ယနေ့ အချိန်မှာ အဝလွန်သူတွေ များပြားလာတာနဲ့အမျှ ကိုယ်အလေးချိန်လျှော့ခြင်းကလည်း ယဉ်ကျေးမှုတစ်ခုအလား ရေပန်းစားလူကြိုက်များလာကြပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့လျော်ညီစွာ ကိုယ်အလေးချိန်လျှော့ချနိုင်ရန်အတွက် အလွန်အရေးကြီးလာပါတယ်။ ကျွန်တော် ယခုဖော်ပြပေးမယ့် အချက်လေးတွေကတော့ အများပြည်သူလက်ခံထားတဲ့ ကိုယ်အလေးချိန်လျော့ချခြင်းဆိုင်ရာ အယူအဆအမှားလေးတွေပဲဖြစ်ပါတယ်။
(၁) ကယ်လိုရီ တွက်ချက်မှု မှားယွင်းခြင်း
ပထမဦးစွာ ကယ်လိုရီဆိုတာ ဘာလဲအရင်ရှင်းပြပေးပါ့မယ်။ ကယ်လိုရီဆိုတာကတော့ စွမ်းအင်ကိုတိုင်းတာတဲ့ ယူနစ်လေးတစ်ခုဖြစ်ပါတယ်။ လူတော်တော်များများနားလည်ထားတာက အစားအစာတိုင်းမှာပါဝင်တဲ့ ကယ်လိုရီတိုင်းဟာ အတူတူပဲလို့အကြမ်းဖျင်းနားလည်ပြီး အဲဒီလိုစားသောက်နေထိုင်နေကြပါတယ်။ ဒါပေမဲ့ ပရိုတိန်း ကြွယ်ဝတဲ့ အစားအစာမှာပါဝင်တဲ့ ကယ်လိုရီဟာ အဆီမှာပါဝင်တဲ့ ကယ်လိုရီနဲ့ ကိုယ်ခန္ဓာကို အကျိုးပြုပုံခြင်းမတူညီကြပါ။ ထို့ကြောင့် မိမိကိုယ်ခန္ဓာအတွက် သင့်လျော်သော ကယ်လိုရီပါဝင်တဲ့ အစားအစာကို သေချာစွာရွေးချယ်ပီး စားသောက်သင့်ပါတယ်။
(၂) ကိုယ်အလေးချိန်လျော့ချခြင်းဟာ အစဉ်အတိုင်းဖြစ်နေရမယ့် ဖြစ်စဉ်တစ်ခု
ဒီအယူအဆလေးကလည်း လူတော်တော်များများအမှန်လို့လက်ခံထားတဲ့ အယူအဆအမှာလေးတစ်ခုဖြစ်ပါတယ်။ ကိုယ်ကပုံမှန်အတိုင်း အစားအသောက်လျှော့စား လေ့ကျင့်ခန်းပြုလုပ်နေသော်ငြားလည်း ကိုယ်အလေးချိန်အနည်းငယ်လောက်တက်လာရင် လူတော်တော်များများက သိပ်မကျေနပ်ကြပါဘူး။ ဒါပေမဲ့ ဒီဖြစ်စဉ်ကကိုယ်ခန္ဓာရဲ့ ပုံမှန်တုန့်ပြန်တဲ့ ဖြစ်စဉ်လေးပဲဖြစ်ပါတယ်။ တစ်ခါတလေမှာ မသိမသာလေးအစာနည်းနည်းပိုစားမိရင်ဖြစ်စေ၊ ရေအများကြီးပိုသောက်မိရင်ဖြစ်စေ ကိုယ်အလေးချိန်မသိမသာလေး အတက်အကျဖြစ်တတ်ပါတယ်။ ဒါစိုးရိမ်စရာမဟုတ်ပါ ပုံမှန်အတိုင်း လေ့ကျင့်ခန်းပြန်လုပ်၊ အစာကိုသေချာစနစ်တကျ ကျန်းမာရေးနှင့်လျော်ညီစွာစားသောက်မည်ဆိုရင် ကိုယ်အလေးချိန် ပြန်ကျသွားပါလိမ့်မယ်။
(၃) ဖြည့်စွက်စာများက ကိုယ်အလေးချိန်လျော့ချခြင်းကို အထောက်အကူပြုစေတယ်
ဒီအယူအဆလေးက ဘာကြောင့်လူအများကြားထဲ ရေပန်းစားနေရသလဲဆိုတော့ အဓိကက ကြော်ငြာအားကြောင့်ဖြစ်ပါတယ်။ များပြားလှစွာသော စီးပွားရေးလုပ်ငန်း ကြော်ငြာတွေက သူတို့ထုတ်လုပ်တဲ့ဖြည့်စွက်စာတွေစားခြင်းဖြင့်ကိုယ်အလေးချိန်လျှော့ချနိုင်ကြောင်းနေရာမျိုးစုံဘက်ပေါင်းစုံက နေ့စဉ်ကြော်ငြာပေးနေပါတယ်။ တကယ်တော့ ဖြည့်စွက်စာ စားသုံးခြင်းဖြင့်ကိုယ်အလေးချိန်မလျော့ချပေးနိုင်ပါဘူး။ အဓိကက လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းနဲ့ အစားအသောက်ပဲဖြစ်ပါတယ်။
(၄) နည်းနည်းစားပြီး များများလှုပ်ရှားပေးခြင်း
ကိုယ်ခန္ဓာရှိ မလိုလားအပ်သောအဆီများကို ဖယ်ရှားရန်အတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပိုမိုလုပ်ဆောင်ရန်လိုအပ်ပါတယ်။ ဒါပေမဲ့ နည်းနည်းစားပြီး များများလှုပ်ရှားဆိုတဲ့အယူအဆက လတ်တလောကြည့်လျှင်မှန်ကန်သည်ဟုထင်ရပေမဲ့ ရေရှည်လုပ်ဆောင်မယ်ဆိုလျှင် မိမိရဲ့စိတ်နဲ့ကိုယ်ခန္ဓာကိုပါ ထိခိုက်နိုင်စေပါတယ်။ ကိုယ်အလေးချိန်လျှော့ချခြင်းဆိုတာ ရေရှည်လုပ်ဆောင်ရသောလုပ်ရပ်ဖြစ်သေကြောင့် သင့်တင့်လျောက်ပတ်စွာစားသောက်ပီးးလေ့ကျင့်ခန်းပိုမိုလုပ်ဆောင်ခြင်းက ကိုယ်အလေးချိန်ကို ထိရောက်စွာလျော့ချပေးနိုင်ပါတယ်။
(၅) ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများ ကြိုက်သလောက်စားနိုင်ခြင်း
ဘယ်လောက်ပဲကျန်းမာရေးနှင့်ညီညွတ်သောအစားအစာဖြစ်ပါစေ အလွန်အကျွံစားသောက်မယ်ဆိုလျှင် ကိုယ်အလေးချိန်ကိုမြှင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် အစားအစာကိုကျန်းမာရေးနှင့်ညီညွတ်စွာ မျှမျှတတ စားသောက်ပီး ကျန်းမာပျော်ရွှင်စွာ ကိုယ်အလေးချိန်ကို လျှော့ချနိုင်ပါတယ်။
Author: Dr. KTZ