အရေပြားယားနာပြဿနာကို ဖြစ်စေသော အခြေအနေများမှာ အရေပြားခြောက်သွေ့ခြင်း၊ အရေပြားအပေါ်လွှာရှိ မှိုပိုးများကြောင့်ဖြစ်သော ပွေး၊ ညှင်း၊ ယားနာ၊ ဒက်၊ ဗောက်၊ အရေပြားမှိုရောဂါများ၊ လက်သည်းခြေသည်းမှိုစွဲခြင်း၊ မှက်ခရု၊ အရေပြားဓာတ်မတည့်မှုဖြစ်စေသည့် ဖုန်၊ ပန်းဝတ်မှုန် ၊ တိရစ္ဆာန်အမွှေးများနှင့် သန်း၊ မွှားကဲ့သို့ပိုးမွှား၊ အရာဝတ္ထုများကြောင့် အရေပြားရောင်ရမ်းခြင်း Dermatitis၊ နှင်းခူ Eczema စသည်တို့ကြောင့် ဖြစ်ပါသည်။
ခန္ဓာကိုယ်ရှိ ရောဂါအခံများဖြစ်သည့် ကျောက်ကပ်ပျက်စီးခြင်း၊ သိုင်းရွိုက်ဟော်မုန်းရောဂါ၊ အသည်းခြောက်ရောဂါ၊ သည်းခြေပြွန်ပိတ်ဆို့ခြင်း၊ သွေးကင်ဆာရောဂါများ၊ ရေယုန်၊ ဆီးချိုရောဂါ၊ Multiple Sclerosis ကဲ့သို့ အာရုံကြောရောဂါ စသည့်ရောဂါအခံများရှိလျှင်လည်း အရေပြားယားနာပြဿနာကို ကြုံတွေ့နိုင်ပါသည်။ ပဋိဇီဝပိုးသတ်ဆေးများ( အထူးသဖြင့် ဆာလ်ဖာပါဝင်သော ဆေးများ)၊ တားမြစ်ဆေးအုပ်စုဝင် အနာသက်သာဆေးများ၊ အတက်ကျဆေးများနှင့် မှိုသတ်ဆေးကဲ့သို့ ပုံမှန်သောက်သုံးနေသော ဆေးများကြောင့် အရေပြားယားနာ ဖြစ်ပေါ်နိုင်ပါသည်။
ဓာတုပစ္စည်းများသောဆပ်ပြာ၊ အလှကုန်၊ ရေမွှေး၊ သတ္တု၊ ရာဘာ၊ လိမ်းဆေး စသည့် အရာတစ်ခုခု နှင့် အရေပြားဓာတ်မတည့်ခြင်း ကြောင့်ဖြစ်သော အရေပြားယားနာ၊ မှိုပိုးများ ပေါက်ဖွားမှုကြောင့်ဖြစ်သော အရေပြားမှိုရောဂါများ၊ ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သည့် Atopic Eczema နှင်းခူသည် အဖြစ်များပြီး အရေပြားယားယံခြင်းကို ခံစားရနိုင်ပါသည်။ မိဘမျိုးရိုးဗီဇ၏ ရောဂါရာဇဝင်နှင့် ဓာတ်မတည့်ခြင်းဖြစ်ဖူးသော ရာဇဝင်ရှိလျှင် နှင်းခူယားနာဖြစ်နိုင်ခြေ ပိုများပါသည်။
အရေပြားယားနာဖြစ်ပွားလျှင် ယားနာမှုကိုပိုဆိုးစေပြီး၊ ရောဂါပိုးဝင်စေနိုင်သည့် ကုတ်ဖဲ့ခြင်းကိုရှောင်ကြဉ်ရမည်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပြီး၊ ခြောက်သွေ့သန့်ရှင်းပြီး မကျပ်လွန်းသော အဝတ်အစားများကို ဝတ်ဆင်ခြင်း၊ အရေပြားမှိုအဖြစ်များသည့် ချိုင်း ၊ ပေါင်ခြံ၊ လက်ချောင်း ၊ ခြေချောင်းကြားကို သန့်ရှင်းခြောက်သွေ့အောင် ဂရုစိုက်ခြင်း၊ ခြေအိတ်၊ ချောင်ချိသော အတွင်းခံများကို သန့်သန့်ရှင်းရှင်း လဲလှယ်ဝတ်ဆင်ခြင်း စသည်တို့ကို ပြုလုပ်ပေးသင့်သည်။
ဓာတုပစ္စည်း၊ အမွှေးနံ့၊ ဆိုးဆေး၊ ဆပ်ပြာအပြင်းစားပါဝင်သော တစ်ကိုယ်ရေသုံးပစ္စည်းများကိုရှောင်ပြီး အရေပြားခြောက်သွေ့မှု သက်သာစေရန် အစိုဓာတ်ထိန်းအလှဆီ Moisturizing Lotion /Cream များ အသုံးပြုခြင်း၊ ရေအေးဖြင့်ရေချိုးခြင်း၊ ရေခဲဝတ်ကပ်ပေးခြင်း၊ ချောမွတ်သော ချည်ထည်များကို ဝတ်ဆင်ခြင်း၊ အယားသက်သာစေနိုင်သည့် Antihistamine သောက်ဆေးများ၊ Steroid ပါဝင်သောလိမ်းဆေးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် အသုံးပြုခြင်းတို့ ပြုလုပ်နိုင်ပါသည်။
အကယ်၍ အထက်ပါနည်းလမ်းများ လိုက်နာဆောင်ရွက်သော်လည်း အရေပြားယားနာပြဿနာ မပျောက်ကင်းခဲ့လျှင် သို့မဟုတ် ပိုဆိုးလာခဲ့လျှင် တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့်ပြသပြီး လိုအပ်လျှင် သွေးစစ်ဆေးမှုများ၊ အရေပြားအသားစ စစ်ဆေးမှုများ Skin Scraping Biopsy ပြုလုပ်ပြီး အကြောင်းရင်းကို စစ်ဆေးသိရှိနိုင်ပါသည်။
အရေပြားယားနာကို ဖြစ်စေနိုင်သော အကြောင်းရင်းများစွာရှိသည့်အပြင် အဖြစ်များသည့် အရေပြားမှိုရောဂါသည် အမျိုးအစားများအလိုက် ကုသမှုများကွာခြားသဖြင့် အရေပြားအထူးကုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ပြီး အရေပြား မှိုလိမ်းဆေး Anti Fungal Cream ကဲ့သို့ အရေပြားလိမ်းဆေးများ၊ သောက်ဆေးများဖြင့် ကုသခြင်း၊ Phototherapy အလင်းရောင်ခြည်အသုံးပြု၍ ကုသခြင်း၊ Immunomodulators ဆေးဝါးများအသုံးပြု၍ ကုသခြင်းစသည်တို့ဖြင့် ကုသပျောက်ကင်းနိုင်ပါသည်။
Author: Dr. Yee Mon