နွေနေပူပူရဲ့ ပြင်းထန်တဲ့ နေရောင်ခြည်ဟာ အရေပြားအတွက် အလှအပဖျက်ရုံမကပဲ အသက်အန္တရာယ် ရှိနိုင်သည်အထိ ဆိုးကျိုးများ ရှိပါတယ်။ ပြင်းထန်တဲ့ နေရောင်ခြည်နှင့် ထိတွေ့မှုကြောင့် အသားအရောင် မညီမညာဖြစ်ခြင်းနှင့် နေလောင်ခြင်း sunburn ကို ဖြစ်စေနိုင်ပါသည်။ နေရောင်ခြည်တွင် ပါဝင်သော UVA သည်အရေပြားအတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်နိုင်ရှိပြီး အရေပြားဆဲလ်များ၏ မျိုးရိုးဗီဇ ပျက်စီးမှု DNA damage ဖြစ်စေသည်။ DNA damage ကြောင့် ခန္ဓာကိုယ်မှ proinflammatary ယောင်ရမ်းမှု ဒြပ်ပေါင်းမော်လီကျူး ပရိုစတာဂလန်ဒင် prostaglandin ကို ထွက်စေပါသည်။ ထို့ကြောင့်နေလောင်ဒါဏ် ခံရလျှင် အသားအရေ ပျက်စီးပြီး ယောင်ရမ်းနာကျင်မှုများ ခံစားရလေ့ရှိသည်။
နေလောင်ခြင်းကြောင့် အရေပြားအပေါ်ယံအလွှာ ပျက်စီးကာ အပေါ်ယံအပူလောင်ဒါဏ်ရာ First-degree or superficial burn ကို ဖြစ်စေနိုင်ပြီး နီရဲခြင်း၊ ခြောက်သွေ့ ယောင်ရမ်းခြင်း၊ နာကျင်ခြင်းတို့ ခံစားရနိုင်ပါသည်။ နေလောင်ဒါဏ် ပြင်းထန်လျှင် Second-degree burn အရေပြားအပြင်နှင့် အတွင်းအလွှာထိ epidermis and dermis ပျက်စီးပြီး အပေါ်ယံအရေပြား ပြောင်တင်းခြင်း၊ အရေပြားတွင် အဖြူရောင်အကွက်ဖြစ်ခြင်း၊ အရေကြည်ဖုဖြစ်ခြင်းတို့ထိ ဖြစ်နိုင်ပါသည်။
နေရောင်ခြည်ကြောင့် အရေပြားအစိုဓါတ်နှင့် အဆီဓါတ်များ ဆုံးရှုံးပြီး အသားအရေ ခြောက်သွေ့အက်ကွဲ ပျက်စီးခြင်း၊ အရေပြား ကျုံ့ဆန့်နိုင်စွမ်း ထိခိုက်ကာ တင်းရင်းမှုမရှိပဲ လျော့ရဲလာခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း photoaging၊ အရေးအကြောင်းများပေါ် ခြင်း၊ အရေပြားချွေးပေါက်များတွင် အဆီနှင့်ချွေးများ၊ ဘက်တီးရီးယားပိုးများ ပိတ်ဆို့ပြီး ဝက်ခြံထွက်ခြင်း၊ မွှေးညှင်းပေါက်များတွင် ချွေးနှင့်အညစ်အကြေးများ ပိတ်ဆို့ပြီး ပိုးဝင်ယောင်ရမ်းခြင်း folliculitis တို့ ဖြစ်နိုင်ပါသည်။
နေရောင်ခြည်ဒါဏ်သည် အရေပြားအတွင်းရှိ ရောင်ခြယ်ထုတ်ပေးသည့်ဆဲလ် melanocytes ကိုလှုံ့ဆော်ပေးပြီး အသားရောင်ညိုခြင်း၊ အမည်းအစက်အပျောက်များနှင့် မှဲ့ခြောက်ထွက်ခြင်း Freckles၊ တင်းတိပ်ထွက်ခြင်း Melasma ၊ မှဲ့များ mole ထွက်လာခြင်းတို့ ဖြစ်စေနိုင်ပါသည်။ ချွေးထွက်သည့်ဂလန်းကို ပိတ်ဆို့ခြင်းကြောင့် ချွေးမိတ်ထွက်ပြီး အရေပြားနီရဲ၊ ဖောင်းကြွယားယံခြင်းတို့ ဖြစ်နိုင်သည်။ နေရောင်ခြည် ပြင်းထန်မှုကြောင့် အရေပြားပေါ် ဓါတ်မတည့်မှု လက္ခဏာများလည်း ဖြစ်ပေါ်နိုင်သည်။
ပြင်းထန်သော နေရောင်ခြည်၏ အန္တရာယ်တစ်ခုမှာ အရေပြားကင်ဆာ (melanoma, nonmelanoma skin cancer basal cell carcinoma, squamous cell carcinoma) ဖြစ်စေနိုင်သည့် ဆိုးကျိုးဖြစ်ပါသည်။ အရေပြားကင်ဆာသည် အမေရိကန်နိုင်ငံတွင် အဖြစ်များဆုံးသော ကင်ဆာအမျိုးအစားဖြစ်သည်။ အရေပြားကင်ဆာများအနက် basal cell carcinoma သည် အဖြစ်အများဆုံးဖြစ်ပြီး မှဲ့မှတဆင့်ဖြစ်သောကင်ဆာ malignant melanoma သည် အသက်အန္တရာယ်အပေးနိုင်ဆုံး အမျိုးအစားဖြစ်ပါသည်။ ပြင်းထန်သော နေရောင်ခြည်သည် နူးညံ့သည့် မျက်လုံးကို ထိခိုက်စေနိုင်ပြီး အမြင်အာရုံဆုံးရှုံးခြင်းထိ ဖြစ်နိုင်သည်။
ပြင်းထန်တဲ့ နေရောင်ခြည်ဟာ အသက်အန္တရာယ် ရှိနိုင်သည်အထိ ဆိုးကျိုးများတဲ့အတွက် နေပူထဲတွင်အချိန်ကြာမြင့်စွာ နေရသူများအနေဖြင့် အဝတ်အစား၊ ထီး၊ နေကာမျက်မှန်၊ နေရောင်ကာလိမ်းဆေး အသုံးပြုပေးခြင်း၊ အချိန်ကြာ နေပူဆာလှုံခြင်း ရှောင်ကျဉ်ခြင်း၊ မှဲ့အသစ်ထွက်ခြင်း၊ အရေပြားကင်ဆာ မျိုးရိုးရှိသူများ အနေဖြင့် အရေပြားဆရာဝန်နှင့် စစ်ဆေးဆွေးနွေး တိုင်ပင်ခြင်းတို့ ပြုလုပ်သင့်ပါသည်။
Author: Dr. Yee Mon