ဒူးနာခြင်းဝေဒနာဟာ အတွေ့များတဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။ ဒူးနာစေသောအကြောင်းအရင်းများစွာရှိပါတယ်။ အပျော့စားဒူးနာခြင်းနဲ့ အလယ်အလတ်ဒူးနာခြင်းတွေဟာ အိမ်တွင်းကုထုံးတွေနဲ့ပဲ သက်သာပျောက်ကင်းသွားလေ့ရှိပါတယ်။
ဒူးနာခြင်းသက်သာစေမယ့် အိမ်တွင်းနည်းလမ်းများကတော့ –
၁။ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်း
ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်းဟာ OA လို့ခေါ်တဲ့ အရိုးနုပြုန်းခြင်း ချဥ်ဆီခန်းခြင်းကြောင့်ဖြစ်သော အဆစ်နာရောဂါ (အိုနာ)ဖြစ်ပေါ်မှုကို နှေးကွေးစေပါတယ်။ OA ရောဂါဟာ ဒူးနာခြင်းဖြစ်ပေါ်စေသော အဓိကတရားခံဖြစ်ပါတယ်။
အမေရိကန်အရိုးအကြောဆိုင်ရာအဖွဲ့အစည်း(ACR) နှင့် အဆစ်ရောင်အဖွဲ့အစည်း(AF) တို့က ဒူးနာခြင်းဖြစ်စေသော OA ရောဂါမဖြစ်အောင် လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းထားပါတယ်။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ထိုက်ချိ နဲ့ ရောဂလေ့ကျင့်ခန်းတွေက ဒူးနာခြင်းသက်သာအောင်နဲ့ ဒူးနာခြင်းမဖြစ်အောင် အကူအညီပေးပါတယ်။
ဒါ့ပြင် လှုပ်လှုပ်ရှားရှားနေခြင်းဟာ အရိုးနုကျန်းမာရေးကို ကောင်းစေပါတယ်။ ထိုမျှမက ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်းဟာ ခြေသလုံးကြွက်သားတွေကိုသန်မာစေပြီး ဒူးအဆစ်ကို များစွာအထောက်အပံ့ပေးပါတယ်။
၂။ ပို၍သန်စွမ်းစေသောလေ့ကျင့်ခန်းများ
ပေါင်ကြွက်သားများကို သန်စွမ်းစေတဲ့လေ့ကျင့်ခန်းတွေဟာ ဒူးအဆစ်တွေကိုအထောက်အပံ့ပေးပါတယ်။ အောက်ပါနည်းလမ်းတွေကတော့ ပေါင်ကြွက်သားတွေကို ပို၍သန်စွမ်းလာစေတဲ့လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။
– အိပ်နေစဥ် ဒါမှမဟုတ် ထိုင်နေစဥ် ခြေထောက်ကို တစ်ဖြောင့်တည်းထား၍ မြှောက်ပေးခြင်း
- ခြေဖဝါးတစ်ဖက်ကို တစ်ထစ်အမြင့်တွင်နင်းထားပြီး အခြားတစ်ဖက်ကို တစ်ထစ်အနိမ့်တွင်နင်းထားပြီး အမြင့်တစ်ထစ်တက်ခြင်း အောက်တစ်ထစ်ဆင်ခြင်းပြုလုပ်ခြင်း
– ထိုင်ခုံပေါ်တွင်ထိုင်နေပြီးနောက် လက်ဖြင့်မထောက်ဘဲထခြင်း ပြန်ထိုင်ခြင်းပြုလုပ်ခြင်း
– ထိုင်ခုံကိုကိုင်ပြီး ဆောင့်ကြောင့် Squat ထိုင်ခြင်းပြုလုပ်ခြင်း
၃။ ကိုယ်နေဟန်ထားနှင့် ဒူးအထောက်အပံ့များ
ဒူးနာတဲ့အခါနဲ့ ဒူးနာခြင်းမဖြစ်စေရန် ကိုယ်နေဟန်ထားမှန်ကန်ဖို့ အထူးသတိပြုရပါမယ်။
– ခုံပုပုလေးတွေနဲ့ ဆိုဖာအရှည် အနိမ့်လေးတွေမှာ ထိုင်ခြင်းရှောင်ပါ။ ထိုင်နေတဲ့အမြင့်က နိမ့်နေပါက ဆိုဖာလေး ခု၍ထိုင်ပေးပါ။ထိုင်တဲ့အခါ ပျော့တိပျော့ခွေထိုင်ခြင်း နှင့် အရှေ့သို့ကုန်း၍ထိုင်ခြင်း ရှောင်ပါ။
-ခြေထောက်ကိုသက်သောင့်သက်သာဖြစ်စေပြီးအထောက်အပံ့ဖြစ်စေတဲ့ ဖိနပ်ကိုသာစီးပါ။ ဒေါက်မြင့်ဖိနပ်တွေစီးခြင်း ရှောင်ပါ။
-အရိုးအဆစ်တွေဟာ ကြာကြာမလှုပ်ရှားပဲနေလျှင်တောင့်နေတတ်တာကြောင့် အချိန်ကြာမြင့်စွာထိုင်ခြင်းရှောင်ပါ။
၄။ ကိုယ်အလေးချိန်လျှော့ချခြင်း
ဝတဲ့သူတွေနဲ့ အဝလွန်သူတွေဟာ ဒူးနာခြင်းဖြစ်နှုန်းအများဆုံးလူအုပ်စုဖြစ်ပါတယ်။ ပုံမှန်ထက်ပိုသော ကိုယ်အလေးချိန်တွေဟာ အရိုးအဆစ်တွေကို ဒဏ်ဖြစ် နာကျင်စေပါတယ်။ စစ်တမ်းတွေအရ သင် ပေါင်ချိန် ၁၀ ပေါင်တက်လာတိုင်း ဒူးဆစ်တွေအပေါ် ၁၅ ပေါင်မှ ပေါင် ၅၀ ဖိအားပိုသက်ရောက်စေတယ်လို့ဆိုပါတယ်။
ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချခြင်းဟာ ရေရှည်ဒူးနာခြင်းကိုသက်သာစေသလို အဆစ်ရောင်ခြင်းများကိုလည်းသက်သာစေပါတယ်။
၅။ ဆေးဝါးများ
ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ အကိုက်အခဲပျောက်ဆေးများ(OTC) ကို ရေတိုခဏတာ ဆေးအညွှန်းဖတ်ပြီး သောက်ထားနိုင်ပါတယ်။ ဥပမာ- Paracetamol, Ibuprofen။ နာကျင်မှုသက်သာစေမယ့်လိမ်းဆေးတွေလည်း လိမ်းပေးနိုင်ပါတယ်။ Capsaicin ပါတဲ့ လိမ်းဆေးများ၊ Menthol ပါတဲ့လိမ်းဆေးတွေနဲ့ အကိုက်အခဲပျောက်ဆေးထည့်ထားတဲ့လိမ်းဆေးတွေက ဒူးနာခြင်းကိုသက်သာစေနိုင်ပါတယ်။
၆။ R.I.C.E ကုထုံး
ဒီကုထုံးကိုတော့ ထိခိုက်ဒဏ်ရာရပြီး ဒူးနာသွားတဲ့အခါ နာကျင်ခြင်း ရောင်ရမ်းခြင်းသက်သာအောင် ပြုလုပ်ပေးတဲ့ ရှေးဦးသူနာပြုနည်းလမ်းဖြစ်ပါတယ်။ ကုထုံးမှာပါဝင်တဲ့ နည်းလမ်းတွေကတော့ –
– R-Rest( အနားပေးပါ)
– I-Ice (ရေခဲကပ်ပါ)
– C-Compress (ဒဏ်ဖြစ်သွားသောနေရာကို ပတ်တီးပတ်ထားပေးပါ)
– E-Elevate(ဒဏ်ဖြစ်သွားသောနေရာကို တစ်နေ့လျှင် ၂ နာရီ မှ ၃နာရီလောက် နှလုံးအထက်မြှောက်ထားပေးပါ)
၇။ အပူနဲ့ အအေးကုထုံး
အအေးဓာတ်ဟာ ရောင်ရမ်းမှု နာကျင်မှုများကိုသက်သာစေပါတယ်။ ထိခိုက်မှုဖြစ်တဲ့အခါ၊ ဒဏ်ရာရတဲ့အခါ နာကျင်တဲ့ဝေဒနာသက်သာစေရန် ရေခဲကပ်ခိုင်းလေ့ရှိပါတယ်။ ဒါပေမဲ့ ရေခဲကပ်တဲ့အခါ တိုက်ရိုက်အရေပြားနဲ့ မထိတွေ့စေဘဲ အိတ်၊ ဒါမှမဟုတ် အဝတ်စအုပ်ပြီး ၁၅မိနစ် မှ မိနစ် ၂၀ ကပ်ပေးနိုင်ပါတယ်။ မိနစ် ၂၀ထက်ကျော်အောင်တော့အကပ်သင့်ပါဘူး။
အပူဓာတ်ကတော့ ကြွက်သားများတင်းခြင်းကို လျှော့ချပေးပြီး နာကျင်မှုကိုသက်သာစေပါတယ်။ ထိခိုက်ဒဏ်ရာကြောင့်မဟုတ်ဘဲ ဒူးနာတဲ့အခါ ရေနွေးဖြင့်ရေချိုးခြင်း၊ ရေနွေးစိမ်ခြင်း၊ရေနွေးပုလင်း၊ ဒါမှဟုတ် ရေနွေးအိတ်ကပ်ခြင်းတွေ ပြုလုပ်ပေးနိုင်ပါတယ်။ အပူဓာတ်ကြောင့် အရေပြားမလောင်အောင်တော့ ဂရုစိုက်ရပါမယ်။
၈။ အခြားကုထုံးများ
– အပ်စိုက်ကုသခြသခြင်း
– ထိုက်ချိကစားခြင်း
- ယောဂကျင့်ခြင်း
– အရိုးနဲ့အရိုးနုတွေကိုအားဖြစ်စေတဲ့ အစားအသောက်တွေစားပေးခြင်း
(ဥပမာ-နွားနို့၊ အရိုးပါစားလို့ရတဲ့ငါးများနဲ့ အခွံပါစားလို့ရတဲ့ပုစွန်စိတ်ကလေးများ၊ ကော်လဂျင်ကြွယ်ဝသေ ာအစားအစာများ)
ဘယ်အချိန်ဆရာဝန်နှင့်ပြဖို့လိုအပ်မလဲ
ဒူးနာခြင်းအများစုကတော့ အိမ်တွင်းကုထုံးများဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။ ဒါပေမဲ့ အောက်ပါအခြေအနေတွေ ကြုံလာလျှင်တော့ ဆရာဝန်နှင့်ပြသရန်လိုအပ်ပါတယ်။
– ဆိုးရွားစွာ ဒူးနာပြီး အရမ်းရောင်ရမ်းနေပါလျှင်
– ဒူးပုံစံပျက်နေလျှင်
– ဆိုးရွားစွာ အညိုမဲစွဲနေလျှင်
– အခြားအဆစ်များပါနာနေလျှင်
– ရက်ကြာရှည်စွာဒူးနာနေပြီး ပိုဆိုးလာလျှင်
– ဖျားလျှင်
ဒေါက်တာယဉ်ယဉ်ဝင်း