ခါးနာခြင်းဝေဒနာကို လူတိုင်းလိုလိုခံစားဖူးကြပါတယ်။ ဒီဝေဒနာက နေ့စဉ်ဘ၀မှာလည်း ခံရခက်ပြီး တော်တော်အနှောင့်အယှက်ဖြစ်ပါတယ်။ ခါးနာတာကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်းလေးတွေကတော့ –
၁။ ဆက်လက်၍လှုပ်လှုပ်ရှားရှားနေခြင်း
သင်ခါးနာနေတဲ့အခါ လှုပ်လှုပ်ရှားရှား နေနေရတာကို သိပ်သဘောတွေ့မှာတော့မဟုတ်ပါဘူး။ ခါးနာနေတဲ့အခါ အိပ်ရာထဲမှာလှဲနေတာဟာ အကူအညီဖြစ်စေတယ်လို့ထင်ရပေမဲ့ စစ်တမ်းများအရကတော့ ဆက်လက်ပြီး လှုပ်လှုပ်ရှားရှားနေခြင်းဟာ ခါးနာသက်သာပျောက်ကင်းခြင်းကို ပိုမြန်စေတယ်လို့ဆိုပါတယ်။
အစပိုင်းမှာ ကသိကအောင့်နိုင်ပင်မယ့် တဖြေးဖြေးသက်သာလာပါလိမ့်မယ်။ ပုံမှန်လုပ်နေကျ နိစ္စဓူ၀ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုတွေကို တတ်နိုင်သလောက်ဆက်လုပ်ပေးပါ။ မိမိတို့လုပ်နေရတဲ့အလုပ်ဟာ ပေါ့ပေါ့ပါးပါးအလုပ်ဆိုလျှင် ခါးနာခြင်းအလျင်းပျောက်သည်အထိမစောင့်ပဲ လုပ်ငန်းခွင်ပြန်ဝင်လို့ရပါတယ်။
၂။ ကြွက်သားများကိုဆွဲဆန့်သန်မာစေသည့် လေ့ကျင့်ခန်းများလုပ်ခြင်း
ခါး၊ ကျောနဲ့ ဝမ်းဗိုက်တစ်ဝိုက်ရှိကြွက်သားတွေကို ဆွဲဆန့်ကျောလျော့ပေးပြီးသန်မာစေတဲ့ လေ့ကျင့်ခန်းတချို့ဟာ ခါးနာခြင်းကို သက်သာစေပါတယ်။ ဥပမာ-လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ရောဂကျင့်ခြင်းနဲ့ Pilates လေ့ကျင့်ခန်းများလုပ်ခြင်း
၃။ မှန်ကန်သောကိုယ်နေဟန်ထားဖြစ်အောင် နေထိုင်ခြင်း
ကိုယ်နေဟန်ထားမမှန်ကန်ခြင်းသည်လည်း ခါးနာခြင်းကိုဖြစ်စေပါတယ်။
*အချိန်ကြာမြင့်စွာ တောက်လျှောက် မတ်တပ်ရပ်၍အလုပ်လုပ်ရသူတွေ၊
*အချိန်ကြာမြင့်စွာတောက်လျှောက်ထိုင်ပြီးအလုပ်လုပ်ရသူတွေ၊
*အချိန်ကြာမြင့်စွာ ခေါင်းမော့ပြီး/ခေါင်းငုံ့ပြီးအလုပ်လုပ်ရသူတွေဟာ အရိုးအဆစ်နှင့် ကြွက်သားတွေကိုနာကျင်စေပါတယ်။
အချိန်ကြာမြင့်စွာ မတ်တပ်ရပ်အလုပ်လုပ်ရသူတွေဆိုလျှင် နာကျင်မှုသက်သာအောင် ခဏတာထိုင်၍နားခြင်း၊ ကျောမတ်မတ်ထား၍မတ်တတ်ရပ်ခြင်း၊ ဖြစ်နိုင်လျှင်ခြေထောက်တစ်ဖက်ကို ခုံပုလေးအပေါ်မှာ တင်၍ရပ်ခြင်းတို့ပြုလုပ်ပေးပါ။ အချိန်ကြာမြင့်စွာထိုင်၍လုပ်ရသူတွေကတော့ မကြာခဏ မတ်တတ်ရပ်ခြင်း၊ အကျောလျှော့ခြင်း၊ ခါးမတ်မတ်ထိုင်ခြင်းနဲ့ ခါးနောက်မှာ ခေါင်းအုံးလေးခု၍ထိုင်ခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။
အချိန်ကြာမြင့်စွာ ခေါင်းမော့ပြီး/ခေါင်းငုံ့ပြီ းအလုပ်လုပ်ရသူတွေအတွက် တတ်တိုင်သမျှ နားနားပြီးလုပ်သင့်သလို အလုပ်ပုံစံကိုလည်း တတ်နိုင်သမျှ မျက်လုံးနဲ့တစ်တန်းတည်းအနေအထားဖြစ်အောင် ပြင်ဆင်လုပ်ကိုင်သင့်ပါတယ်။ ဒါ့ပြင် အလေးအပင်တွေ မတဲ့အခါ ကိုယ်နေဟန်ထားမှန်ဖို့က အရမ်းအရေးကြီးပါတယ်။
ကိုယ်နေဟန်ထားမမှန်တဲ့အခါ ခါးရိုးနဲ့ခါးကြွက်သားတွေကို နာကျင်စေပါလိမ့်မယ်။ ဒါကြောင့် အလေးအပင်မမယ်ဆိုလျှင် တိုက်ရိုက်ကုန်း၍တန်းမမဘဲ ဒူးကိုအရင်ကွေးပြီးမှ မသင့်ပါတယ်။ အရမ်းလေးတဲ့ အရာတွေမမယ်ဆိုလျှင် Trolley လို့ခေါ်တဲ့ ဘီးတပ်တွန်းလှည်းသုံးပြီးမသင့်ပါတယ်။ ဒါ့ပြင် ခါးနာနေတဲ့အခါ ကိုယ်နေဟန်ထားမှန်အောင် ခါးစည်းခါးပတ် ပတ်ထားနိုင်ပါတယ်။
၄။ ကျန်းမာသောကိုယ်အလေးချိန်ဖြစ်အောင် ဂရုစိုက်ခြင်း
အဝလွန်ခြင်းဟာ သင့်ခါးတွေကို ဒဏ်ပိစေပါတယ်။ သင်ဟာ ပုံမှန်ရှိရမယ့်ကိုယ်အလေးချိန်ထက်များနေတဲ့သူ၊ ဝနေတဲ့သူဆိုလျှင်တော့ ဝိတ်အပိုတွေကို လျှောချကြည့်ပါ။ ခါးနာခြင်း သက်သာလာပါလိမ့်မယ်။
၅။ ဆေးလိပ်ဖြတ်ခြင်း
ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေထက် ခါးအရိုးနုပျက်စီးနှုန်း ၄ ဆပိုများတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် စီးကရက်တွေမှာပါတဲ့ နီကိုတင်းဓာတ်နဲ့ ဆေးရွက်ကြီးတွေဟာ ခါးအရိုးတွေကို ပျော့စေပြီး အရိုးနုတွေက အာဟာရတွေကို ယူဆောင်ပစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ခြင်းဟာ ခါးနာခြင်းသက်သာအောင် ကူညီပေးပါတယ်။
၆။ ရေခဲကပ်ခြင်းနှင့် ရေနွေးကပ်ခြင်း
အအေးဓာတ်ဟာ ရောင်ရမ်းမှု နာကျင်မှုများကိုသက်သာစေပါတယ်။ ထိခိုက်မှုဖြစ်တဲ့အခါ၊ ဒဏ်ရာရတဲ့အခါ နာကျင်တဲ့ဝေဒနာသက်သာစေရန် ရေခဲကပ်ခိုင်းလေ့ရှိပါတယ်။ ဒါပေမဲ့ ရေခဲကပ်တဲ့အခါ တိုက်ရိုက်အရေပြားနဲ့မထိတွေ့စေဘဲ အိတ် သို့မဟုတ် အဝတ်စအုပ်ပြီး ၁၅ မိနစ် မှ မိနစ် ၂၀ ကပ်ပေးနိုင်ပါတယ်။
မိနစ် ၂၀ ထက်ကျော်အောင်တော့ မကပ်သင့်ပါဘူး။ အပူဓာတ်ကတော့ ကြွက်သားများတင်းခြင်းကို လျှော့ချပေးပြီး နာကျင်မှုကိုသက်သာစေပါတယ်။ ထိခိုက်ဒဏ်ရာကြောင့်မဟုတ်ဘဲ ခါးနာတဲ့အခါ ရေနွေးဖြင့်ရေချိုးခြင်း၊ ရေနွေးစိမ်ခြင်း၊ ရေနွေးပုလင်း သို့မဟုတ် ရေနွေးအိတ်ကပ်ခြင်းများ ပြုလုပ်ပေးနိုင်ပါတယ်။ အပူဓာတ်ကြောင့်အရေပြားမလောင်အောင်တော့ဂရုစိုက်ရပါမယ်။
၇။ ဆရာဝန်ညွှန်ကြားချက်မလိုသော အကိုက်အခဲပျောက်ဆေးများ
ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ အကိုက်အခဲပျောက်ဆေးများ(OTC) ကို ရေတိုခဏတာ ဆေးအညွှန်းဖတ်ပြီး သောက်ထားနိုင်ပါတယ်။ ဥပမာ- Paracetamol, Ibuprofen
၈။ လိမ်းဆေးများ
နာကျင်မှုသက်သာစေမယ့် လိမ်းဆေးတွေ လိမ်းပေးနိုင်ပါတယ်။ Capsaicin ပါတဲ့လိမ်းဆေးများ၊ Menthol ပါတဲ့ လိမ်းဆေးတွေနဲ့ အကိုက်အခဲပျောက်ဆေးထည့်ထားတဲ့ လိမ်းဆေးတွေက ခါးနာခြင်းကိုသက်သာစေနိုင်ပါတယ်။
၉။ အားဆေးများ
ဗီတာမင် ဒီ၊ ကယ်လ်စီယမ်၊ မဂနီစီယမ်နဲ့ ကော်လဂျင်ဓာတ်တွေဟာ အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ဓာတ်တွေဖြစ်တယ်။တစ်ခါတစ်ရံ ၎င်းဓာတ်တွေ မလုံလောက်တဲ့အခါ အရိုးပျော့ခြင်း၊ အရိုးပွခြင်းတွေဖြစ်စေပြီး ခါးနာခြင်းဝေဒနာခံစားရပါတယ်။ဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးပြီး လိုအပ်လျှင် ညွှန်ကြားတဲ့ ဖြည့်စွက်အားဆေးတွေ သောက်ပေးနိုင်ပါတယ်။
၁၀။ အိပ်စက်ခြင်း
စစ်တမ်းတွေအရ အိပ်ရေးပျက်ခြင်းဟာ ခါးနာခြင်းကို ပိုဆိုးစေပါတယ်။ အိပ်ရေးပျက်ခြင်းဟာ လူတွေရဲ့ နာကျင်မှုခံနိုင်ရည်ကို ကျဆင်းစေတယ်လို့ဆိုပါတယ်။ သက်တောင့်သက်သာမရှိတဲ့အိပ်ရာ၊ အရွယ်အစားမမှန်တဲ့ ခေါင်းအုံးတွေဟာ ခါးနာခြင်းကို ဖြစ်စေပါတယ်။
သက်တောင့်သက်သာဖြစ်စေမယ့် ခေါင်းအုံးနဲ့ အိပ်ရာဖြစ်အောင် ပြောင်းလဲခြင်းဖြင့် အိပ်ရေးဝအောင်၊ ခါးနာခြင်းသက်သာအောင်ပြုလုပ်ပေးနိုင်ပါတယ်။
၁၁။ ဖိနပ်ပြောင်းလဲခြင်း
မိမိခြေထောက်နဲ့ အံဝင်ခွင်ကျမဖြစ်တဲ့ဖိနပ်တွေ၊ ခြေထောက်ကိုအထောက်အကူမဖြစ်တဲ့ဖိနပ်တွေ၊ ပါးလွန်းတဲ့ဖိနပ်တွေနဲ့ ဒေါက်မြင့်ဖိနပ်တွေဟာ ခြေသလုံး၊ ခါးနဲ့ လည်ပင်ကြွက်သားတွေအထိပါ ဒဏ်ဖြစ်နာကျင်စေပါတယ်။
မကြာခဏဆိုသလို ခါးနာလေ့ရှိသူတွေဟာ မိမိစီးနေတဲ့ဖိနပ်က အဆင်ပြေခြင်းရှိမရှိပါ သတိထားသင့်ပြီး လိုအပ်လျှင် သက်သောင့်သက်သာရှိပြီး အံဝင်ခွင်ကျဖြစ်တဲ့ ဖိနပ်တွေကို ပြောင်းစီးပေးသင့်ပါတယ်။
Author: ဒေါက်တာယဉ်ယဉ်ဝင်း