ညီညာချောမွတ်ပြီး အပြစ်အနာအဆာကင်းတဲ့ မျက်နှာလေးနဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့က အားလုံးရဲ့ အိမ်မက်ပဲဖြစ်ပါတယ်။ နေလောင်ဒဏ်၊ တင်းတိပ်၊ အမာရွတ်တွေကြောင့် မျက်နှာညိုညစ်လာတာ၊ ဝက်ခြံတွေကြောင့်မျက်မှာနီမြန်းလာတာ စတာတွေဟာ အလှအပအတွက် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အသားအရေမညီညာမှုကို ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရာတွေကတော့ နေလောင်ဒဏ်၊ လေမသန့်ခြင်း၊ အသက်အရွယ်ကြီးမြင့်လာခြင်း၊ ဟော်မုန်းမညီမျှခြင်းနဲ့ အချို့သောဆေးဝါးများကြောင့်ပဲဖြစ်ပါတယ်။ Melanin ထုတ်လုပ်မှုများတဲ့နေရာတွေမှာ အသားအရေကပိုပြီးညိုနေတတ်ပါတယ်။
အသားအရောင်မညီညာမှုကို သက်သာပျောက်ကင်းစေနိုင်ပြီး ညီညာချောမွတ်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မယ့် သဘာဝနည်းလမ်းတွေကတော့-
ရေဓာတ်ပြည့်ဝပါစေ
ရေဓာတ်ပြည့်ဝခြင်းဟာ ကြည်လင်လှပသော အသားအရေကို ပိုင်ဆိုင်ရရှိစေမှာဖြစ်ပါတယ်။ ရေဓာတ်ပြည့်ဝစေဖို့ ရေများများသောက်ဖို့ လိုအပ်သလို ပြင်ပမှ Moisturizer တွေလိမ်းပေးနေဖို့လည်ဒ လိုပါတယ်။ Moisturizer လိမ်းပေးခြင်းအားဖြင့် အသားအရေနီမြန်းမှုနဲ့ ခြောက်သွေ့ခြင်းတွေကို ကာကွယ်နိုင်ပြီး စိုပြည်ဝင်းပလာစေမှာဖြစ်ပါတယ်။
Sunscreen လိမ်းပါ
Sunscreen လိမ်းခြင်းဟာ Skincare Step တွေထဲမှာ အရေးအကြီးဆုံး Step တစ်ခုဖြစ်ပါတယ်။ အသားအရောင်မညီညာခြင်းကို ဖြစ်စေတဲ့ အဓိကတရားခံဖြစ်တဲ့ နေလောင်ဒဏ်ကို ကာကွယ်နိုင်ဖို့ Sunscreen ကို နေ့စဥ်မမေ့မလျော့ လိမ်းပေးရမှာဖြစ်ပါတယ်။ Sunscreen လိမ်းလေ့မရှိသူက အသက်အရွယ်မတိုင်မီ အိုမင်းရင့်ရော်တတ်ပြီး တင်းတိပ်များလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။
အချို့သောအစားအစာတွေကိုရှောင်ပါ
ညီညာချောမွတ်တဲ့အသားအရေကို ပိုင်ဆိုင်နိုင်ဖို့အတွက် အရက်၊ ချိုလွန်း၊ စပ်လွန်းသောအစားအစာများ၊ နွားနို့နဲ့ အဆီအဆိမ့်များတဲ့အစားအစာတွေကို ရှောင်ရှားသင့်ပါတယ်။
Vitamin C ပါဝင်သော အစားအစာများကိုစားပါ
Vitamin C ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ မာလကာသီး၊ ကီဝီသီးစတာတွေဟာ အသားအရေကို စိုပြည်ဝင်းပစေနိုင်ပါတယ်။ Vitamin C ဟာ Antioxidant တစ်မျိုးဖြစ်ပြီး အသားအရေမညီညာခြင်းကို ဖြစ်စေနိုင်တဲ့ တစ်ရှူးပျက်စီးခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။
Niacin ပါဝင်သော အစားအစာများ စားသုံးပါ
အသားအရေ၊ ဆံပင်နဲ့ လက်သည်းခြေသည်းကျန်းမာရေးအတွက် Niacin ဓာတ်ကမရှိမဖြစ်လိုအပ်ပါတယ်။ Niacin ဓာတ်ဟာ ရေဓာတ်ဖြည့်တင်းပေးခြင်းအားဖြင့် အသားအရေ မညီညာခြင်းတွေကို သက်သာစေနိုင်ပြီး အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။ ကြက်သား၊ တူနာငါး၊ မှို၊ ပဲစိမ်း စတာတွေကနေ Niacin ဓာတ်ကို ရရှိနိုင်ပါတယ်။
နေ့စဥ်ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပါ
ကျန်းမာရေးနဲ့ ညီညွတ်စေရန် တစ်ပတ်ကို အနည်းဆုံး မိနစ် ၃၀ လောက် လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားမှုပြုလုပ်ပေးမှသာ သွေးလှည့်ပတ်မှုကောင်းစေပြီး အရေပြားဆဲလ်အသစ်တွေ ထွက်ပေါ်လာစေရန် ကူညီနိုင်မှာဖြစ်ပါတယ်။ အသားအရည် ညီညာပြီး စိုပြည်ကျန်းမာတဲ့ အသားအရေကို ရရှိဖို့ဆိုရင် အရေပြားဆဲလ်သစ်တွေ ထုတ်လုပ်နိုင်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။
သံပရာသီးဖြင့် ပွတ်ပေးပါ
သံပရာသီးမှာ ဆဲလ်သေတွေဖယ်ရှားပေးနိုင်မယ့် အက်စစ်ဓာတ်ပါဝင်ပြီး Vitamin C လည်း မြင့်မားစွာပါဝင်နေပါတယ်။ သံပရာသီးကို ရေအနည်းငယ်ရောပြီး နေလောင်ထားတဲ့ နေရာတွေကို လိမ်းပေးခြင်းအားဖြင့် အသားအရောင်မညီတာတွေကို သက်သာလာစေနိုင်ပါတယ်။
မုန့်ဖုတ်ဆိုဒါနဲ့ Scrub လုပ်ပေးပါ
မုန့်ဖုတ်ဆိုဒါမှာပါတဲ့ သတ္တုဓာတ်နဲ့ ကာဗွန်နိတ်ဆားပါဝင်မှုက အရေပြားပေါ်မှာရှိတဲ့ မညီညာတဲ့ အစက်အပြောက်တွေကိုဖယ်ရှားစေပြီး အသားအရေကြည်လင်တောက်ပလာစေနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါရဲ့ Exfoliating ဂုဏ်သတ္တိက အသားအရေကို သဘာဝအတိုင်း သန့်စင်ပေးပြီး အေးမြစေသော အာနိသင်ကို ပေးစွမ်းနိုင်ပါတယ်။
နနွင်းမှုန့်လိမ်းပေးပါ
အားလုံးသိကြတဲ့အတိုင်း နနွင်းဟာ အရေပြားပြဿနာပေါင်းများစွာအတွက် အသုံးဝင်တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ မွဲခြောက်နေတဲ့အသားအရေကို ကြည်လင်တောက်ပလာစေရန်အတွက် သဘာဝဆေးတစ်လက်အဖြစ် အသုံးပြုကြလေ့ရှိပါတယ်။
Apple Cider Vinegar အသုံးပြုခြင်း
Apple Cider Vinegar ဟာ အရေပြား၊ လက်သည်း၊ ဆံပင်ကျန်းမာရေးအတွက် သင့်လျော်ပါတယ်။ ၁၅ မိနစ်ခန့်လိမ်းထားပြီးနောက် ရေဆေးချပေးရပါမယ်။ ပုံမှန်အသုံးပြုပေးပါက အမည်းစက်တွေကို သက်သာပျောက်ကင်းစေပြီး အသားအရေကို ညီညာချောမွတ်လာစေနိုင်ပါတယ်။
အသားအရောင်မညီညာမှုဟာ များသောအားဖြင့် နေလောင်ဒဏ်ကြောင့် အဖြစ်များပါတယ်။ အသားအရေသာမက မှဲ့တွေပါ အရောင်ပြောင်းလာမယ်၊ ကြီးလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြသရမှာဖြစ်ပါတယ်။