုပ်သင့်ပါ။
၂။ ရေနွေးငွေ့ရှူပါ
ရေနွေးငွေ့သည် စေးကပ်ချွဲပျစ်နေသော ချွဲသလိပ်များကို ပျော်စေနိုင်သော အစွမ်းသတ္တိရှိပါသည်။ ရေနွေးငွေ့ကို အချိန်တစ်ခုပေး၍ ဇွဲရှိရှိ ရှူပေးခြင်းအားဖြင့် ချွဲဟက်ထုတ်ခြင်းကို ပိုမို လွယ်ကူစေနိုင်ကာ ချွဲကျပ်ခြင်းကို သက်သာစေနိုင်ပါသည်။
ထိုသို့ရှူရာတွင်ရေနွေးကို ဖန်ခွက်တစ်ခုအတွင်းသို့ထည့်၍ ဖန်ခွက်အဝကို စက္ကူတစ်ရွက်ဖြင့်အုပ်ပြီး အပေါက်တစ်ပေါက် သို့မဟုတ် နှစ်ပေါက်ခန့်ဖောက်ကာ ရှူပေးခြင်းအားဖြင့် မျက်လုံးအား ရေနွေးအခိုးအငွေ့များ မရိုက်စေရန် ကာကွယ်နိုင်ပါသည်။
ရေနွေးထဲသို့ ပရုပ်ဆီ၊ အမွှေးဆီ စသည်တို့ထည့်၍ ရှူရှိုက်ပါကလည်း ချွဲကပ်ခြင်းကို ပိုမို သက်သာစေနိုင်ပါသည်။ ရေနွေးငွေ့ထုတ်စက်ကို အခန်းထဲတွင် ထားရှိခြင်းအားဖြင့်လည်း အခန်း၏လေထုကို ရေငွေ့ပြည့်ဝစေရန် လုပ်ဆောင်ပေးနိုင်ပါသည်။ ရေငွေ့ပြည့်ဝနေသော လေကို ရှူရှိုက်ခြင်းသည်လည်း ချွဲသလိပ်များကို ကျဲပါးစေနိုင်ပါသည်။
၃။ ဆားရည်ဂါဂါလုပ်ပေးပါ
ဆားရည်သည် ရောဂါပိုးမွှားများကို သေစေနိုင်သော အစွမ်းသတ္တိရှိပါသည်။ ထို့ပြင် ချွဲသလိပ်များကိုလည်း ပျော်စေသည့် အစွမ်းသတ္တိရှိပါသည်။ ရေနွေးဖြင့် ပေါင်းစပ်လိုက်သောအခါ ချွဲသလိပ်များကို ဖယ်ရှားရှင်းလင်းရန်အတွက် အလွန်ကို လွယ်ကူသွားပါတော့သည်။
အပူချိန်အနေတော်ခန့်ရှိသည့် ရေနွေးတစ်ဖန်ခွက်ထဲတွင် ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်း သို့မဟုတ် မိမိနှစ်သက်သည့် ပမာဏကို ထည့်ပြီး မွှေပါ။ ထို့နောက် အဆိုပါ ဆားရည်နွေးနွေး တစ်ငုံခန့်ကို ပါးစပ်အတွင်းတွင် ငုံပြီးနောက် ခေါင်းမော့၍ ၁၀ စက္ကန့်ခန့် ဂါဂါဟု အသံမြည်အောင် ပြုလုပ်ပြီး ထွေးထုတ်ပါ။ ထို့နောက် နောက်ထပ် တစ်ငုံထပ်ငုံပါ။ ဤနည်းအတိုင်း ၄၊ ၅ ခေါက်ခန့် ပြုလုပ်ပေးပါ။ တစ်နေ့လျှင် မနက်၊ နေ့လည်၊ ည ၃ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါသည်။
၄။ ပျားရည်သောက်ပေးပါ
ပျားရည်စစ်စစ်သည် ချွဲသလိပ်များကို ပျော်စေနိုင်သော အစွမ်းသတ္တိရှိသဖြင့် ပျားရည်ကို ချွဲသလိပ်များအား လျော့နည်း သက်သာစေရန် ရှေးယခင်ကာလများကတည်းက သုံးစွဲခဲ့ကြပါသည်။ အထူးသဖြင့် ကလေးသူငယ်များ ချောင်းဆိုးချွဲကျပ်နေသည့်အခါ ဤနည်းလမ်းသည် အလွန်ထိရောက်ကြောင်း တွေ့ရပါသည်။
ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်ကို သူ့ချည်းသက်သက် သောက်နိုင်သကဲ့သို့ ရေနွေး၊ သံပုရာရည် စသည်တို့နှင့် ရောစပ်၍လည်း သောက်သုံးနိုင်ပါသည်။
၅။ ပူစပ်သော အစားအစာများ စားပါ
ငရုပ်သီးတွင် Capsaicin ဆိုသည့် ဓာတ်တစ်မျိုး ပါပါသည်။ အဆိုပါဓါတ်သည် ပူစပ်ခြင်းကို ဖြစ်စေပါသည်။ ငရုပ်သီးတွင် ပါဝင်သော ပူစပ်သောအရသာသည် ချွဲသလိပ်များကို ပျော်စေနိုင်စွမ်းရှိပါသည်။ ထို့ကြောင့် ချွဲသလိပ်များကို အပြင်ဘက်သို့ အလွယ်တကူ ဟက်ထုတ်နိုင်မည် ဖြစ်ပါသည်။
သို့ရာတွင် ငရုပ်သီး၏ ပူစပ်ခြင်းသည် ချွဲသလိပ်များကို ပိုမိုထွက်ရှိစေနိုင်သဖြင့် နှာရည်များ ယိုကျခြင်းကို ဖြစ်စေနိုင်ပါသည်။ သို့သော် ယခင်ရှိပြီးသား ချွဲသလိပ်များသာမက ယခုထပ်မံထွက်လာသည့် ချွဲသလိပ်များကိုပါ အပြင်ဘက်သို့ ထွေးရန်အတွက်မူ လွယ်ကူနေမည် ဖြစ်ပါသည်။
သတိပြုရမည့်အချက်တစ်ချက်မှာ ပူစပ်သော အစားအစာများသည် အစာအိမ်ရောဂါကို ပိုမိုဆိုးရွားစေတတ်သဖြင့် အစာအိမ်ရောဂါအခံရှိသောသူများအနေဖြင့် အထူးသတိပြု၍ စားသုံးသင့်ပါသည်။ ပြောင်းပြန်အားဖြင့် အချိုများသော အစားအစာများ၊ အဆီများသော အစားအစာများသည် ချွဲသလိပ်များကို တိုးပွားစေနိုင်သဖြင့် အဆိုပါ အစားအစာများကို သတိပြုရှောင်ရှားသင့်ပါသည်။
၆။ လေ့ကျင့်ခန်း ပြုလုပ်ပါ။
လေ့ကျင့်ခန်း ပြုလုပ်သောအခါ ခန္ဓာကိုယ်သည် စွမ်းအင်ကို ပိုမိုထုတ်လုပ်ရပါသည်။ ထိုသို့ စွမ်းအင်ထုပ်လုပ်ခြင်း ဖြစ်စဉ်တွင် ယှဉ်တွဲထွက်ပေါ်လာသော အပူစွမ်းအင်သည် ခန္ဓာကိုယ်ကို နွေးထွေးစေပါသည်။ အနွေးဓါတ်ရရှိလာသည်နှင့်အမျှ ချွဲသလိပ်များ ပိုမိုကျဲပါး ပျော်ကျလာမည် ဖြစ်ပါသည်။
ထို့ပြင် စွမ်းအင်များကို ပိုမိုထုတ်လုပ်ရန်အတွက် အောက်ဆီဂျင်များကို ပိုမိုရယူရသည့်အပြင် ထွက်ရှိလာသော ကာဗွန်ဒိုင်အောက်ဆိုဒ်များကိုလည်း ပိုမို စွန့်ထုတ်ရန်လိုအပ်ပါသည်။ ထို့ကြောင့် အသက်ရှူသွင်း ရှူထုတ်သည့်နှုန်း ပိုမိုမြန်ဆန် ပြင်းထန်ပါလာတော့သည်။ ထိုသို့ မြန်ဆန်ပြင်းထန်လာခြင်းသည် လေလမ်းကြောင်းတစ်လျှောက်တွင် တွယ်ကပ်နေသော ချွဲသလိပ်များကို ပိုမိုလွယ်ကူစွာ ပျော်ကျပြုတ်ထွက်စေပါသည်။ ထို့ကြောင့် အပြင်ဘက်သို့ ချွဲသလိပ်များ ဟက်ထုတ်ခြင်းကို ပိုမို လွယ်ကူစေပါတော့သည်။
အထက်တွင် ဖော်ပြခဲ့သော မိမိတို့၏ အိမ်တွင် အလွယ်တကူပြုလုပ်နိုင်သော ချွဲကပ်ခြင်းကို သက်သာစေသော နည်းလမ်းများထဲမှ အဆင်ပြေသင့်တော့်မည့် နည်းလမ်းများကို ရွေးချယ် အသုံးပြုခြင်းအားဖြင့် ချွဲသလိပ်ကပ်ခြင်းကို သက်သာစေနိုင်မည် ဖြစ်ပါသည်။
ဒေါက်တာမိုး (ဆေး ၁)