Vitamin C ဆိုတာဟာ ကိုယ်ခံအားကောင်းမွန်စေတဲ့ ဗီတာမင်တစ်မျိုးဆိုပြီး လူအများကသိထားကြပါတယ်။ ဒါကြောင့် ကိုဗစ်ကာလမှာဆိုရင် ခုခံအားကောင်းမွန်လာဖို့ ဗီတာမင်စီကို သောက်သုံးကြလေ့ရှိပါတယ်။ တကယ်တော့ ဗီတာမင်စီ ဟာ ကိုယ်ခံအားအတွက်အရေးကြီးရုံသာမက အရေပြားကျန်းမာရေးနဲ့ အရိုးအဆစ်ကျန်းမာရေးအတွက်ပါ အရေးပါပါတယ်။ ဗီတာမင်စီကို လူ့ခန္ဓာကိုယ်မှ ကိုယ်တိုင်မထုတ်လုပ်နိုင်တဲ့အတွက် ဗီတာမင်စီပြည့်ဝအောင် ပြင်ပအစားအစာတွေကနေ များများစားသုံးရင်းရယူရမှာဖြစ်ပါတယ်။
လူတစ်ယောက်ဟာ တစ်နေ့တာအတွက် ဗီတာမင်စီ ၇၅ မီလီဂရမ်ကနေ ၉၀ မီလီဂရမ်လောက်အထိ ရရှိဖို့လိုအပ်ပါတယ်။ ဗီတာမင်စီ ပါဝင်တဲ့အစားအစာတွေကတော့ မာလကာသီး၊ ကီဝီသီး၊ လိုက်ချီးသီး၊ သံပရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ သင်္ဘောသီးနဲ့ ပန်းဂေါ်ဖီစိမ်း စတာတွေပဲဖြစ်ပါတယ်။ ဗီတာမင်စီပါရှိတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်လိုက်တဲ့အခါ ဗီတာမင်စီဓာတ်တွေ ဆုံးရှုံးသွားနိုင်တဲ့အတွက် အစိမ်းစားသုံးခြင်းကအကောင်းဆုံးဖြစ်ပါတယ်။
ဗီတာမင်စီကို တစ်နေ့ ၂၀၀၀ မီလီဂရမ်အထက် စားသုံးမိနေပြီဆိုရင်တော့ ကျောက်ကပ်မှာကျောက်တည်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ပျို့အန်ခြင်း စတာတွေခံစားရနိုင်ပါတယ်။
ဗီတာမင်စီများလို့ အဆိပ်အတောက်ဖြစ်ခြင်းဟာ အတွေ့ရနည်းပေမဲ့ ဗီတာမင်စီချို့တဲ့ခြင်းကိုတော့ မကြာခဏတွေ့ရလေ့ရှိပါတယ်။ ဗီတာမင်စီချို့တဲ့လျှင် ဖြစ်လာနိုင်တာတွေကတော့ –
(၁) အသားအရေခြောက်သွေ့ပျက်စီးခြင်း
ဗီတာမင်စီဟာ ကော်လဂျင်ထုတ်လုပ်မှုကိုအားပေးပြီး အသားအရေကို နုပျိုတင်းရင်းလာစေနိုင်ပါတယ်။ ဒါ့ပြင် ဗီတာမင်စီဟာ နေလောင်ဒဏ်နဲ့ ဖုန်မှုန့်တွေကြောင့် ဖြစ်တတ်တဲ့အသားအရေပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီပြည့်ဝခြင်းဟာ အရေပြားကျန်းမာရေးအတွက် များစွာအထောက်ကူဖြစ်စေနိုင်ပါတယ်။ ဗီတာမင်စီမပြည့်ဝတဲ့အခါ အသားအရေဟာ ညစ်နွမ်းခြောက်သွေ့လာကာ အရေးအကြောင်းတွေပါ ပေါ်လာနိုင်ပါတယ်။
(၂) ညိုမည်းဆွဲတတ်ခြင်း
အရေပြားအောက်မှာရှိတဲ့ သွေးကြောလေးတွေ ပေါက်သွားတဲ့အခါ သွေးကဘေးတစ်ဝိုက်ကို ပျံ့နှံသွားတတ်တာကြောင့် အရေပြားညိုမည်းစွဲခြင်း ဖြစ်လာပါတယ်။ ညိုမည်းစွဲလွယ်ခြင်းဟာ ဗီတာမင်စီချိုတဲ့ခြင်းရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဗီတာမင်စီချို့တဲ့တဲ့အခါ ကော်လဂျင်ထုတ်လုပ်မှုနည်းသွားတာကြောင့် သွေးကြောတွေဟာ ကြံ့ခိုင်မှုအားနည်းလာပြီး အလွယ်တကူပေါက်ပြဲလွယ်လာပါတယ်။ တခါတစ်ရံ အရေပြားမှာ အညိုကွက်ကြီးတွေပေါ်လာတတ်သလို ခရမ်းရောင်အစက်အပျောက်တွေအဖြစ်လည်းထွက်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် ညိုမည်းစွဲခြင်းဟာ ဗီတာမင်စီချို့တဲ့နေခြင်းကို သိသာစေတဲ့ လက္ခဏာရပ်တစ်မျိုးဖြစ်ပါတယ်။
(၃) သွားဖုံးသွေးယိုခြင်း
သွားဖုံးတွေနီရဲရောင်ရမ်းပြီး သွေးယိုခြင်းဟာ ဗီတာမင်စီချို့တဲ့ရင် အဖြစ်များတဲ့လက္ခဏာတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်စီ ချို့တဲ့နေတဲ့အခါ သွားဖုံးတစ်ရှူးတွေအားနည်းလာကာ အလွယ်တကူရောင်ရမ်းလာပြီး သွေးကြောတွေဟာလည်း သွေးထွက်များလာနိုင်ပါတယ်။ ဗီတာမင်စီအလွန်အမင်းချို့တဲ့နေပြီဆိုရင် သွားဖုံးတွေဟာ ခရမ်းရောင်ပြောင်းတာ၊ သွားကျွတ်တာ စတာတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။
(၄) ဒဏ်ရာအကျက်နှေးခြင်း
ဒဏ်ရာတွေအမြန်ကျက်ဖို့ဆိုရင် ကော်လာဂျင်ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ ဗီတာမင်စီချို့တဲ့တဲ့အခါ ကော်လဂျင်ထုတ်လုပ်မှုလည်းနည်းနေတာကြောင့် တစ်ရှူးတည်ဆောက်မှုတွေနှေးကွေးပြီး ဒဏ်ရာတွေဟာ လွယ်လွယ်နဲ့မကျက်နိုင်တော့ဘဲ အချိန်ကြာမြင့်နေတတ်ပါတယ်။
(၅) အဆစ်များရောင်ရမ်းနာကျင်ခြင်း
အဆစ်တွေဟာလည်း ကော်လဂျင်တွေနဲ့ဖွဲ့စည်းထားတဲ့အတွက် ဗီတာမင်စီချိုတဲ့ရင် ရောင်ရမ်းနာကျင်တတ်ပါတယ်။ ဒါ့ပြင် ဗီတာမင်စီချို့တဲ့ရင် အဆစ်တွေကြား သွေးထွက်များစေနိုင်တဲ့အတွက် ရောင်ရမ်းနာကျင်ခြင်းကို ပိုမိုဆိုးရွားစေပါတယ်။
(၆) ဆံပင်ကျွတ်ခြင်း
ဗီတာမင်စီချို့တဲ့ရင် ဆံသားပရိုတင်းတွေ ပျက်စီးကုန်တာကြောင့် ဆံပင်တွေကျိုးပြီး ကျွတ်ဆတ်တာ၊ နှစ်ခွဖြစ်တာ၊ ဆံပင်တွေအများကြီးကျွတ်တာ စတာတွေလည်း ခံစားရလာနိုင်ပါတယ်။
(၇) အရိုးအားနည်းခြင်း
ဗီတာမင်စီချို့တဲ့တဲ့အခါ အရိုးကျန်းမာရေးကိုလည်း ထိခိုက်လာစေနိုင်ပါတယ်။ ဗီတာမင်စီ မလုံလောက်တဲ့အခါ အရိုးပွခြင်းနဲ့ အရိုးကျိုးခြင်းတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ကလေးတွေမှာ ဗီတာမင်စီချို့တဲ့နေမယ်ဆိုရင် အားနည်းကြွပ်ဆတ်တဲ့အရိုးတွေ ဖွဲ့စည်းဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
(၈) ခုခံအားနည်းခြင်း
ဗီတာမင်စီဟာ ခုခံအားဆဲလ်တွေ ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့အတွက် ကူညီပေးပါတယ်။ ဗီတာမင်စီချို့တဲ့တဲ့အခါ ခုခံအားနည်းလာပြီး ရောဂါပိုးမွှားတွေအလွယ်တကူဝင်ရောက်လာကာ မကြာခဏနေမကောင်းခြင်းကို ခံစားလာရနိုင်ပါတယ်။ ဗီတာမင်စီအလွန်အမင်းချို့တဲ့နေပြီဆိုရင် ခုခံအားမရှိတော့တာကြောင့် ပိုးဝင်သေဆုံးတာတွေဖြစ်လာနိုင်ပါတယ်။
(၉) သံဓာတ်ချို့တဲ့ခြင်း
ဗီတာမင်စီဟာ အစားအစာတွေကနေ သံဓာတ်စုပ်ယူနိုင်ဖို့ အထောက်အကူပြုပါတယ်။ ဒါကြောင့် ဗီတာမင်စီချို့တဲ့တဲ့အခါ သံဓာတ်ကို ကောင်းမွန်စွာမစုပ်ယူနိုင်တော့ဘဲ သံဓာတ်ချို့တဲ့ပြီးသွေးအားနည်းခြင်းကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။
ဗီတာမင်စီဟာ ခန္ဓာကိုယ်အတွက်ကောင်းကျိုးများစွာ ဖြစ်စေနိုင်ပြီး ဆိုးကျိုးမရှိသလောက်ရှားပါတယ်။ ဒါပေမဲ့ အရာရာတိုင်းမှာတော့ တန်ဆေးလွန်ဘေးရှိတတ်ပါတယ်။ ဗီတာမင်စီချိုတဲ့တဲ့ လက္ခဏာရပ်တွေ ခံစားနေရပြီလို့ သံသယရှိနေရင်တော့ ဗီတာမင်အားဆေးတွေ ပြန်လည်သောက်သုံးပေးခြင်းဖြင့် ဖြစ်ပေါ်နေတဲ့ ရောဂါလက္ခဏာတွေ သက်သာလာစေနိုင်မှာဖြစ်ပါတယ်။
Author: Dr. Aye Myat